Sunday, October 4, 2009

ထာဝရကုသိုလ်(သို့မဟုတ်) ပြောချင်တဲ့စကား

စာတွေလည်းမတင်ဖြစ်ခဲ့တာအတော်ကြာသွားတယ်။ သံဝေဂလမ်းဆိုတဲ့ မဟာဗောဓိမြိုင်ဆရာတော့် လက်ရာကို တင်ဖို့ ကြိုးစားပေမယ့် မတင်ဖြစ်သေးဘူး။ စာဖတ်သူက ယူတတ်ရင်တော်သေးတာပေါ့။ မယူတတ်ရင် တင်ထားတဲ့စာကို ကြည့်ပြီး အကုသိုလ်ဖြစ်သွားမယ်လဲ စိုးရိမ်နေလို့ မတင်ဖြစ်သေးတာပါ။

ဒါပေမယ့် ဒီကြားထဲ ထာဝရကုသိုလ်ရဲ့အဆက်လို့ပဲ ပြောပြော အမြဲတမ်းကုသိုလ်လို့ပဲ ဆိုလို့ရတဲ့ ကုသိုလ်တစ်ခုကို လုပ်ဖြစ်လိုက်ပါတယ်။ အဲ့ဒါက ဒီအိန္ဒိယမှာရှိတဲ့ ပညာသင်နေတဲ့ရဟန်းတော်စုပြီး “အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးအဖွဲ့” ကို ၂၀၀၀ခုနှစ်မှာ ရှေးရှေး စီနီယာတွေဖွဲ့ခဲ့ကြတယ်။ အဓိကကတော့ ဘယ်နေသွားသွား မရှိမဖြစ်လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုတဲ့ အရေးသုံးမျိုးနဲ့တွေ့ကြုံတဲ့အခါ ဖြေရှင်းနိုင်ဖို့ အဖွဲ့အစည်းကိုတည်ထောင်ကြတာချည်းပါပဲ။ မြန်မာပြည်မှာ ဟိုမြို့နယ်အသင်း ဒီမြို့နယ်အသင်းဆိုပြီး ဖွဲ့သလိုမျိုးပါပဲ။ ဒီမှာလည်း ဖွဲ့ခဲ့ကြတယ်ဆိုပါ တော့။ မှတ်မိသလောက်တော့ နိုင်ငံခြားမှာ ဘယ်မှာမှ မရှိသေးတဲ့အဖွဲ့အစည်းမျိုးပါ။

ဘာလို့ဒီလိုပြောနိုင်သလဲဆိုရင် မြန်မာဆိုတာက အဖွဲ့အစည်းဆိုတာကို မခံစားတတ်တာလား သို့မဟုတ် သူတပါးဖြစ်သွားတာမနာလိုဖြစ်နေတာလား ဒါမှမဟုတ် စည်းလုံးမှုကို နေရာမရလို့ ဖွဲ့စည်းပုံ မတည်မြဲ အောင် ပတ်မကြီးဖောက်ချင်တာလားဆိုတာတွေ ရှိခဲ့တာ ရှိနေတာဆိုတော့ အဖွဲ့အစည်းတခုရဲ့ ကောင်း ကျိုးကို အများအားဖြင့် မသိကြသေးတာ အသေအချာပါပဲ။

