Thursday, April 29, 2010

ရာဇဝင်ကို ပြန်ဖတ်ခြင်း



တိုက်ကွက်တွေကျင့်သားမရတာနဲ့
လူကို ပူးသတ်နေကြပေါ့
ခေတ်ရူး စနစ်ရူး
မူရူး လူရူး
အာဏာရူးမှ မဟုတ်ဘဲ
လှိုင်းမူးတာ သက်သက်နဲ့တော့
လှေလူးတာ  မခံနိုင်ဘူး။

နှစ်သက်ရာ လမ်းအတိုင်းပဲ
အဝိုင်းအဖွဲ့တွေ မပါချင်လည်းနေ 
ဝေချင်တဲ့ပန်း 
တနေ့ လန်းဆန်းရင်တော်ပြီ။

ဇာတ်ရှုပ်တွေ ခင်းနေမှတော့
ရှင်းလင်းမှု မရှိတာ
အပြစ်မဆိုသာဘူး
အရောင်ပြောင်းသွားလို့
အမြင်များ မလည်စေနဲ့
အရွယ်ဆိုတာ နားလည်မှုပဲ။

ရာဇဝင်တွေပြန်ဖတ်
မှတ်ထားတဲ့သမိုင်းတွေ စဉ်းစား
မှန်သလားလို့ မမေးနဲ့
မှားပြီးရင်း မှားမြဲ ။
ကဲ .........
လာလိမ့်အုံးမယ် 
အရှုံးဆိုတာ ဒါပဲ ။

Tuesday, April 27, 2010

အမေ့ မှာတမ်း


လူလေးရေ
ခံစားမှုကို တခုတ်တရနဲ့
ဘယ်သူမှ ပြတိုက်ထဲ ထဲ့မထားဘူး
ရင်ဘတ်တူရင်လေ
ရှေ့ဆက်လျှောက်ကြတာချည်းပဲ
ခံစားမှုနဲ့ ရေတိမ်မနစ်စေနဲ့ကွယ်။

လူလေးရေ
ကြွထားတဲ့ခြေထောက်
ရှေ့ဆက် လျှောက်ဖို့ပါပဲပေါ့
နောက်ဆုတ်ဖို့ စဉ်းစားနေရင်
ယုံကြည်ထားတဲ့ ဖြတ်သန်းမှုတွေ
အားနာသင့်ပါရဲ့ လူလေးရယ်။

လူလေးရေ
အချိန်အခါမဲ့တဲ့ အောင်မြင်မှုအတွက်
ရှေ့ဆက်ဖို့ တွေဝေနေရင်
ကောင်းကင်ကို ဆွဲမထဲ့နဲ့
ကြိုးစားမှုက အရင်းခံနော့။

တက် ဆုတ်ဆိုတဲ့ နိယာမနဲ့
အသားကျနေမင့်ကိုး
သွားရမယ့်လမ်းကတော့
ဇွဲမလျော့ပါနဲ့
မျက်နှာမူထားရာအတိုင်းပေါ့ လူလေး။

အတိုက်အခိုက်ဆိုတာ
ဘယ်နေရာသွားသွား
တိုက်ချင်သူကလည်း မိုက်ချင်မိုက်မှာပဲ
မိုက်ချင်သူက တိုက်မှာပါပဲ
အတိုက် အမိုက်တွေကြောက်နေရင်
ဆက်မလျှောက်ပါနဲ့ လူလေး
မင်းဟာ ငါ့နှလုံးသားမှ မဟုတ်တာ။

လူလေးရေ
တကယ်တော့
ဘာတွေပဲ ဘယ်လို
ဘယ်သူတွေ ဘယ်နဲ့
မဲ့ချင်လည်း မဲ့ကျ
ယုံကြည်ရာလမ်းကတော့
(ခလုတ်တိုက်လည်း)
ဆက်လျှောက်ရုံပေါ့ လူလေးရယ်။


ကဆုန်လပြည့်


လမ်းကြုံလို့ 
ဘဝကို စခဲ့တာမဟုတ်ဘူး။

ကိုယ့်အတွက်ချည်းဆို
ဖြစ်ပျက်တွေ ဒီလောက်မများဘူး။

ကောက်ကွေ့ချင်လို့
ဒီခရီးကို ပြန်ဝေ့ခဲ့တာလည်း မဟုတ်။

ဝေနေယျာ ချမ်းသာစေဖို့
 များသတ္တဝါ စီးပွားစေဖို့
သောင်းတိုက်ဝဠာ အကျိုးများဖို့
ဗုဒ္ဓဖြစ်ဖို့ ကြိုးစားခဲ့တာ။

အခွင့်ကြုံ
ဆုံလိုက်ပြီတဲ့
ပုံတော်ကျော်ပြီး
ဂုဏ်တော်ဆီသို့ ဆိုက်ပါလေ့
ဒီနေ့ .............
ဗုဒ္ဓနေ့။
  

Sunday, April 25, 2010

ငါနဲ့ငါ လွတ်လပ်ခြင်း


ငါ့ကိုယ်ငါ သံယောဇဉ်ထားဖို့ 
ခက်ခဲတဲ့သူပါ။
ပြောပြမှ သိမယ်ဆိုရင်
သံ........ယော..........ဇဉ် ဆိုတာ
ချုံ့လို့  ချဲ့လို့ ရတဲ့မိတ္တူမျိုး ဟုတ်ဘူး
တဝက်တပျက် အိပ်မက်လို
မှတ်မိအောင် နှစ်ခါ ထပ်မက်ရတာ။

ဘယ်သူက ဘယ်လို
ဥပေက္ခာတရားတွေ အလံတွေလွင့်ထားပေမယ့်
ငါ့ စွဲလမ်းမှုက 
အမှောင်ထဲလည်း ဆက်လျှောက်လို့ရဆဲ။

မင်းအပေါ်ထားတဲ့ နက်ရှိုင်းမှုအတွက်
ငါ့ဂုဏ်သိက္ခာကို ထိုးနှက်လာလဲ
ငါ့ချစ်ခြင်းက အိနြေ္ဒမပျက်ပါဘူး
ကိုယ့်အတိမ်အနက် သိပြီးသား။

ဒီသံယောဇဉ်အတွက်
ငါ ဘာပြောပြော
မင်းသဘောထားမသေးသိမ်နဲ့
အချိန်ကာလမဲ့ ငါပြောချင်တာ
မင်းနားလည်ပေါ့
စိတ်ကောက်တော့လည်း ငါမချော့တတ်ဘူး။

အရင်တခါ ဟိုတခါ 
တောင်းပန်ခြင်းတွေ မရှိဘူး
ကျေနပ်လို့ ကြည်နူးပြီးသားတွေပါ
ခွင့်လွတ်ခြင်းအတွက် တံဆိပ်လိုမလား။

အငှါးချထားတဲ့စိတ်တွေနဲ့ 
အပြစ်ပြောလို့ ပြီးစတမ်းဆိုရင်
ဘယ်သူမှ အိပ်ယာဝင်နောက်ကျမှာ ဟုတ်ဘူး
ဘာဖြစ်လဲ
ငါ စောစော အိပ်တယ်။
ဘယ်သူ မကျေနပ်ဘူးလဲ။

မင်းကို မတွေ့ရရင်
ဒီတနေ့ ငါမပျော်တတ်တာကို
(ထဲထဲဝင်ဝင်ပြောရရင်)
ရင်ဘတ်တွေက
အရင် စတွေ့ကအတိုင်း
“ဝုန်း”လား
“ဒိန်း”လား
“ဒိတ်ဒိတ်”လား မကွဲမပြား။

ငါပြောတဲ့စကား မင်းကြားရင်
ကောင်းကင်လည်း နေသာမှာပါ
ပြောင်းရင်လည်း ပြေလည်မှာပါ
နားလည်မှုမှာ ပလာစတာလိုမှ မလိုတာ
တကယ်တော့
ငါ့ သံယောဇဉ်တရားနဲ့ ငါ
အမှားလည်းခွင့်လွတ်
အမှန်လည်း ဆက်ပြော
ဘယ်သူမောမှာလည်း 
ငါ့ဘလော့ဘ်နဲ့ ငါကိုး။

လောက(၂)မျိုး

(၁)
ငွေမွေးမြူရေးလောကမှာ
ငွေရှိပြီး ဂုဏ်သိက္ခာမဲ့လေတော့
ဂုဏ်သိက္ခာရှိလာအောင် 
ငွေနဲ့လဲလှယ်ကြ။

(၂)
ဂုဏ်သိက္ခာမွေးမြူရေးလောကမှာ
ဂုဏ်သိက္ခာရှိပြီး ငွေမရှိတော့
ငွေရှိလာအောင် 
ဂုဏ်သိက္ခာနဲ့လဲလှယ်ကြ။

