Wednesday, September 29, 2010

ကျနော်နဲ့ အဇ္ဈတ္တလူမျိုးများ


ကျနော့်ဇာတိရုပ် ကျနော်ပေါ်လွင်ချင်တယ်
ကျနော် မြန်မာပါ
ဘယ်တော့မှ အပြောင်းအလွဲမရှိဘူး
ကျနော် နိုင်ငံကူးတာထက် လူမျိုးမကူးဘူး။

ကျနော်ချစ်တာ ကျနော့်နိုင်ငံပဲ
ကျနော် ဗမာလူမျိုး
တရုပ်လည်းမဖြစ်ဘူး
ကုလားလည်းမဖြစ်ဘူး
ထိုင်းလူမျိုးမဖြစ်ဘူး
ကျနော်ကျေနပ်ထားတာ ကျနော်ပြောတာ
စစ်စစ်လို့ ခံယူထားတဲ့ကျနော်
အခြားနာမည် ကျနော် မပြောင်းလဲဘူး။

သူတို့စကားမှ မတတ်တဲ့ ကျနော် 
ရှမ်းဖြစ်လို့မရဘူး
ချင်းဖြစ်လို့မရဘူး
မွန်ဖြစ်လို့မရဘူး
စသည် စသည် ကျနော်ဖြစ်ခွင့်မရှိဘူး
ဖြစ်နေတဲ့ဘဝမှာ စစ်စစ်ဖြစ်ဖို့ကိုပဲ
ကျနော့်ကို ကျနော်ကြိုးစားရင်း
ကျနော့်ကို ကျနော်ဂုဏ်ယူတယ်။

လူမျိုးပြောင်းချင်လည်း ပြောင်းကြ
ကျနော် ဗွေမယူဘူး
ကိုယ့်သိက္ခာ ကိုယ့်လူမျိုးနဲ့ ကိုယ်ကိုး။

ဒါပါပဲ
ကျနော်ကတော့ စစ်စစ်ပဲ
ကျနော် ဗမာ(သို့) မြန်မာပါ။

Monday, September 27, 2010

ကျနော်နဲ့လေလွင့်စက္တင်္ဘာ


ဗြဟ္မစိုရ်တရားတွေ ဖြန့်ကြဲထားခဲ့တဲ့
အဲီ့နေ့ရက်တွေ ရောက်ခဲ့ပြန်ပေါ့
တူးတူးခါးခါး ငြင်းပယ်ခဲ့တာ
ရေနဲ့အတူ မျောခဲ့ရပြီ။

ဗြဟ္မစိုရ်အစစ်တွေပါ
နောင်တ ရစရာမရှိဘူး။

တကယ်တော့
ဗြဟ္မစိုရ်စာမျက်နှာတွေ
အရင်က အတိုင်းပါပဲ
ရွှန်းရွှန်းကို လက်လို့။

ဗြဟ္မစိုရ်ရင်ဘတ်တွေဆိုတာ
ဟာလာဟင်းလင်းပါ
တခြားအဓိပ္ပါယ်တွေ မရောထားဘူး။

ဒါပါပဲ
မကျေဘူးဆိုတာမရှိဘူး
ဒဏ်ဆိုတာမရှိဘူး
အချိန်မရွေး လာအုံးမယ်
ဗြဟ္မစိုရ်မေတ္တာတရားတွေနဲ့ အတူပေါ့။

Sunday, September 26, 2010

ကျနော်နဲ့ အဝေးကွင်း အနီးကွင်းမှတ်တမ်းများ


ဒီနေ့ထိ
ကွင်းရွေးနေတာလား
ဒါဆို 
ကျနော် လူရွေးမှားသွားပြီ။

ယနေ့ထိ
လူရွေးနေတာလား
ဒါဆို
ကျနော် ကွင်းရွေးမှားသွားပြီ။

ဘဝတသက်စာ အနားယူလိုက်တဲ့ဘဝတွေ
အနီကတ်တွေထိထားတဲ့ဘဝတွေ
စာမျက်နှာတွေ ဘယ်လောက်များခဲ့ပြီလဲ
ဒါတွေသိလျက်နဲ့
ကွင်းရွေးနေအုံးမယ်
လူရွေးနေအုံးမယ်ဆိုရင်
ဆိုရင်..........
ဆိုရင်....................
ကျနော်တို့ မန်နေဂျာခန့်တာမှားသွားပြီ။

ဒီလိုနဲ့
ဖြေ...သိမ့်...ရ...မှာ...လား?
မတရားမှုဟာ
ဒီလိုနည်းနဲ့တော့
နေရာမရဘူးဆိုတာကို။