ပြောလိုရင်းကတော့ အဖွဲ့အစည်းတခုရဲ့ လည်ပတ်နေပုံတခုပါ။ အဖွဲ့ဝင်ဖြစ်ချင်တယ်ဆိုရင် ဆိုင်ရာ ဥပဒေတွေကို သိပြီးတာနဲ့ အဖွဲ့ဝင်အသစ်ဆိုရင် ဝင်ကြေး အိန္ဒိယရူပီး ၂၀၀၊ နှစ်စဉ်ကြေး ၁၅၀ ပေါင်း ၃၅၀ထည့်ထားရင် ထာဝရကုသိုလ်ဖြစ်သွားတာပါပဲ။ နောက်နှစ်ဆိုရင် အဖွဲ့အဟောင်းတွေအတွက် နှစ်စဉ် ကြေး၁၅၀ သွင်းပေးရပါတယ်။ အဲ့ဒီ ၃၅၀ ဆိုတဲ့ရူပီးငွေဟာ အဖွဲ့ဝင်တဦးတယောက် အခန့်မသင့်လို နေမကောင်းဖြစ်ခဲ့ရင် သို့မဟုတ် ခွဲစိတ်ကုသမှုရှိခဲ့ရင် အကူအညီပေးဖို့ အတွက် ဖြစ်သွားပါတယ်။ ဒီ ကုသိုလ်တွေဟာ အိန္ဒိယမှာနေသခိုက် အဖွဲ့ဝင်သွားတဲ့ ကျောင်းပြီးသွားတဲ့သူ အားလုံးအတွက် အမြဲ တမ်းအတွက် ဇီဝိတဒါန ကုသိုလ်တွေပါ။ ပြောရရင် အဖွဲ့ဝင်တဦးရဲ့ ရာသက်ပန်ကုလိုလ်တွေပါ။ ဘယ်လောက် ကြည်နှုးစရာကောင်းလိုက်သလဲ။ အရင်ကလည်း ကျန်းမာရေးမကောင်းတဲ့အဖွဲ့ဝင်တွေရော မဖွဲ့ဝင်မဟုတ်တဲ့သူများပါ တခါက ထည့်ခဲ့တဲ့ အဖွဲ့ဝင်ကြေးတွေနဲ့ ကုလိုလ်တွေဆက်နေနိုင်ခဲ့တာဟာ ဘယ်လောက်ဝမ်းသာစရာ ကောင်းသလဲ။

နောက်တခု ချစ်စရာကောင်းတာက အဖွဲ့ဝင်တဦးတစ်ယောက် ဆေးရုံတက်နေတာကြားပြီိဆိုရင် ကိုယ့် ဌာနမှာရှိတဲ့သူတွေကို ဘယ်မှာတော့ ဘယ်သူဆေးရုံတက်နေတယ် အဲ့ဒါ တတ်နိုင်သလောက်စုပြီး လှမ်းလှူ ကြရအောင်ဆိုပြီး သီးသီးသန့်သန့် ဝိုင်းလှူကြတာကိုပါ။

ပြီးခဲ့တဲ့ 2.10.09 နေ့က ဗုဒ္ဓဂယာမှာ ကျောင်းတက်နေတဲ့အဖွဲ့တဦး အစာအိမ်အချဉ်ပေါက်ပြီး အရေးပေါ် ခွဲစိပ်ခန်း ဝင်လိုက်ရတယ်ကြားရော တခြားနေရာမှာ ရောက်နေသူတွေက ဖုံးတွေဆက် ငွေတွေစုပြီး 3.10.09 နေ့မှာ ကားငှါးပြီး လှူလိုက်ရတယ်။ တဦးတယောက်တည်းအတွက် အဖွဲ့အစည်းဆိုတာ မလိုအပ် ပေမယ့် အများအတွက်ဆိုရင် လိုအပ်လာတယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်ကို နည်းနည်း လေးနဲ့ ကျဲကျဲဝိုင်းပြီး ကူညီလိုက်နိုင်ဆိုရင် တွေးကြည့်ရင် ကုသိုလ်တွေချည်းပါပဲ။

ပြောချင်တာက ကျန်းမာရေးအတွက်ရှေးရှုပြီး အဖွဲ့အစည်းတွေ ဖွဲ့ဖို့ပါပဲ။ နောက်ဆက်တွဲ မိမိတို့ရဲ့ အဖွဲ့အစည်းအင်အားရှိသလောက် စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ကိုယ့်နိုင်ငံကို ပြန်ပြီးတနည်းတဖုံနဲ့ ကျေးဇူး ပြုဖို့ပါပဲ။ အဖွဲ့အစည်းဆိုတာ အင်အားမညီရင် ခဏခဏကွဲတတ်လွန်းလို့ပါ။ အဖွဲ့အစည်းဟာ စဖွဲ့ကတည်း က သက်တမ်းရှည်ရင် ရှည်သလောက် ပိုပြီးတန်ဖိုးရှိတာပါ။