Saturday, April 24, 2010

မြှားတစ်စင်းရဲ့ စိတ်ဓါတ်


ပုံမှန်ပါပဲ
လိုလိုချင်ချင်ဆိုတာတွေ
အစကတည်းက  မရူးသွပ်ခဲ့တာ။

နေတတ်လွန်းလို့ ခက်ပေါ့
စိတ်နဲ့ကိုယ် တသားတည်း
အလွဲအမှားမရှိ။

ဘောင်ခတ်တယ်ဆိုတာ
အမြင်ကျဉ်းသူတွေက ခတ်တာ
စိတ်အမြင်ကျယ်သူက
လာပြီးဘောင်ခတ်ထားလည်း
ယပ်တောင်တချောင်းနဲ့
ဟူး.....ဟူး
ရာသီဥတုက ပူတယ်။

ပေးဆပ်ခဲ့ခြင်းဝိညာဉ်တွေနဲ့
တသားတည်း တသွေးတည်း
ငါ့မှာ 
ရပ်တည်နေတာကြာပေါ့။

ခုတော့
သေတော့မယ့် သက်ကြားအိုက
ကလေးစိတ်နဲ့
မုန့်ဖိုးလာတောင်းရတယ်လို့
ဟင်း ဟင်း
ပျင်းတယ်။
(ရှာရှာဖွေဖွေပေးရတာ)
ရော့ တမတ်။

ကန်းတကာ အကန်းဂိုဏ်းချုပ်


အကောင်း/အဆိုး သူမမြင်
နေထွက်/လသာ သူမမြင်
အလင်း/အမှောင် သူမမြင်
သူက အမြင်ကန်း။

ကောင်း/ဆိုးစကား သူမကြား
မှန်/မှားစကား သူမကြား
သူက အကြားကန်း။

ဟုတ်/မဟုတ် သူမသိ
ကြောင်း/ကျိုးလည်း သူမသိ
ကျိုးပြစ်လည်း သူမသိ
သူက အသိကန်း။

မေတ္တာတရားလည်း သူမသိ
သနားခြင်းလည်း သူမသိ
မုဒိတာတရားလည်း သူမသိ
သူက ဗြဟ္မစိုရ် အကန်း။

မကောင်းမှုကို လည်ပင်းဆွဲပြီး
လက်ရှိပစ္စုပ္ပန် သူမစဉ်းစား
နောင်ရေးလည်း သူမစဉ်းစား
သူ သံသရာကန်း။

Friday, April 23, 2010

ယုံကြည်ရာအိပ်မက်များ စီးဆင်းခြင်း


ထုံအ လွန်းစွာ မက်ထားတဲ့
ရှေးရိုးစွဲအိပ်မက်တွေနဲ့
ရောရောထွေးထွေးပါပဲ။

ပဲ့တင်သံမဟုတ်ပါဘဲ
ကိုယ့်အသံ ကိုယ်နားထောင်ချင်သေး
ရာသီမတည်ငြိမ်တာ ခက်တယ်။

အထုပ်အထည်နဲ့
မက်ထားတဲ့အိပ်မက်ကိုပဲ
စိတ်ဓါတ်တွေဆက်ထားတဲ့လှေနဲ့
အဆန်ခရီးတွေ ဆန်တက်
နာရီပျက်ချင်လည်းပျက်
မနက်ဖြန် နေထွက်မှာပဲ။

ဒီအတိုင်းအတာထိ
ဇွဲရှိ စွဲစိတ်နဲ့
လျှောက်ထားတဲ့ခရီး
ခြောက်တိုင်းသာ ကြောက်နေရရင်
အိပ်မက်ကို ထုတ်ပိုးမှာ မဟုတ်ဘူး
ခုတော့
အိပ်မက်က အိပ်မက်အကြောင်းမပြောသရွေ့
အိပ်မက်ဘာသာပြန် ငါမဖတ်ဘူး။

Thursday, April 22, 2010

ကောင်းကင်ထက်က ကောင်းကင်ပန်း


ကောင်းကင်ဆိုတဲ့မြစ်ကြီးရေ
အကြင်နာစကားသာ လက်ခံနော်
ထိပ်တိုက်စကားလုံးရှာမတွေ့တာနဲ့
မလွယ်ပေါက်က ဝင်လာလိမ့်မယ်
ထဲထဲဝင်ဝင်မဟုတ်တောင်
ကုလားအုတ်မိုးခိုသလိုပေါ့
မှိုင်းနဲ့ လှိုင်းခွဲခြားထားဖို့
ကြိုတင် လက်မှတ်ဖြတ်ထားနော့။

ကောင်းကင်ဆိုတဲ့မြစ်ကြီးရေ
ဝုန်း” ဆိုတိုင်းလည်း
ငုံ့မကြည့်ပါနဲ့
ဘာမဆိုင် ညာမဆိုင်
ရှုံ့ချခံနေမှာစိုးရိမ်ပေါ့
မျက်မမြင်တောင်
ဆွဲဆွဲ ထည့်နေတတ်လွန်းလို့။

ကောင်းကင်ဆိုတဲ့မြစ်ကြီးရေ
အရေးအကြောင်းဆိုရင်
ရေခန်းခြောက်နေမှာလည်း
ကံစမ်းမဲအငှါးလိုက်သလို
ဗလာတွေနဲ့ ကျေနပ်နေရတာများပေါ့။

ကောင်းကင်ဆိုတဲ့မြစ်ကြီးရေ
အချိန်တန် အရောက်လာဖို့
ဂိမှန္တလက်ဦးသက်သေ
အသင်လည်း မြင်ခဲ့ပေါ့
ခေတ်မစားတဲ့ ပြန်ဆိုတေးတွေ
အရင်းအနှီးက များပေါ့။

ကောင်းကင်ဆိုတဲ့မြစ်ကြီးရေ
နားနားနေနေ မနေနဲ့
အား ဆိုတာ အားလုံးအပြည့်
မေ့နေမှာလဲ တွေးမပူနဲ့
ဒါပါပဲလက်ဆောင်တွေ
ဒီလိုနဲ့ ဇာတ်မသိမ်းရင်
အလိုလို 
စံပါယ်တွေပွင့်စရာ မလိုဘူး။

ကောင်းကင်ဆိုတဲ့
မြစ်ကြီးရေ...........။


လာ..................နဲ့



မြတ်နိုးမှုတွေ
သိုဝှက်သိမ်းထားနေခိုက်.........
အမုန်းတွေလာမစိုက်နဲ့။

အမှန်တရားကို
ကိုးကွယ်နေခိုက်.........
မရိုးသားမှုနဲ့ လာမဖြားယောင်းနဲ့။

နားလည်မှုတွေ
တရင်းတနှီးဖြစ်နေခိုက်.........
သွေးခွဲစကားတွေ လာမပြောနဲ့။

အိမ်မက်တွေ
လှတ ပတ မက်နေခိုက်..........
မနာလိုမှုနဲ့ လာမဖျက်ဆီးနဲ့။

ငြိမ်းချမ်းမှုတွေ
နွေးနွေးထွေးထွေးဖြစ်နေခိုက်..........
သွေးထိုးစကားနဲ့ လာမတိုက်နဲ့။

ကဲ ပြောမယ်
လူမပီသရင်တော့
လာကိုမလာနဲ့
လာနဲ့
လာနဲ့
နဲ့........
နဲ့........
နဲ့..........။

ဒီလိုချည်းပဲ ဒီပုတ်ထဲက ဒီပဲ


အဆိုတော်ဆိုတာ
ပရိသတ်တောင်းဆိုရင်
ဆိုပေးရတယ် ကပေးရတယ်။
ဒါက ဒီလို။

ခုတော့ သူတို့က
တရားပြောဘုန်းကြီးပင့်
အသက်ရှည်တရားလေး
ချီးမြှင့်ပေးပါဘုရား။
(မသေသေးရင် ရှည်မှာပေါ့)
(ဘုန်းကြီးရဲ့အမှန်အကန်အတွေး)

လက်ရှိနေရာလည်း
မြဲချင်သေးလို့
ကိုယ့်အချင်းချင်းလည်း ညစ်ချင်ညစ်ရ
မြဲရာမြဲကြောင်းလေးပေါ့
ဒါလေးလည်း ပါစေချင်တယ်ဘုရား
(ခေါင်းညိတ်တတ် လက်ညှိုးကောင်းတဲ့သူ
များများရှိရင် မြဲမှာပေါ့ နေရာငတ်ရဲ့)
(ဘုန်းကြီးရဲ့အားမနာအတွေး)

ပစ္စည်းဥစ္စာတွေလည်း
ထားစရာမရှိအောင်
တရားခြင်း မတရားခြင်းနားမလည်
ရှိချင်သေးလို့
အဲ့.... အဲ့ဒါလေးလည်း
ဘယ်လိုအကျင့်(ဆိုး)တွေ
ကျင့်ရမယ်ဆိုတာ 
ထည့်ဟောပါအုံးဘုရား။
(ခရီးများများသွား
လိုချင်စကားများများပြော
အင်း.....ဆေးကို မမီဘူး)
(ဘုန်းကြီးရဲ့ ကရုဏာအတွေး)

