Sunday, April 25, 2010

ငါနဲ့ငါ လွတ်လပ်ခြင်း


ငါ့ကိုယ်ငါ သံယောဇဉ်ထားဖို့ 
ခက်ခဲတဲ့သူပါ။
ပြောပြမှ သိမယ်ဆိုရင်
သံ........ယော..........ဇဉ် ဆိုတာ
ချုံ့လို့  ချဲ့လို့ ရတဲ့မိတ္တူမျိုး ဟုတ်ဘူး
တဝက်တပျက် အိပ်မက်လို
မှတ်မိအောင် နှစ်ခါ ထပ်မက်ရတာ။

ဘယ်သူက ဘယ်လို
ဥပေက္ခာတရားတွေ အလံတွေလွင့်ထားပေမယ့်
ငါ့ စွဲလမ်းမှုက 
အမှောင်ထဲလည်း ဆက်လျှောက်လို့ရဆဲ။

မင်းအပေါ်ထားတဲ့ နက်ရှိုင်းမှုအတွက်
ငါ့ဂုဏ်သိက္ခာကို ထိုးနှက်လာလဲ
ငါ့ချစ်ခြင်းက အိနြေ္ဒမပျက်ပါဘူး
ကိုယ့်အတိမ်အနက် သိပြီးသား။

ဒီသံယောဇဉ်အတွက်
ငါ ဘာပြောပြော
မင်းသဘောထားမသေးသိမ်နဲ့
အချိန်ကာလမဲ့ ငါပြောချင်တာ
မင်းနားလည်ပေါ့
စိတ်ကောက်တော့လည်း ငါမချော့တတ်ဘူး။

အရင်တခါ ဟိုတခါ 
တောင်းပန်ခြင်းတွေ မရှိဘူး
ကျေနပ်လို့ ကြည်နူးပြီးသားတွေပါ
ခွင့်လွတ်ခြင်းအတွက် တံဆိပ်လိုမလား။

အငှါးချထားတဲ့စိတ်တွေနဲ့ 
အပြစ်ပြောလို့ ပြီးစတမ်းဆိုရင်
ဘယ်သူမှ အိပ်ယာဝင်နောက်ကျမှာ ဟုတ်ဘူး
ဘာဖြစ်လဲ
ငါ စောစော အိပ်တယ်။
ဘယ်သူ မကျေနပ်ဘူးလဲ။

မင်းကို မတွေ့ရရင်
ဒီတနေ့ ငါမပျော်တတ်တာကို
(ထဲထဲဝင်ဝင်ပြောရရင်)
ရင်ဘတ်တွေက
အရင် စတွေ့ကအတိုင်း
“ဝုန်း”လား
“ဒိန်း”လား
“ဒိတ်ဒိတ်”လား မကွဲမပြား။

ငါပြောတဲ့စကား မင်းကြားရင်
ကောင်းကင်လည်း နေသာမှာပါ
ပြောင်းရင်လည်း ပြေလည်မှာပါ
နားလည်မှုမှာ ပလာစတာလိုမှ မလိုတာ
တကယ်တော့
ငါ့ သံယောဇဉ်တရားနဲ့ ငါ
အမှားလည်းခွင့်လွတ်
အမှန်လည်း ဆက်ပြော
ဘယ်သူမောမှာလည်း 
ငါ့ဘလော့ဘ်နဲ့ ငါကိုး။

1 comment:

Unknown said...

လွတ်လပ် လိုက်တာပါ့လား
ကိုကျော် ဂျာမဏီ