ထပ်ပြီး ပိုသေချာအောင် ပြောချင်ပါသေးတယ်။ အသက်ကြီးလို့ သို့မဟုတ် ငွေရှိလို့ ဒါမှမဟုတ် စည်းရုံး ရေးကောင်းလို့ဆိုတဲ့ အချက်အလက်မပါပဲ အများအတွက် ငါဘယ်လောက်လုပ်ပေး နိုင်လဲဆိုတဲ့ စိတ်ဓါတ်နဲ့ ခေါင်းဆောင်ကောင်းနေရာကို ယူစေချင်ပါတယ်။ ဒါဆိုရင် အားလုံး လှပနေမှာပါ။


Sunday, September 20, 2009

စာအုပ်စာပေ

ဒီနေ့မနက်ခင်း သူငယ်ချင်းတစ်ယောက်ဆီ အလည်ရောက်ဖြစ်လို့ စကားပြောရင်း သူ့စာအုပ်စင်ပေါ် မျက်စိက ရောက်သွားတော့ မဖတ်ရသေးတဲ့ စာအုပ်တစ်အုပ်ကိုတွေ့မိတယ်။ အပြန်တော့ ငှါးသွားမှပဲလို့ စိတ်ကူး လိုက် တယ်။ တကယ်လည်း ငှါးဖြစ်ခဲ့တယ်။ သူငယ်ချင်းကလည်း ခရီးသွားမှာဆိုတော့ ပစ္စည်းတွေ ထည့်နေရင်းက ယူသွားလေတဲ့။

နေ့လည်စားပြီး တနေကုန် ငှါးလာတဲ့စာအုပ်နဲ့ မိတ်ဖွဲ့ဖြစ်လိုက်တာ ညနေ(၇)နာရီမှ ဖတ်လို့ပြီးသွားတော့တယ်။ ကောင်းလွန်းတာကြောင့် တခါတည်း ပြီးအောင်ဖတ်ဖြစ်လိုက်တယ်။ သူ့အတွေ့အကြုံဆိုပေမယ့် လူတိုင်းရဲ့ အတွေ့အကြုံလိုမျိုး ဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်လာပြောနေသလို ဖတ်နေရင်းခံစားမိတယ်။

ဒေသတခုမှ ဒေသတခုဆီ အကူးအပြောင်းတိုင်း အရင်ရောက်နှင့်သူက နောက်ရောက်လာသူကို မယုံသင်္ကာ မျက်လုံးတွေ၊ အထင်သေး အမြင်သေးတဲ့ မျက်လုံးတွေ၊ နိုင်ထက်စီးနင်းစိတ်ဓါတ်တွေ လူတိုင်းခံစားနေရပါလား ဆိုတဲ့ အတွေးမျိုးရခဲ့။

ကိုယ်လုပ်သမျှ ကိုယ်ကြိုးစားသမျှ ကိုယ်အောင်မြင်လို့ အဆင်ပြေနေပြီရင် ကြုံလာတဲ့ အနှောက်အယှက်တွေ ဘယ်လိုဖြေရှင်း ဘယ်လိုနေထိုင် ဘယ်လိုခံယူ ဘယ်လိုဆက်ဆံ စသည့် သင်ခန်းစာတွေလည်း အဲ့ဒီစာအုပ်မှ ရခဲ့။

စာအုပ်နာမည်က “သံဝေဂလမ်း” တဲ့။
မျှဝေခံစားနိုင်အောင် တစ်ခန်းစီ တင်ထားမယ်လို့ စိတ်ကူးထားပါတယ်။



Saturday, September 19, 2009

နာမည်

သူရဲကောင်းမရှိတဲ့နေရာ
ဘာအဓိပ္ပါယ်ရှိမှာလဲတဲ့။

တစ်ချို့က
ဘဝဆိုတာ တိုက်ပွဲတဲ့။
ငါကတော့
ငါ့နာမည်တစ်လုံးအတွက် တိုက်ပွဲ ။

သူတို့အတွက်တော့
ငါဟာ
လမ်းပြဓူဝံကြယ်ပေါ့။

ဒါပေမယ့် ငါ့မှာ
ခုထက်ထိလေ
ငါ့နာမည်ကို
မယိုင်မလဲအောင်
(ထူးခတ်ထားတဲ့စိတ်ဓါတ်တွေနဲ့)
ထမ်းလိုက် ရွက်လိုက်နဲ့
လျှောက်လှမ်းနေဆဲ။