တကယ်တော့
ဘုန်းကြီးက တွေးရုံလေးပဲ
ဘာဆိုဘာမှ မပြောလိုက်ရဘူး
အာမဘန္တေ ဆိုပြီး 
လှည့်လှည့် ပြန်ကုန်ကြတာ။

Wednesday, April 21, 2010

တွေးလက်စ နံနက်ခင်းအတွေးများ(၈)


မနေ့ည မီးက တမြန်နေ့ကလိုပဲ။ လာခဏ ပျက်ရင်အကြာကြီးနဲ့ အမှားအယွင်းများနေလိုက်တာ သန်းခေါင် ကျော်သွားရော။ Water Cooler အသုံးများလာတာ ပန်ကာအသုံးတည့်နေတဲ့ရာသီဆိုတော့ မီးကလည်း မနိုင်မနင်း လင်းပေးနေရတော့ ကြာတော့လည်း ဒဏ်မခံနိုင်လို့ ပျက်နေတာပဲနေမှာ။ အမိမြေမှာကတော့ ရေအားလျှပ်စစ်တွေများလေတော့ မီးမလာတာကလွဲလို့ မီးပျက်မယ်မထင်ဘူး။ မရှိမဖြစ်နဲ့ မရှိခဏအသုံး အနှုံးတွေနဲ့ အကျွမ်းတဝင်ဖြစ်နေတာကလည်း နေသားတကျ ဖြစ်နေပါပြီ။ ဘယ်နေရာမှာ ဘယ်လောက်ပဲ လင်းလင်း အားလုံးပြိုင်တူ မလင်းသရွေ့ကတော့ တန်းတူအခွင့်အရေးမရှိသေးတာပဲပေါ့။

ရာသီကတော့ တစ်ခုပြီး တစ်ခု ဟောင်းသွားလိုက် အသစ်လာလိုက်နဲ့ ရာသီတွေ လည်ပတ်နေဆဲ။ သစ်ပင် တို့လည်း ရွက်ဟောင်းချွေလိုက် ရွက်သစ်ဝေလိုက်နဲ့ ကာလတွေလည်း မရပ်မနားပေါ့။

ရာသီဥတုပြောင်းလာတာနဲ့အညီ နွေမှာပွင့်မည့် နွေဒဏ်ကို ရင်ဆိုင်မည့် သစ်ပင်တို့လည်း အရွက်တဖားဖား အဖူးအပွင့်တို့ အားမာန်နဲ့ အသင့်ဖြစ်နေကြပြီ။ အိမ်ရှေ့က စိန်ပန်းပင်ကြီးလည်းအပါအဝင်ပေါ့။

အရွက်သေးသေးမွှားမွှား အဖူးအပွင့်များက တချို့အာတာတာ တချို့မခို့တရို့ပွင့် တချို့ အားရှိပါးရှိပွင့်နဲ့ နွေရဲ့ဒဏ်ကို ခံစားရပေမယ့် ဆန့်ကျင်ဘက်နွေအလှဆိုတာလေးကို ဖော်ကျူးချင်လို့ထင်ပ။ လှပနေလိုက် တာ နေတတ်ရင် ကျေနပ်စရာပဲဆိုတာ ဒါမျိုးဖြစ်မည်။

အိမ်ရှေ့က စိန်ပန်းပင်က ရဲရင့်ခြင်း အနီရောင်၊ မျက်စောင်းထိုးအနေအထားမှာ စိန်ပန်းပင်နောက်တပင်က အဝါရောင်ကို အနီလေးပါးပါးရောထားပြီး ရှေ့ပြေးအနေနဲ့ ဟိုကိုင်းမှာ တချို့ပွင့် ဒီဘက်ကိုင်းမှာ တချို့ပွင်နဲ့ အရင်လကတွေ့နေကျ စိန်ပန်းပင်၂ပင်ဟာ ခုတော့ စိန်ပန်းဆိုတဲ့နာမည်ကို နှစ်သစ်ကူးအဖြစ် မြင်တွေ့ရပြီ။

မိဂဒါဝုန်ကို နယ်သတ်ထားတဲ့ အုတ်တံတိုင်း ဟိုဘက်မှာတော့ ထင်းရူးပင် ဇီးဖြုပင်ခရေပင် ဂွေးခါးပင် ညောင်ခြေထောက်ပင် အတွင်းဘက်နားတွင် ကိုင်းဖျားသာ မြင်ရတဲ့သရက်ပင်တွေဟာ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ စိမ်းလန်း ဆိုပြေလို့။ အိမ်ရှေ့တည့်တည့် လမ်းဘေးမှာ ပေါက်နေတဲ့စိန်ပန်းပင်၂ပင်ကတော့ မာန်တင်းပြီး ရပ်တည်နေပေမယ့် အနာဂတ်အတွက် မသေချာ မရေရာ။ သစ်တပင်ခုတ် ထောင်၃နှစ်ဆိုတဲ့ ဆိုင်းဘုတ် လေး မချိပ်ထားပေမယ့် ပင်ကိုယ်အသိစိတ်ဓါတ် (သို့) ဥပဒေကို လိုက်နာမှုရှိနေတာကိုက စိန်ပန်းပင်ကို အသစ်ရှည်စေတာပါ။ လူသူဝေးတဲ့သစ်ပင်ဆိုရင်တော့ လောင်စာလိုအပ်ချက်နဲ့ သစ်ခေါက်ခွါမှုဆိုတဲ့ ဥပဒေ လက်တလုံးခြားလုပ်နေတာကို တခါတရံတော့ တွေ့ရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နေရာတခုယူထားပြီဆိုရင် နယ်ပယ်ကျယ်သည်နှင့်အမျှ ကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေ တာပါ။ သင်္ခါရကို နားလည်းထားရင် နေရာထက် စေတနာက ပိုပြီးအဓိကကျပါတယ်။ နေရာယူထားရင် ဘယ်လောက်အရိပ်ပေးနိုင်သလဲဆိုတာ အပူထဲကနေ အရိပ်ခိုဖူးရင် သစ်ပင်တစ်ပင်ရဲ့ အေးမြခြင်းပေးနိုင်မှု သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကို သိနိုင်ပါတယ်။ ကျနော်တို့လည်း ဘယ်လောက် အရိပ်ပေးနိုင်ပြီလဲ။ သစ်တစ် ပင်လောက် တန်ဖိုးရှိရဲ့လားဆိုတာ..............။

Tuesday, April 20, 2010

အစိမ်းသက်သက်နဲ့ မှည့်ကြွေငယ်လေးများ


ဟိုတုန်းကတော့
သူငယ်ချင်းတွေပါပဲတဲ့
လူငယ်တစ်ယောက်က ပြောဖူးတယ်။
ခုတော့
သတ်ကွင်းရွေးခွင့်မရှိ
ရန်သူစစ်စစ်တွေတဲ့။

ဘယ်လိုဖြစ်ကုန်တာလဲ?
သတ်ပုံမှားသင်ရိုးတွေ
စီ၉၀ အာဃာတစကားပြောပါးစပ်တွေ
အပြိုင်အဆိုင်အစွယ်ထုတ်ပွဲတွေနဲ့
ပုံသွင်းထုဆစ်ခံခဲ့ရ။

ဒီလိုနဲ့ ကြာတော့
ပြည့်နေတဲ့ဦးနှောက်လည်း
တခြမ်းပဲ့ ဖြစ်လိုဖြစ်
လှနေတဲ့နှလုံးသားလည်း
အကျည်းတန် ဖြစ်လိုဖြစ်နဲ့
ဒုတိယသက်ရှိလောကထဲ
အစွယ်တကားကားနဲ့
လူလို့ ပြောရုံလေးသက်သက်ပါပဲ။

သူငယ်ချင်းဆိုတာမရှိ
အားလုံးမရှိ
မရှိဆို ဘာမှမရှိတော့။
တခြမ်းပဲ့ ဦးနှောက်လေးရယ်
အကျည်းတန်နှလုံးသားလေးရယ်
ဒါပဲ ........
ဒါလေးပဲရှိတော့တာ။

တခါက
သူငယ်ချင်းတွေပါပဲတဲ့။
တခါက
လူငယ်တစ်ယောက်က ပြောဖူးတယ်။

Monday, April 19, 2010

အမှန်တရားကို ချစ်တဲ့သူများ


အယူအဆတွေ
မလိမ်မိုးမလိမ္မာစိတ်နဲ့
ဖျက်လိုက် ပြင်လိုက်
မှားလိုက် မှန်လိုက်
ကောင်းလိုက် ဆိုးလိုက်
အရောရော အထွေးထွေး
ဘယ်တော့မှ အယူအဆများ
အကောင်းဆုံးဖြစ်မယ်ဆိုတာ
နာရီတွေ အများကြီးပေးထားရပြီ။