Saturday, September 25, 2010

ကျနော်နဲ့လွတ်လပ်ခြင်းရဲ့အား


နေတတ်လွန်းတဲ့ဘဝတွေကို
နာကျည်းနေတာတော့မဟုတ်ဘူး
သူသူကိုယ်ကိုဘဝတွေ
ဖြေဆည်ရာမရသေးတာတော့
ပြန်တွေးရင် ဇစ်ပျက်နေတဲ့ဘဝတွေလား။

ဖြည့်တွေး ပေးထားတာကိုပဲ
နားလည်မှုဟာ တောင်ပံတပ်ပြီး
အဝေးရောက်နေပေါ့
ဘာတတ်နိုင်မှာလဲ
ဝေးနေတာကို အစကတည်းက နားလည်ပြီးသား။

လွတ်လပ်ခြင်းရေ
ငါ စာမျက်နှာတွေအတပ်မှားခဲ့လို့လား
ဟုတ်လောက်ပါဘူး
စာနာမှုတွေနဲ့ လွတ်လပ်ခြင်း
နားလည်မှု ပြောင်းပြန်မောင်းနေသလားလို့။

သူများ ဒဏ်ရာတွေ
ငါ့ ဒဏ်ရာနဲ့ဖာထေးထားတာ
ဘယ်သူမှမသိပါစေနဲ့

ကဲ
လွတ်လပ်ခြင်းရေ နားထောင်
ခုထက်ထိ
ငါ့ရင်ဘတ်နဲ့
ငါ့ခံစားမှုတွေဟာ
ကမ္ဘာမကျေ အစစ်တွေချည်းပဲ။

Tuesday, September 21, 2010

ကျနော်နဲ့ စောင့်ဖတ်နေရတဲ့ နေ့စွဲများ


မချင့်မရဲ အားမလို အားမရဆိုတာတွေနဲ့
နေ့စွဲတပ်မရတဲ့ဘဝတွေ
ဘယ်လောက်များခဲ့ပြီလဲ။

မနက်ဖြန်မျှော်လင့်အားကိုးနဲ့
ဒီနေ့ ရပ်တည်နေတာကိုးက
တံဆိပ်ပြေသွားတဲ့ဆေးလိပ်
ပြန်လိပ်သောက်နေရသလို။

ငါတို့ရဲ့ ဝင်လေထွက်လေကို
ငါတို့ ဘယ်လောက်ထိ ထိန်းထားနိုင်မှာလဲ
ရှေးရိုးအတိုင်းပဲ ကံကြမ္မာကိုစောင့်စားနေတာလား
ဒါဆို
အလင်းမပြတ်ဖို့တော့
ဖယောင်းတိုင်ကို မီးတို့ထားအုံးမှ။

ငါ့နေ့စွဲနဲ့ ငါ
လက်တစ်ဆုပ်စာ တိမ်တိုက်နဲ့တော့
ငါ မိုးမရွာဘူး။

Sunday, September 19, 2010

ကျနော်နဲ့ခေတ်အဆက်ဆက်ဂီတများ


နားပါတဲ့ သတ္တဝါအတွက်
ဂီတနဲ့ကင်းဝေးခွင့်ရှိသလားဆိုတာ
ကျနော် ဘယ်လိုဆင်ခြင်ပေးရပါ့။

ယဉ်ကျေးမှုဆိုတာ ခံစားချက်တွေလား
အဲ့ဒီအတိုင်းဆို
ကျနော် ကျောက်ထွင်းအက္ခရာတွေဖြစ်မှာပါ။

တစ်ချို့ပြောကြတယ်
အနီးဆုံးဆိုတာဂီတပဲ
အဝေးဆုံးဆိုတာလည်း ဂီတပဲတဲ့
ကျနော် ဘယ်လမ်းကို လိုက်ရပါ့။

လမ်းညွှန်ပေးမည့်သူရှိရင်
ကျနော် ဖြစ်ကောင်းဖြစ်လိမ့်မယ်
အရပ်ကူပါ လူဝိုင်းပါဆိုတာမျိုးလိုပေါ့။

တကယ်ဆို
ဖြစ်သင့်တာက
ကျနော့်ကို ဂီတအဆက်ဆက်
နားဆင်ခွင့်ပြုပါ။

Wednesday, September 15, 2010

ကျနော်နဲ့ဟိုတစ်စ ဒီတစ်စကြိုးစများ


ရှိခြင်းရဲ့အရိပ်မှာ
မမြင်သာတဲ့ ကြိုးတစ်ချောင်းစီတော့ရှိရဲ့။

ကြိုးဆိုတာက
ဘယ်သူ့ကိုမှ
လိုက်ချည်နေမှာတော့ မဟုတ်ဘူး 
ကိုယ့်ကိုယ်ကို ပြန်ချည်ပြီး
ကိုယ်တိုင်ပြန်ရုန်းကန်နေကြ။

