ပိတောက်ရေ
သင်္ကြန် သင်္ကြန်ဆိုပြီး
အသံလေးနဲ့ နှစ်သိမ့်နေရတာ
ငါ့မှာ ကြာပေါ့။
ပိတောက်ရေ
လတခြမ်း ပိုင်ဆိုင်ခွင့်လေးနဲ့
အသက်ကို လိုတိုး ပိုလျော့ခွင့်
မရှိတဲ့ ဘ၀မှာ
အဝေးရောက် သင်္ကြန်ကိုပဲ
ပိတောက်မရှိတဲ့ အရပ်ကနေ
တမ်းတမ်းတတ ဖြစ်နေခဲ့။
ပိတောက်ရေ
သင်္ကြန်စည်တယ်ဆိုတာ
ငါလို တယောက်တည်းအတွက်
ဟုတ်မှာတဲ့လား။
ကိုယ့်ကိုယ်ကို ရေပြန်လောင်းနေတဲ့
ဒီလို သင်္ကြန်
ဆယ်ခါပြန်
(နည်းတယ်)
အခါ နှစ်ဆယ်ပြန်
ငါ သင်္ကြန်ကျမှာ မဟုတ်ဘူး။
သိက္ခာတရားအတွက်
မင်းလည်း မပွင့်နဲ့။
ပိတောက်ရေ
ခက်ခက်ခဲခဲဖြစ်နေတာနဲ့
ရိုးရိုးလေးဆိုတဲ့ အမှန်တရားကို
လွှတ်မချလိုက်ပါနဲ့။
ပိတောက်ရေ
တကယ်တော့
ဘယ်နေရာကျကျ
သင်္ကြန်က သင်္ကြန်
ဘယ်အချိန်ပွင့်ပွင့်
ပိတောက်က ပိတောက်
သတိရရုံသက်သက်နဲ့
ငါက ငါပဲပေါ့။
2 comments:
လွဲချော်နေတဲ့သင်္ကြန် လာမယ့်နှစ်မှာ ပါးရိုက်မယ်...။
ယခုအခါ နေတည်းဟူသောအလင်းရောင်ရှိသည့်အတွက်
ကွန့်မန့်ပေးခြင်းကိစ္စပြည့်စုံပါပြီအရှင်ဘုရား...။
ပိတောက် ငတ် လို့ တော်ရဲ့ 
ဟို...
Post a Comment