အမှားကို ဝန်မခံရဲတာနဲ့
ဆုံးရုံးမှုတွေ အတုန်းအရုံး
ပေးဆပ်မှုတွေ ကိန်းဂဏန်းမဲ့
အလှအပတွေ ပန်ဆင်ဖို့
အချိန်မီအုံးပါ့မလား။

အမှန်ကို လက်ခံဖို့
နှောင့်နှေးလွန်းတာက
ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့
ဘာများထူးသေးလို့လဲ။

ဖြစ်သင့်တာက
သေတွင်းတူးပေးမယ့်သူတွေ
တန်းစီးပြီးစောင့်လို့
ဂုဏ်ပြုနေချင်ကြတာ
အမှန်တရားဆိုတဲ့ အယူအဆ
စွဲစွဲမြဲမြဲ ဆွဲကိုင်ထားရင်
မနက်ဖြန်ထိအောင် လှတယ်။


Sunday, April 18, 2010

အားသစ်ပေး ကောင်းကင်



ဘာဖြစ်လို့ ခဏခဏပဲ
ကောင်းကင်ကြီးကို 
မော့ကြည့်နေတာလဲ တဲ့။

စိတ်အားငယ်တဲ့အချိန်
(သို့မဟုတ်)
စိတ်မကောင်းစရာတွေ 
ကြုံတွေ့နေရခဏ
ဖြစ်ချိန်တန်လို့ မဖြစ်တဲ့အခိုက်အတန့်
ကောင်းကင်ကြီးကို ကြည့်လိုက်ရင်
အားလုံး ဟာလာဟင်းလင်းနဲ့
ခံစားမှုတွေ မရှိတော့
အားသစ်အင်သစ်တွေနဲ့
နောက်တကြိမ် ကြိုးစားဖို့
အားတက်ရခဲ့ပေါ့။

လူ့ဘဝဆိုတာ 
တစ်ဦးနဲ့တစ်ဦး, တစ်ယောက်နဲ့တစ်ယောက်
လာရာလမ်းကြောင်း 
လားရာလမ်းဆုံး မတူကြဘူးလေ။ 
တဦးအတွက် မခက်ခဲပေမယ့်
တခြားလူအတွက် အင်တိုက်အားတိုက်
ကြိုးစားလိုက်ရတာ
ဒါပေမယ့် မအောင်မြင်ပြန်ဘူး။

အနားမှာ အားပေးမယ့်မိတ်ဆွေ
အပေါင်းအသင်း, သူငယ်ချင်းတွေ
စိတ်ကျနာတွေ နားထောင်ပေးဖို့
ဝေးကွာနေရင် အဖော်ဆိုတာ
ကောင်းကင်ကြီးပဲ ရှိတာ။ 
ကိုယ်ပြောတာကို မညည်းမညူ
နားထောင်ပေးတယ်။

ကဲ မိတ်ဆွေ
လုပ်သမျှမအောင်မြင်ဘူးဆိုရင်
နောက်တကြိမ်ဆိုတဲ့ အားမာန်မွေးရင်း
ကျနော် ကောင်းကင်ကြီးကို
ကြည့်နေအုံးမှာ။

 

(ဘလော့ဘ်ဂါ ကိုနောသို့ အမှတ်တရ)

လူနှစ်မျိုး


လူ(၁)
ပထမအရွယ် ငွေရှာ
ဒုတိယအရွယ် အာဏာရှာ
တတိယအရွယ် အသက်ရှည်ဆေးရှာ
ပညာအသိ နတ္ထိ
ဖြစ်ဘိဆင်းရဲရာ အများသူငါ။

လူ(၂)
ပထမအရွယ် အာဏာရှာ
ဒုတိယအရွယ် ငွေကြေးရှာ
တတိယအရွယ် မသေဆေးရှာ
ပညာသိတရား မရှိငြား
အများသူငါ ဆင်းရဲရာ။

Saturday, April 17, 2010

နှစ်သစ်သို့ စလှမ်းလျှောက်ခြင်း



အထိတ်အလန့်ကျိန်စာတွေ 
ကမ္ဘာမကျေ တေးသားနဲ့အတူ
ရှေ့ဆက် မစားသုံးပါရစေနဲ့
ဆက်လျှောက်လှမ်းစို့
ချစ်ခြင်းနဲ့ မေတ္တာနှစ်သစ်သို့။

မနာလိုအမုန်းတရားတွေ
အလွယ်တကူမွေးမြူထားမှတော့
ဒီမြေဟာ ငါတို့မြေတေးသွားများ
နောက်ထပ် မသီဆိုချင်တော့ဘူး
လာ သွားစို့
ကိုယ်ချင်းစာတရားနဲ့ 
ကရုဏာနှစ်သစ်သို့။
 ဝမ်းမြောက်ခြင်းတရားနဲ့ 
မုဒိတာနှစ်သစ်သို့။


Friday, April 16, 2010

ဝမ်းနည်းမှုများနဲ့သင်္ကြန် 2010


အနေအထားတွေ
အသိမ်းအဆည်းမှားယွင်းလို့
ပျော်ရွှင်စွာနေတတ်လွန်းတဲ့ ငါတို့
တဖြည်းဖြည်းနဲ့
ပျော်ရွှင်တွေဟာ
နည်းခဲ့ ရှားပါခဲ့ပေါ့။ 

တောရော မြို့ပါမကျန်
အများနဲ့ပျော်ရွှင်ရမယ့်
သင်္ကြန်ပွဲ အားခဲထားတာ
တနှစ်လုံးနီးနီးပေါ့။

ခုတော့
ရေအစား သွေးစွန်းခဲ့ရပြီ
ပျော်ရွှင်ရမယ့်အစား ဝမ်းနည်းခဲ့ရပြီ
အသိတရားခေါင်းပါးလာတာကို
စိတ်မကောင်းဖြစ်ပေါ့။

ငါဆုတောင်းထားတဲ့အတိုင်း
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ မြန်မာမြေ ငြိမ်းချမ်းပါစေ။



Thursday, April 15, 2010

ဒါပါပဲဆိုပြီး နှုတ်ဆက်ထွက်ခွါကြသူများ



ဘယ်အရပ် ဘယ်ဒေသက
စပြောတယ်မသိ
အဝီစိတွင်းတဲ့။

ဘယ်က ဘယ်လို
ဘယ်သူက ပြောပြော
ရောရောနှောနှောလည်းမရှိ
အဝီစိတဲ့။

ဇာတ်လမ်းဇာတ်ကွက်မရှိ
အဝီစိတွင်းရေ ချိုးပြီးတာနဲ့
ရေက အေးတော့
အဝီစိမှာလည်း အေးတယ်လို့
ထင်ထားတဲ့သူ။

ဥပဒေအထက်ကို
ကျောမဲကြီးကာထားပြီး
အများအတွက်လို့
ခေါင်းစဉ်တပ်ထားပေမယ့်
ငါ့အတွက် ငါ့အတွက်နဲ့
မှားချင်တိုင်း မှားနေသူ။

ဘာပဲဖြစ်ဖြစ်
အရာရာဟာ
ကွာဟမှုကို သိမထားရင်
ဒဏ်ရာဒဏ်ချက်တွေက
ကိုယ့်ရင်ခုန်သံကို 
အနှေးအမြန်လည်းနားမလည်
တုန်ခါမှုကို အထိတ်တလန့်ဖြစ်
သူ့ကိုယ်သူ မယုံကြည်
စုံကန်းဆိုတာ ဒါမျိုးပေါ့။

အသိတရားအတွက် စဉ်းစား
ရှားရှားပါးပါးလေး တွေ့နေသေးရင်တောင်
ဟင်း ..........
လှတော့ မလှဘူး
ရုံးချင်သေးရင် ဆက်ရုံးပေါ့
နွားပဲဖြစ်နေမှ။


Wednesday, April 14, 2010

အဖြူရောင်သက်သက်နဲ့ရင်ဘတ်



အဖြူရောင်သက်သက်နဲ့
လူပီသချင်လွန်းသူပါ။

မွေးလာကတည်းက
ရင်ဘတ် အဖြူထည်ပါ။
အပေါ်ယံအမြင်ကတော့
ဖုန်တက်ချင်လည်း တက်နေမှာ
အရေးကြီးတာ မဟုတ်
မြောင်းပုပ်ထဲ မရောက်ဖို့
ခေါင်းကို ခဏခဏ
ငြင်းဆန်ခိုင်းအုံးမှာ။

ဘာလိုအပ်သေးလဲ
ရိုးသားမှုနဲ့ ပေကျံနေတဲ့ ဘဝရယ်၊
အဖြူရောင်ရင်ဘတ်တစ်ခုရယ်၊
အမှားအယွင်းမခံတဲ့ 
စောင့်စည်းမှုတစ်စုံရယ်၊
ပြီးပြီပေါ့
ငါထင်တယ်
ငါ့အတွက်
ငါအလည်လာကျိုး နပ်တယ်။