ဘာပဲဖြစ်ဖြစ်
င့ါနာမည်အတွက်
ငါဂုဏ်ယူတယ် ဟေ့။

ထပ်ပြောလိုက်မယ်
ငါ့နာမည်အတွက်
ငါ
ဂုဏ်
ယူ
တယ်
ဟေ့ ။

Monday, September 14, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၅)


ကနေ့မနက်တော့ စောစောထပြီး ပုံမှန်လုပ်နေကျ ကိစ္စများပြီးစီးလို့ ၈နာရီထိုးတာနဲ့ အိမ်ကထွက်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်နေမကောင်းဘူးဆိုလို့ သတင်းသွား မေးတာပါ။ နာလန်ထမှာ ထမင်းစားလိုက်တာ ပြန်ဖြစ်တာပါ။ အားနည်းတာက အသံ တောင်မထွက်နိုင်ဘူး။ ဟဲ ဟဲနဲ့ မောနေလိုက်တာများ။ ဒါနဲ့ ဆေးခန်းလိုက်ပို့ကျ၊ ဟို ရောက်တော့ ဆရာဝန်က ဆေးထိုးရမယ် ပြောလိုက်တော့ သူငယ်ချင်းမျက်နှာက ကြောက်သလိုဖြစ်တာ မြင်လိုက်ရတော့ တစ်ချိန်က ကျနော်ခံစားရသလိုပါလားလို့ လွန်ခဲ့သော ၅နှစ်လောက်ဆီက အဖြစ်အပျက်ကို ပြန်သတိရမိတယ်။

သီတင်းကျွတ်ပြီးလို့ ဆွေမျိုးများရှိရာ ရွာလေးသို့အလည်သွားဖြစ်ခဲ့တယ်။ ရောက်ရောက်ချင်း ဆွေမျိုး တွေနဲ့စကားပြောပြီး ရေချိုးလိုက်တဲ့အချိန်ကအကောင်းသား။ ရေချိုးပြီးတာနဲ့ ရေနွေးပူပူလေး မှုတ်သောက် လိုက်တော့ ချွေးတွေ တဒီးဒီးထွက်လို့ အဆင်ပြေလိုက်တာ။ နေ့လည်စာစားနေချိန် လေကတဟူးဟူး တိုက်လာရော။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဆက်စားနေလိုက်တယ်။ ထမင်းစားပြီးလို့ ခဏကြာတော့ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်လာရော။ ဖျားတော့မယ်ထင်တယ်ဆိုပြီး ရေနွေးနွေးပူပူနဲ့ ငန်းဆေးတခွက် သောက်လိုက်တယ်။ ဆေးကလည်း တည်းခိုတဲ့အိမ်ရဲ့ ခေါင်းရင်းကအိမ်က ဆေးဖေါ်ပြီးရောင်းတဲ့ဆေးပါ။ သက်သာသလိုရှိပေမယ့် ညနေခင်းရောက်တော့ အဖျားကတက်ပါလေရော။ ဆေးထပ်သောက်လိုက်တော့ သက်သာသွားတယ်။ ကံဆိုးချင်တော့ ညပိုင်းရွာလိုက်တဲ့မိုးဟာ မနက်ကျမှရပ်သွားတော့တယ်။ ၃နာရီ လောက်တော့ တစ်ခါထပ်ရွာပြန်ရော။ ၅နာရီထိုးလောက်တော့ အဖျားကပြန်တက်ပြန်တယ်။ ငှက်ဖျားဖြစ်ဖူး လေတော့ ငှက်ဖျားတော့ ပြန်ဖြစ်ပြီလို့တွေးလိုက်တယ်။

