အဲ့ဒီညက
အမူအရာပျက်နေတဲ့
ကောင်းကင်ကြီးက
အိနြေ္ဒဆယ်တဲ့အနေနဲ့
လမင်းလေးကို အဆစ်ထည့်ပြီး
လှပနေလိုက်တာ။
အဲ့ဒီလမင်းလေးကို
ပြိုင်တူ မော့ကြည့်ကာ
လူပေါင်းက “တလံ” နဲ့
မျက်လုံးက “တံပိုး” ပေါ့။
`လှလား´တဲ့
အဖြေမလိုချင်တဲ့ မေးခွန်းပါ
ပြန်ပြောနေရင်
အရသာပျက်လွန်းလို့
မြေခံ လေခံကောင်းနေတဲ့ အချိန်လေးမှာ။
ပြောပြန်ပြီ
“ကြည့်”
“ကြည့်”
လမင်းလေးက တို့နဲ့
ပိုနီးလာပြီနော်။
ငါတို့ဟာ
တမြို့တည်းသားတွေပါ
ဒါပေမယ့်
ဝေးနေလိုက်ကြတာ
ပြန်လှည့်မကြည့်နိုင်ဘူး
သုံးနဲ့လေးလိုပဲ။
တခါတရံတော့
ခြင်းကြားတောင်းကြီးကို
အလယ်ခေါင်တည့်တည့်ချပြီး
စကားတွေပြည့်အောင်
ပြောနေချင်တာ
ပြောနေချင်သေးတာ။
ခေါင်းစဉ်တပ်မရတဲ့
အလုပ်အကိုင်တွေနဲ့
ရှုပ်ပြီးရင်း ရှုပ်။
နောက်တခါ လမင်းလေး
ငါတို့ဆီပြန်လာရင်တော့
အိပ်မက်ထဲမှာ
မက်တဲ့အိပ်မက်ကို
ထပ်မက်ချင်သား
ထပ်ပြီး မက်ချင်သားပေါ့။
ထပ်ပြီး မက်ချင်သားပေါ့။
ငယ်ငယ်က အပူအပင်ကင်းကင်းနဲ့ ဆော့ကစားခဲ့တဲ့ “တပြူး တလံ ညောင်ကန် တံပိုး အကျိုး” ဆိုတဲ့အသံ လေးတွေ ပြန်ကြားယောင်ရင်း။
2 comments:
အရေးသွက်သလောက် အပြောညက်ပါပေ့..။
ရှင်သစ္စာလိပ်စာပေးဦး..။
ကိုနောရေ ကိုသစ္စာလိပ်စာကတော့ www.shinthitsar.blogspot.com ပါ...
Post a Comment