လောကကြီးရေ
အမှားကြက်ခြေတွေ
ခတ်ထားခဲ့ပြီး
မဲ့တဲ့တဲ့ မျက်နှာနဲ့တော့
ငါ့ကိုယ်ကိုငါ ပြန်မဖတ်ချင်ဘူး။

တောင်းဆုချွေ နှစ်သစ်ကူး



သင်္ကြန်အကျနေ့မှာ
ကြွလာသမျှ မိတ်သဟာ
ချမ်းသာစေ ကိုယ်စိတ်
နားခိုရိပ်များ အေးမြစေ။

ဘေးဘယာဆိုတာ
အတွေးထဲမှာကို ရှိစေနဲ့။

လုပ်သမျှ ကိုင်သမျှ
ခိုင်မြဲမှုနဲ့  ပြီးမြောက်စေ။

အလှူအတန်းလည်း
စိတ်မှန်းသလောက် ပြုနိုင်စေ။

အများအကျိုးအတွက်
အားကိုးသူကြီးလည်း ဖြစ်ပါစေ။

နှစ်စဉ်တိုင်းမှာ
သာယာချမ်းမြေ့ ရှိပါစေ။


Tuesday, April 13, 2010

နှစ်သစ်ကူး လက်ဆောင်မွန်


စိတ်ဆိုတာ
ဒီနားမှာ နေနော့
ချော့မော့ပြောလည်း မရ။

ဟိုနားမှာ နေပါလား
သွားပြန်ရော တနေရာ။

အိမ်တွင်းမှာနေဆိုတော့
အပြင်ထွက်လာပေါ့။

ဒါဆိုလည်း အိမ်ရှေ့မှာထိုင်
အေးပြီပေါ့ မှတ်တာ 
မကြာပါ လမ်းဘေးမှာ
ငေးတေးတေးနဲ့ ရပ်လို့။

ဒါလည်း ဘာကြာလို့
လျှောက်ဖို့ ခြေလှမ်းက စ။

လူ့စိတ်ဆိုတာ
အဲ့လိုပါ ။

အငြိမ်မနေတတ်တာတွေနဲ့
အရည်မဲ့ အဖတ်မကျန်
လမ်းမှန်ရင်တော့ တော်သား
လမ်းမှားရင်လား
သွားရမှာ သေချာပြီ
အပါယ်ရွာ တံခါးမရှိ။
စွဲသတိ အမြဲရှိ
အော် .........
သတိ သတိ။


Monday, April 12, 2010

နေရစ်တော့ တန်ခူးရေ


 တန်ခူးရေ ........
နေရစ်ခဲ့တော့
နှုတ်ဆက်ခဲ့တယ်
တွယ်တာလွန်းတာ သိလျက်နဲ့
လမ်းခွဲစကား ပြောရတာ
ရင်နာမိပေါ့
နောက်နှစ်တော့ ဆုံနိုင်ကောင်းရဲ့
ဆုံကြစို့။

သင်္ကြန်ရေ ...........
တကယ်က
ငါရယ် ပိတောက်ရယ် သင်္ကြန်ရယ်ဆိုတာ
ဆုံနေကြ ချစ်ခြင်းတွေပါ
ကျန်ခဲ့သူ ငါက
တနှစ်လုံးလုံး ပြန်စောင့်ပေါ့။
ပိတောက်ကိုလည်း
ပြောလိုက်ပါ 
ငါမလိုက်နိုင်ခဲ့တာကို။
ငါ့လို သင်္ကြန်နဲ့ဝေး
ပိတောက်မရှိဒေသ
ရောက်နေရ သူကို
ကိုယ်ချင်းစာမိ။
လွမ်းခြင်းနဲ့သာ 
တဖွဲ့တနွဲ့ ချွေးသိပ်တော့။

ပိတောက်ရေ ........
ရင်ခွင်ပျောက်ခဲ့တဲ့ ငါတို့
မင်းကလည်း ဝေဝေဆာဆာ
ငါကလည်း စည်စည်ကားကား
တန်ခူးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့
ခုတော့
စိတ်ကူးနဲ့ ကခုန် မြူးကြစို့။

၁၂၊ ၀၄၊ ၂၀၁၀ တနင်္လာနေ့
တန်ခူးလကွယ်။


Sunday, April 11, 2010

ပြောရင် ယုံမှာလဲ မဟုတ်ဘူး


ငါ့ကိုယ် ငါပဲ
ငါနဲ့ အဆင်မပြေတာကို
ဘေးနားက တဂျီဂျီနဲ့
အမြင်အကြား အလှမ်းကွာတာ
တူးတူးခါးခါး ခက်တယ်။

ငါတို့ဆိုရင်
နီနေတဲ့ မီးပွိုင့်
အနီအတိုင်းပဲ
ဘာထူးခြားလို့လဲ
ဘာက ဘယ်လိုဆိုတာ
မော်တော်ပီကယ်သိတယ်။
စည်းကမ်းဆိုတာ အဲ့လို။

ဓါတ်တိုင်တွေ မီးမလင်းတာ
ဓါတ်တိုင်ကပဲ သိမှာပေါ့
ငါတို့က ဘာသိမှာလဲ
အလှည့်ကျ မီးစောင့်နေရတာ
ရေအားလျှပ်စစ် ဆည်တွေပဲ သိမယ်။

သတင်းဆိုတာ 
အကောင်းချည်းပဲလား?
ဒါဆို မြန်မာ့အလင်း ကြေးမုံသတင်းစာ
မြ၀တီ MRTV3, 4 စသည်
မြန်မာ့အသံ မှန်မှန်လာတဲ့အတိုင်း
ပြောပုံက အနိဋ္ဌာရုံကို
ပြည်သူတွေ စိတ်မညစ်စေချင်ဘူး။ 
ကောင်းပါတယ်ဆို ကောင်းတာချည်းပေါ့။

အမှန်ပြောကြည့်မယ်
သိနေထားပြီးကိုး
မနက်ဖြန်လည်း
သတင်းက အကောင်းပဲ 
လာမှာသေချာတယ်။
တကယ်ပြောတာ
မယုံတာကိုက ယုံကြည်နေတာ။

ဘာမှန်းလည်း သိဘူး
လူသာ ခဏ ခဏပြောင်းတာ
မူ အကျင့်ကတော့
အရင်အတိုင်းပဲ
ကောင်းကို မကောင်းဘူး။ 
အဲ တမျိုးပြောကြည့်မယ်
ပြောင်းကို မပြောင်းလဲဘူး။

ပြုံးမနေနဲ့ဆို
အနေရ ခက်တယ်။
ကြည့် .........
ပြုံးနေတာကိုက။


စိတ်မဲ့ ဖောက်ပြန်မှုများ


ကျေးဇူးပြုပြီး
ငါ့နားနှစ်ဘက်
ခဏ နားပါရစေ။

`တောက်´
တောက်ခေါက်တာပဲ
ဝေးဝေးမှာ ခေါက်လည်းရပါ့။
ငါ့နားကိုက ပါးလွန်းတာပါ။
(ပါးစပ်ပါပြီး နားမပါသူတွေက
တောက်ခေါက်လွန်းတာ
ဖောက်ပြန်မှုပေါ့)

လွတ်ခက်တယ်
အများစုက နားပါပြီး
ပါးစပ်မပါကြပြန်ဘူး။
(ခေါင်းလေးတော့ ခဏ ခဏ
ညိတ်တတ်သား
စိတ်မဲ့လူသား။)

ပြီးတော့မှ
`တောက်´ ခေါက်ခြင်းတွေနဲ့
မျိုသိမ့်နေကြတဲ့ဘဝ
သနားလွန်းလှတယ်။

`တောက်´ 
´ကွာ´ ကြားရပြန်ပြီ။
ငါ့နားကိုက  ပါးလွန်းတယ်။


Saturday, April 10, 2010

တွေးလက်စ နံနက်ခင်းအတွေးများ(၇)



ဘ၀တစ်ခုကို အသက်ရှုခြင်းနဲ့ စတင်လိုက်ပြီ။ လောကဓံကို နားမလည်တတ်သေးတဲ့ဘ၀ကို မသိတသိနဲ့ ဖြတ်သန်းခဲ့ဘူးပြီ။ ကျောင်းနေတဲ့ဘ၀ စတင်မိလိုက်တဲ့အချိန်မှာ ရှိခြင်း မရှိခြင်း နားလည်ခြင်း နားမလည်ခြင်း စသည် စသည်များလည်း သင်ရိုးတခြား ဖြစ်စဉ်တခြားနဲ့ စာမျက်နှာတွေ ကျော်ဖတ်ခဲ့ဘူးပြီ။