ကြိုးများများ ချည်ထားလေလေ
များများရုန်းရလေပေါ့
ချည်တိုင်မိတဲ့ဘဝဆိုတာ
တစ်ကြိုးလွတ် တစ်ကြိုးပြန်ချည်လိုက်နဲ့
ရုန်းလက်စကို မကုန်နိုင်ဘူး။

ရုန်းရင်း ရုန်းရင်း
ဆုံးတော့မယ်မှတ်နေမိ
ရုန်းတိုင်း ကြိုးပြေမတဲ့လား
ကြိုးမပြေပေမယ့်
ကြိုးပြတ်သွားတော့
ကြိုးပြန်ဆက်ပြီး ဆက်ထုံးနဲ့
ရုန်းလို့ ကန်လို့။

အင်း........
ဘဝနဲ့ကြိုးတွေ
ဘယ်လောက်ထိ ခုံမင်နေမယ် မသိ။

Sunday, September 5, 2010

ကျနော်နဲ့မနက်ဖြန်များ


ကြားဖူးနားဝ ရင်ခုန်သံတွေနဲ့
ဘဝကို ဒီလိုပဲ ထုဆစ်လိုက်တော့မှာလား
ဒါဆို 
ယူ....ကျုံး.........မရ ဆိုတာတွေ
ဘယ်လောက်များလိုက်လေမလဲ။

ကဲ........ကြည့်
သဲသဲကွဲကွဲ ရင်ခုန်ခြင်းတွေ
တစ်ဖြည်းဖြည်း နှေးနှေးလာပေါ့။

ခုထိ
ဆုံးဖြတ်ချက်တွေ မှားနေကြအုံးမလား
ခုထိ ကိုယ့်ကိုယ်ကို
လိုအပ်ချက်တွေနဲ့ လုံးချာလိုက်နေအုံးမလား
ခုထိ ကိုယ့်ရင်ခုန်သံ
ကိုယ် နားမလည်သေးဘူးလား။

ပြန်လှည့်ကြည့်နေတဲ့
အတိတ်က ဒဏ်ရာဒဏ်ချက်တွေ
ထားရစ်ခဲ့တော့။
ဒီလိုမှမဟုတ်ရင်
လှပတဲ့မနက်ဖြန်များ
မျှော်ရင်းနဲ့ ဝေးနေအုံးမပေါ့။

Saturday, September 4, 2010

ကျနော်နဲ့အိပ်မက်များ


အလင်းအမှောင် တစ်ခြမ်းစီပိုင်ထားတဲ့
အဲ့ဒီ နေ့နဲ့ညတွေ
ဘယ်နှစ်ခါမှန်းမသိ ကျော်လွန်းသွားကြတာ
ငါ့ကို အိပ်မက်တွေက ငယ်နိုင်အလား
နှိပ်စက်လွန်းပေါ့။

တစ်ခါတစ်ရံ
ညရဲ့ခြေထောက်တွေက ရှည်လွန်းတာလည်း
ခက်နေကြဆဲ။

မမက်ဘူးတဲ့အိပ်မက်တွေက
အဝေးက ပစ်တဲ့မြှားလို
ထိချက်ကို ပြင်းလွန်းတယ်။

နေ့လိုနေရမလား
ညလိုနေရမလားဆိုတာ
အိပ်မက်တွေမသိသမျှတော့
အိပ်မက်တွေက ကျနော့်ဆီ
လာနေအုံးမှာပါပဲ
အိပ်မက်ရေ..............
လာခြင်းကောင်းပါစေ။

Friday, September 3, 2010

ကျနော်နဲ့ရွေးချယ်ခြင်းများ


အရှုပ်ထုပ်တွေထမ်းပြီး
သင်္ချိုင်းထဲဝင်မယ်လုပ်တော့
လက်မခံဘူး
အမှိုက်ပုံများမှတ်နေသလားတဲ့။

အသက်(၃၅)ကျော်လာပြီ
ရှုပါအတွက် မက်နေရင်
ဇရာဆီ မြန်မြန်မရောက်ဖို့
စိတ်နုပျိုအောင် 
ဘာဝနာဘက် လှည့်ရတော့မယ်။

တကယ်တော့
ဘယ်ဘက်ကကြည့်ကြည့်
ရိက္ခာဆိုတာ
သိက္ခာတရားစစ်စစ်တွေပါ။
(သီလ၊ သမာဓိ၊ ပညာ)