တကယ်တော့ ကိုယ့်ဘ၀ကို အသာဘက်က ဖော့ဖော့တွေးတတ်နေပြီ။ အကောင်းအမြင်နဲ့လည်း ဘ၀ကို ချော့သိပ်ထားတတ်ပြီ။ သမာသမတ်ကျခြင်း စိတ်ဓါတ်ကို အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်နာနေရပြီ။ တရား ခြင်း မတရား ခြင်းကို ခွဲခွဲခြမ်းခြမ်း သိတတ်နေပြီ။ အမှန်တရားကိုလည်း တလေးတစား ၀တ်ဆင်နေ တတ်ပြီ။ 

တခါတရံ ကိုယ့်ဘ၀ကို အမှားများလည်း အမည်းရိပ်ထင်စေဘူးခဲ့ပြီ။ အမှားကို အမှားလို့ မြင်တတ် လာအောင် သူငယ်ချင်းကောင်း ပတ်ဝန်းကျင်ကောင်းနဲ့ အသားတကျ နေတတ်နေပြီ။ အမှားကို အမှန်ပြင်ပြီး အမှန်တရား ကို ကိုးကွယ်နေရပြီ။

ကိုယ့်ကိုယ်ကို အကောင်းမြင်နေတတ်တဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းကိုလည်း ဝေးဝေးက ရှောင်ကြဉ် ခြင်း၊ ကိုယ်ပေါင်းစိတ်ခွါနေနည်းနဲ့လည်း ကျင့်သားရနေပြီ။

ယုံကြည်မှုအတွက် သိက္ခာတရားကို နိမ့်ကျမသွားအောင် အမြင့်မှာပဲ သိမ်းထားတတ်ပြီ။  ဘ၀ကို ကျေနပ်ခြင်း ရောင့်ရဲခြင်း ဖြေသိမ့်ခြင်းတွေနဲ့ပဲ လောကဓံကို ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဆက်ဆံတတ်ခဲ့ပြီ။ 

အများအကျိုးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်က စကားဖြင့်ဖေးမခြင်း၊ အလုပ်နဲ့ ဖေးမခြင်းကိုလည်း တတ် နိုင်သလောက် ကျင့်သုံးနေဆဲ။ 

ဒီလိုဆို ငါရထားတဲ့ ဘ၀ ကျေနပ်ခြင်းနဲ့ လွတ်လပ်ခြင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ကျန်နေသေးတဲ့ သက်တမ်းကို လေးလေးပင်ပင်မဟုတ်ဘဲ သက်သက်သာသာလေးနဲ့ ဖြတ်သန်းရပေအုံးမယ်။


Friday, April 9, 2010

အလကား နိဗ္ဗာန်လား?


သူသူကိုယ်ကို
နားလည်မှုအတွက်
လမ်းဖွင့်ထားတာ မဟုတ်ဘူး။
လမ်းဖွင့်ထားခြင်းအတွက်
နားလည်မှုပေးဖို့။

အလှည့်ဆိုတာ လွမ်းနေသေးရင်
ရယူခြင်းကို နွယ်နေပေါ့။

ခက်တော့ခက်ပြီ
ငြိမ်းအေးခြင်း နိဗ္ဗာန်
အလိုလို တံခါးဖွင့်မထားဘူး။


အကြည့်


တိုင်တည်ပါ့ရစေ
အရင်းနှီးဆုံးတွေ ဖြစ်နေလို့ပါ
ဖြစ်တည်မှုလမ်းစဉ်အတိုင်းလား
ဒီလိုဆို
သွေဖယ်နေမလား မသိ။

အခိုက်အတန့်အားဖြင့်
စိတ်တွေကို ကောင်းကင်ထဲသို့
လွင့်ပစ်ထားတဲ့အချိန်မှာ
တိမ်တွေကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ 

ငါ့စိတ်တွေ ငါ့ဆီ ပြန်ရောက်ချိန်
မင်းတွေးတာတွေ မှားတယ်လို့
အရင်းခံအတိုင်း ပြောရရင်
မမှားစေချင်ဘူး။
ငါ့စိတ်က တိမ်တွေလိုပဲ
အရောင်မပြောင်းဘူးဆိုတာ
သိစိတ်ထက်
မသိစိတ်ကပဲ နားလည်ပေးပါ။

ဘ၀ဟာ ဒီလိုပဲဆိုတာ
တစိမ့်စိမ့် တွေးခြင်းနဲ့
နားလည်စိတ် ထားရင်
ဖြူစင်ခြင်းဟာ
မင်းထင်ထားသလို
အဖြူအတိုင်းပဲ ဖြစ်နေမှာပါ။

တိမ်တွေမကြည့်ဘဲ
ကောင်းကင်ကို ကောင်းကင်အတိုင်း
ကြည့်နေတတ်ခဲ့ရင်
ကောင်းကင်ကြီးက မင်းအတွက်
ဟင်းလင်းပေါ့ကွာ
ဟင်းလင်းပေါ့။


အမှန်တရားအတွက်ရှင်သန်ခြင်း


အမေ .........
လမ်းဘေးရောက်နေတာထက်
လမ်းပေါ်ကလူ ဖြစ်နေတာပဲ
ဖြေသိမ့်ကြည်နူးစရာပါ။

အမေ ...........
အလွဲဆိုတာက
လွဲနေသမျှတော့
လွဲကောင်းကောင်းနဲ့ လွဲနေအုံးပေါ့
ရှင်သန်ခြင်းတွေ စိုက်ပျိုးထားဆဲမှာ
နှလုံးသားက နီမြန်းနေမြဲ။
  
အမေ ..........
အမှန်တရားကို
ချစ်စရာကောင်းနေတာက
ဘက်မလိုက်တတ်တာကိုပဲ
အမှန်တရားတွေ
မြတ်နိုးထားတဲ့အတိုင်း
နောက်ကို ဆုတ်ဖို့ထက် 
ရှေ့တလှမ်း ပိုတိုးမိပေါ့။

ရှေ့တိုးမိတဲ့ ခြေထောက်
အပြစ်မဆိုသာဘူး အမေ။
ဘယ်ဘက်က ကြည့်ကြည့်
လှနေမင့်ကိုး။

Thursday, April 8, 2010

နှစ်ဆယ် တစ်ဆယ်ခရီး


ဒီအတိုင်းပဲလားဆိုတော့
အရင်အတိုင်းပါပဲတဲ့။
မနက်ဖြန်ကောင်းစားဖို့
များများကောက်ကျစ်ရအုံးတဲ့။

ထိုက်ထိုက်တန်တန်
အပြုံးပန်းအတွက်မရေရာ
အရှုံးနွမ်းအတွက်ကိုတော့
ခံယူနိုင်မလားဆိုတာ
မပြင်ဆင်ရသေးဘူးတဲ့။

လှအောင် ပအောင်တော့
ကြည့်တတ်နေတာမဟုတ်ဘူး
ဒီအတိုင်းပဲ 
မျှော်လင့်ထားခဲ့တာ
အရင်အတိုင်းပဲ။

အမှန်တရားအတွက်
ဆက်ရမည့် လမ်းကို
လန်းလန်းဆန်းဆန်းနဲ့
ဆက်လှမ်း ဆက်လျှောက်။

တေးဖွဲ့ခြင်း


အဝေးက ငါ လွမ်းကြည့်မယ်
ဒီအတိုင်းပဲ ရှိနေပေးပါ။

တစ်နှစ်လုံး ဖွေးဖွေးလှုပ်
စံပါယ်တွေပွင့်နေလည်း
မင်းကို လွမ်းသလောက်
စံပါယ်ကို ငါ မလွမ်းဘူး။

လိုလိုချင်ချင်
ရာသီတိုင်း အရောင်မျိုးစုံ
သေးသေးကြီးကြီးမူယာများစွာနဲ့
နှင်းဆီတွေ ဘယ်လောက်ပွင့်ပွင့်
မင်းကို တမ်းတသလောက်
နှင်းဆီကို ငါ မလွမ်းဘူး။

ရှားရှားပါးပါး
တန်းဖိုးကြီးလွန်းတဲ့
လှပခြင်းများစွာနဲ့
သစ်ခွတွေ ဘယ်လောက်လှလှ
မင်းကို သတိရသလောက်
သစ်ခွကို ငါ မလွမ်းဘူး။

တစ်နှစ်မှ တခေါက်လာတတ်တဲ့
စိမ်းညိုရောင် အရွက်တွေကြား
ဝါထင့်ထင့် ဒီပန်းကို
ငါ မမြတ်နိုးဘဲ ရှိပါမလား။

အချိန်မှန်တယ် မမှန်ဘူး
သစ္စာရှိတယ် မရှိဘူးဆိုတာ
မင်းနဲ့မဆိုင်ဘူးနော်
တိုက်ဆိုင်မှုနဲ့ နားလည်ခြင်း
ဒါဟာ မင်းရဲ့သင်္ကေတပါ။

လွမ်းတာဟာ လွမ်းတာပါပဲ။
ငါလွမ်းနေခြင်းဟာ
တမ်းတနေခြင်း တမျိုးပါ။

ကဲ ..........
ပွင့်မယ့်ပိတောက်ရေ
မင်းအတွက်
တေးသံတွေနဲ့ မကြိုဘူး
တခမ်းတနား အလွမ်းတွေနဲ့
ကြိုနေတော့မယ်။


Wednesday, April 7, 2010

ပိတောက်ငတ်တဲ့သင်္ကြန်




ပိတောက်ရေ
သင်္ကြန် သင်္ကြန်ဆိုပြီး
အသံလေးနဲ့ နှစ်သိမ့်နေရတာ
ငါ့မှာ ကြာပေါ့။

ပိတောက်ရေ
လတခြမ်း ပိုင်ဆိုင်ခွင့်လေးနဲ့
အသက်ကို လိုတိုး ပိုလျော့ခွင့်
မရှိတဲ့ ဘ၀မှာ
အဝေးရောက် သင်္ကြန်ကိုပဲ
ပိတောက်မရှိတဲ့ အရပ်ကနေ
တမ်းတမ်းတတ ဖြစ်နေခဲ့။

ပိတောက်ရေ
သင်္ကြန်စည်တယ်ဆိုတာ
ငါလို တယောက်တည်းအတွက်
ဟုတ်မှာတဲ့လား။
ကိုယ့်ကိုယ်ကို ရေပြန်လောင်းနေတဲ့
ဒီလို သင်္ကြန် 
ဆယ်ခါပြန်
(နည်းတယ်)
အခါ နှစ်ဆယ်ပြန်
ငါ သင်္ကြန်ကျမှာ မဟုတ်ဘူး။
သိက္ခာတရားအတွက်
မင်းလည်း မပွင့်နဲ့။

ပိတောက်ရေ
ခက်ခက်ခဲခဲဖြစ်နေတာနဲ့
ရိုးရိုးလေးဆိုတဲ့ အမှန်တရားကို
လွှတ်မချလိုက်ပါနဲ့။

ပိတောက်ရေ
တကယ်တော့
ဘယ်နေရာကျကျ
သင်္ကြန်က သင်္ကြန်
ဘယ်အချိန်ပွင့်ပွင့်
ပိတောက်က ပိတောက်
သတိရရုံသက်သက်နဲ့
ငါက ငါပဲပေါ့။


ကော်ဖီတစ်ခွက်၊ မေးခွန်းတခုနဲ့ ဘလော့ဘ်ဂါသုံးဦး တွေ့ဆုံခြင်း


ပုံသေမဟုတ်သော်လည်း လာနေကျအတိုင်း အတက်အကျမူမမှန်မှုတွေနဲ့ ပူတဲ့ရာသီကတော့ ခန္ဓာကိုယ်ကို နှိပ် စက်ဖို့ ရောက်လာခဲ့ပြီ။ အပူဒဏ်ကို အန်တုရင်း မီးလာတဲ့အချိန်လေးမှာ အလောတကြီးတင်လို့ရတဲ့ ပို့စ်တွေ များရာကနေ တဖြည်းဖြည်း နည်းနည်းလို့ ဖြစ်လာရပြီ။  အိမ်နီးချင်နိုင်ငံဖြစ်နေလို့လား မသိဘူး။ မီးကလဲ ထုံးစံအတိုင်း လာချင်လာမယ် မလာချင် မလာဘူး မှန်ချင်မှ မှန်မယ်ဆိုတဲ့ အစားထဲကပဲ။

စိတ်ကူးတဲ့လို့ ဂုရုကြီး ကိုနောတို့ ဂုရုဂျီး ဓမ္မဂင်္ဂါတို့ (ကိုယ့်ကိုယ်ကို ပြန်ချီးမြှင့်ထားတဲ့ဘွဲ့ထူးတွေနဲ့ ခံ့ခံ့ညားညား ဖြစ်နေသူတို့) ပို့စ် အသစ်မတင်တဲ့အချိန်လေးမှာ လာဖတ်သူများအဆင်ပြေအောင် တရက်ကို ၂ ပုဒ် ၃ပုဒ် ပို့စ် တင်နိုင်အောင် အတွေးတွေကို ဖြစ်ညှစ်လို့ တင်ဖြစ်ပါတယ်။

တစ်ရက်တော့ ဂငယ်သုံးလုံးက စကားပြောရအောင် လာခဲ့ပါဆိုတာနဲ့ သူ့တောရသို့ ရောက်ဖြစ်ပါတယ်။ ဟိုရောက်တော့ (ဂရဂ)ဂိုဏ်းဝင် ကိုနောကလည်း အဆင်သင့်တွေ့ရလို့ အင်း ဒီနေ့တော့ ကော်ဖီတခွက် တိုက်ပြီး (သူတို့ကိုယ်တိုင်ဖျော်တဲ့ ကော်ဖီတော့မဟုတ်) လေမျောရမယ့်သူ ငါကိုယ်တိုင်ဖြစ်တော့မယ် လို့ တွေးမိလေရဲ့။ တပည့်မွေးရတာကြာလို့ထင်ပ ဆရာမွေး တော်တဲ့ ကိုရီဝေတို့ ကိုရှမ်းလေးတို့က အဆင်သင့် တွေ့လိုက်ရတယ်။

နမတ်စတေး နမတ်စကား အပြန်အလှန်နှုတ်ဆက်ကြရင်း ဧည့်သည်လာရင် ဧည့်ဝတ် ကျေပွန်လွန်းတဲ့ တောရဆိုတော့ ကိုယ်ထိုင်မယ့် ထိုင်ခုံ ကိုယ့်ကိုယ်ကို ဆွဲယူထိုင်လိုက်ရတယ်။ တောရဆိုတော့ တောရအင်္ဂါနဲ့ ညီညွတ်လေတော့ နေချင်စရာ သဘောကျစရာလေးပါ။ 

အိန္ဒိယထုံးစံကတော့ ကျရေဆိုင်သွားရင် အသင့်ဖျော်ထားတဲ့ လဘက်ရည်ကို မြေခွက်နဲ့လာပေးသလို တောရရောက်တော့ ကော်ဖီဖျော်လိုက်မယ်တဲ့။ မြန်မာပြည်မှာကတော့ ကော်ဖီလား တီးလား စသည်ဖြင့် နောက်ဆက်တွဲ အခေါ်အဝေါ် အကြိုက်အလိုက်တွေလောက် ဒီမှာက မရှိဘူး။ 

ကော်ဖီသောက်လို့ တ၀က်ကျိုးတော့ မေးမယ်နော်တဲ့ ကိုနောက။ ဘာမေးမှာတုန်းဆိုတော့ တနေ့ကို နှစ်ပုဒ် သုံးပုဒ်ရေးနေတာ ဘယ်ကအတွေးက ဘယ်လိုပေါ်လာလို့ တနေ့ တနေ့ အများကြီးထွက်နေတာတုန်းတဲ့။ ဘလော့ဘ်ရေးနေတာ ရှဲဒိုးရေးနေတာလားပေါ့။ ဂုရုဂျီးတို့ စာတွေစောင့်ဖတ်ရတာကလည်း တနေ၀င်အောင် စောင့်နေရတော့ စိတ်က မရှည်ချင်ဘူး။ ဒါတောင် ရက်ကျော်တာတွေလည်း ရှိသေးတယ်။ ဒါတွေအားမရတာ ရယ် လာဖတ်သူတွေလည်း ကောင်းမကောင်း ကြိုက် မကြိုက် ဆိုတာထက် လာရင် ဖတ်စရာအသစ်တစ်ခု လောက် ရှိစေချင်တာနဲ့ အတွေးသစ်ကလေးတွေ တွေးဖြစ်ရင် ရေးမှတ်ထားတာတွေကို ပြန်ဆက်စပ်ပြီး ပို့စ်အသစ်တင်ဖြစ်တာပါလို့ ပြန်ဖြေဖြစ်တယ်။ 

အဲ့ဒီလို အမေးခံပြီး နောက်ပိုင်း အတွေးတွေ အ သွားသလားမသိဘူး။ ရေးစရာကို ထွက်မလာတော့ဘူး။ ခုတော့လည်း ကိုနောရဲ့စာတွေလည်း ဖတ်နေရပြီ။ ဂင်္ဂါကြီးရဲ့စာတွေလည်း ဖတ်နေရပြီ။ ၀မ်းသာစရာပေါ့။

Tuesday, April 6, 2010

အရထူးသူများ

ဘယ်အသင်း ဖွဲ့ဖွဲ့
ဘယ်အဖွဲ့အစည်း ဖွဲ့ဖွဲ့
ငါ့ကို ဥက္ကဋ္ဌရာထူးပေး
သူ့ကို အတွင်းရေးမှူးရာထူးပေး
ငါ့လူအားလုံး နေရာမလပ်စေနဲ့
ပြောတိုင်းလည်းရ
လုပ်တိုင်းရကြလို့
အရထူးလေစွ။

ဟိုဖွင့်ပွဲလည်း ကပ်ကြေးကိုင်လို့
ဒီဖွင့်ပွဲလည်း ဖဲကြိုးဖြတ်လို့
လာချင်သလောက် လာထား
ဖွင့်ချင်သလောက်ဖွင့်ထား
တကိုင်ကိုင်နဲ့
လက်ကလေးနောက်ပစ်လိုက်နဲ့
အော် 
အရထူးလေစွ။

နေရာတကာပါတော့
လာဘ်စကားလာမပြောနဲ့
ကားဆိုကား
ငွေဆိုငွေ
တိုက်ဆိုတိုက်
စိန်ဆိုစိန်
ရွှေဆိုရွှေ
သူကတော့ ရွှေအရူး အမူးကြိုက်တာ
အရထူးလေစွ။

နာမည်လေးတလုံးနဲ့ကို
အရထူးကြလေစွ။
အရထူးကြလေစွ။


Monday, April 5, 2010

ကိုယ့်ခေတ် သူ့ခေတ်


မျက်မှန်ဝယ်ပြီး
မျက်မှန်ကို မျက်မှန်လို့မြင်ဖို့
ပါဝါထပ်တိုးပြီး
မျက်မှန်ကို ပြန်ကြည့်နေရရင်
ရှစ်ပေစလောင်းနဲ့
လေးပေသတင်းတော့ ပြန်မကြည့်ချင်ပါနဲ့။

ခေတ်အလိုက်
ခေတ်အကြိုက်ကို
နားလည်သဘောပါထားရင်
ခေတ်ဟောင်းတေးကို မသီဆိုမိပါစေနဲ့။

ဟိုးရှေးရှေးက
ရှေးလူတွေက
ငါတို့တုန်းက ဒီလိုပါ
ဒီအတိုင်းပဲ တနွယ့်တဖွ
ဆွေးနေကြမှာပါပဲ။

တကယ့်တော့
ကိုယ်ရောက်တဲ့ခေတ်လောက်
ကိုယ်ထက် ခေတ်မီတာမရှိတော့ဘူး။
ကိုယ်ရောက်တဲ့ခေတ်က
တကယ့်ကို ခေတ်ကောင်းပါ။

ခေတ်ကတော့
ခေတ်အတိုင်းစီးမျောနေမှာပါ။

Sunday, April 4, 2010

အားလုံးမျှော်လင့်နေတဲ့ နေ့


ဘဝတစ်ခုရဲ့
ပြီးပြည့်စုံပြီဆိုတဲ့နေ့ဟာ
အဲ့ဒီနေ့ပဲလေ။

တောင်းတမျှော်လင့်လို့
ရောက်လာတာတော့မဟုတ်ဘူး
ဖော့ပြီးတွေးပေးရရင်
အချိန်တန်လို့ပဲလို့
နှစ်သိမ့်ပေးပါရစေ။

လူပီသယောင်ဆောင်ခဲ့တဲ့
လူမပီသမှုတွေ........

အမှားအင်္ကျီဝတ်ပြီး
အမှန်ပဲလို့ ထင်ခဲ့တာတွေ.........

ရိုးသားမှုခြေစွပ်တွေစွပ်ပြီး
ယုတ်မာမှုတွဲလုံးနဲ့ ရင့်ရင့်သီးသီး
ကန်ချက်ပြင်းပြင်းတွေ...........

သမိုင်းဝင်ချင်လွန်းလို့
သမိုင်းဖျက်ခဲ့တာတွေ............

သူတော်ကောင်းမျက်နှာဖုံးစွပ်ပြီး
လူယုတ်မာစာရင်း
ကိုယ့်ကိုယ်ကို သွင်းခဲ့တာတွေ..........

ပေးဆပ်တာ ပေးဆပ်တာနဲ့
အားလုံးကို ဆင်းရဲစေတာတွေ...........

ကယ်တင်တာဆိုပြီး
လှေကို အပေါက်တွေဖောက်
မှောက်သထက်မှောက်အောင်
မျောချခဲ့တာတွေ.............

ကိုယ့်စိတ်ကို ရဲရဲပြန်ကြည့်
ကြည့်.........
ရဲရဲသာ ကြည့်..............။

ကံတူအကျိုးပေး
ဝေးပါစေလို့ မပြောလိုဘူး။

ကံတူအကျိုးပေး
ပေးပါစေလို့လည်း
မဆုတောင်းဘူး။

ဘဝတစ်ခုရဲ့
ပြီးပြည့်စုံတဲ့နေ့ဟာ
အဲ့ဒီနေ့ပဲ
မင်းရဲ့
အဲ့ဒီနေ့ပဲ ။
................................................

 ဓမ္မသံဝေဂ။                 ။ ငါ့ထက်ကြီးသူ ငါ့အောက်လူ ရွယ်တူသေလှ များလှပြီ။
                                     ခဏမစဲ သေစမြဲ ငါလည်း သေဘက်နီးခဲ့ပြီ။
                                     မသေသေးမီ ပါရမီ ငါသည်ဖြည့်မှ သင့်တော့မည်။
                                     မသေမီက အခြေကျ အနေလှအောင် အားထုတ်မည်။
                                     အသေမလှ အပါယ်ကျ ဘ၀ဆုံး၍ နစ်နာသည်။
                                                                      (တိပိဋကဓရ ပြည်ဆရာတော်)

ဗြဟ္မစိုရ်ခရီးသွား ဘလော့ဘ်ဂါများ

 

ဗြဟ္မစိုရ်တရားတွေထုပ်ပိုးပြီး
ကျေနပ်မှုတွေနဲ့
စီးလိုရာ စီးတော့။
ပီတိခရီးဆိုတာ
သွားလာနေသူအတွက်
ကြည်နူးစရာအတိ။

စီးဆင်းရာခရီးလမ်းမှာ
စိတ်ဓါတ်ကျသူကို
ဖေးမမြှင့်တင်ခဲ့။

လမ်းလွဲသူကို
လမ်းမှန်အောင်ကူခဲ့။

အောင်မြင်သူကို
မုဒိတာပွားခဲ့။

အားငယ်သူကို
အားတက်စေခဲ့။

စကားများများပြောသူကို
နားထောင်ပေးခဲ့။

ဆင်းရဲသူများကို
ဝိုင်းဝန်းကူညီပေးခဲ့။

ထက်ကောင်းကင် ကွန်ယက်ထဲမှာပဲ
နီးခြင်း ဝေးခြင်း မရှိ
မြင်ဖူးသူလည်းရှိ
မတွေ့ဖူးသူလည်းရှိ
အသိချင်းတွေဖလှယ်
အမြင်မှန်တွေ ဆထက်ပွါး
အရောင်အသွေးမျိုးစုံနဲ့
ကိုယ်စီလှပနေတဲ့
ဘလော့ဘ်ဂါခရီးသွားများ
အပြုံးများနဲ့ ရှေ့ဆက်။

ကြည်နူးမှုနဲ့ ရှေ့ဆက်။
ပျော်ရွှင်မှုများနဲ့ ရှေ့ဆက်။
အများအကျိုးအတွက် ရှေ့ဆက်။
နောက်လှည့်မကြည့်ဘဲ ရှေ့ဆက်။
 

Saturday, April 3, 2010

အိမ်အပြန်နောက်ကျရတဲ့ပိတောက်


တိမ်တွေ တစ်စုနဲ့တစ်စု
ခိုးခိုးခစ်ခစ်ရယ်နေတဲ့အချိန်
ကတိစကားတွေ တပိုးတနင့်နဲ့
အသေအချာလာခဲ့မယ်တဲ့။

မျှော်နေမယ်သိသားနဲ့
တိမ်တွေခေါက်သိမ်းထားတဲ့ ညနေခင်း
ဝမ်းနည်းခြင်း ခြေလှမ်းတွေနဲ့
ငါ့မှာ အိမ်အပြန်နောက်ကျခဲ့ရပြီ။

ခုထိ နားလည်မှုတွေ မလွဲပါဘူး
ခွင့်လွတ်ခြင်းတွေရှိနေသရွေ့
ငါ တမ်းတမ်းတတနဲ့
လွမ်းနေတတ်တာ
ငါ့အမှားဆိုရင်တော့
ဆက်မှားခွင့်ပြုပါ။

ရာသီတွေခစားနေရတဲ့မင်း
အမှားအယွင်းရှိလည်း
နားလည်တတ်တာ ငါပါ။

တကယ်တော့
အရင်းအနှီးဆိုတာ
နှစ်ဘက်ကျေနပ်နေရင် ပြီးရော
ဘာပဲဖြစ်ဖြစ်
လာ သွားစို့
ရေပက်ခံထွက်ကြမယ်။