ဖျားနေတာ ၃ရက်ရှိပြီဆိုတော့ ရွာကဆွေမျိုးတွေက စိတ်ပူတာနဲ့ ရွာမှာရှိတဲ့ တပ်ထွက် ဆေးသမား သွားခေါ်တာ မအားတာနဲ့ သူ့သားလိုက်လာရော။ လိုက်လာတဲ့သူ့သားကတော့ တောအခေါ်အပ်ပုန်းဆေး သမားပေါ့။ သူ့အဖေမအားရင် ဒီလိုပဲ လိုက်ကုနေတာနဲ့တူပါတယ်။ ဆေးထိုးမယ်တဲ့၊ ခဏနေပါအုံးလို့ ကျနော်က ပြောလိုက်တယ်။ ဒါနဲ့ ငါ့ညီက အသက်ဘယ်လောက်ရှိပြီလဲလို့မေးလိုက်တော့ ၂၀တဲ့။ လုပ်နေ တာကြာပြီလားဆိုတော့ ၁နှစ်ခွဲလောက်ရှိပြီတဲ့။ ကျနော်လည်း အထက်ကပြောခဲ့တဲ့ သူငယ်ချင်းကြောက် သလို ဖြစ်သွားတယ်။ ငါ့ညီရာ ဆေးတော့မထိုးတော့ဘူးကွာ စားဆေးလေးပေးခဲ့ပါလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲတဲ့ ဆေးမထိုးဖြစ်တာ တော်တော်ကြာပြီဖြစ်လို့ပါ ငါ့ညီရာ။ သူက ဘာမှမဖြစ်ပါဘူး လို့ပြောပေ မယ့် စားဆေးပဲတောင်းလိုက်တယ်။ ဒါနဲ့ အဲ့ဒီဆေးဆရာလေးလည်း ပြန်သွားရော ဘာလို့ဆေးမထိုး တာလဲလို့ အဒေါ်တစ်ယောက်က မေးတယ်။ သမားဆိုတာ အိုမှတဲ့ ခုတော့ သူက ကျနော့်ထက်ငယ်နေ တာရယ် တစ်ခုခုဖြစ်မှာလည်းစိုးလို့ပါ လို့ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ အဖျားကမကျဘူး ပုံမှန်ကို ဖျားနေတော့ မြို့ပေါ်က အစိုးရ လက်မှတ်ရအပြင်ဆေးခန်းက ဆရာဝန်ဆီမှာ တက်ကု လိုက်တယ်။ ၂ရက်ဆက်ကုတော့ ဆေးရုံတက်လိုက်ပါလို့ ပြောတာနဲ့ ဆေးရုံတက် လိုက်ရတယ်။

ထမင်းနဲ့ဝေးနေတော့ အားကလည်းတော်တော်နည်းနေပြီ။ ဆေးရုံလည်းရောက်ရော ဆရာဝန်ကြီးက နည်းနည်းပါးပါးစမ်းသပ်ပြီးတာနဲ့ နပ်စ်မတွေကို ပုလင်းကြီးချိတ်လိုက်ပါတယ်တဲ့။ ဆေးနဲ့တဲ့ရင်ကောင်းမယ် မတဲ့ရင်သေမှာပဲတဲ့။ ဒီလိုကြားလိုက်ရတော့ သွားပြီနဲ့ထင်ပါတယ်ပေါ့။ အားငယ်ငယ်နဲ့ နပ်စ်မ ဆေးလာ ချိတ်တော့ “ဆရာမ ရှေ့ကလူတွေအကုန်ကောင်းသွားလား” လို့ မေးလိုက်ရော ၅ယောက်လောက်တော့ သေသွားတယ်တဲ့။ အင်း ကျနော်လည်း ဘုရားတရားသာ တ နေလိုက်ရတော့တယ်။ ဆုတောင်းတာလည်း အမောပေါ့။ ၅၀ ရာခိုင်နှုံးက လက်မှတ်ရနေပြီဆိုတော့လေ။

လက်မှတ်မရတဲ့သူရဲ့လက်ကြောင့်သေမှာကြောက်တာနဲ့ လက်မှတ်ရဆရာကို အားကိုးမိပါတယ် လက်မှတ်ရ ဆရာကြောင့်သေရတော့မယ်ထင်ပါတယ်လို့လည်း တွေးလိုက်မိတယ်။ တော်သေးတယ် ဆေးကတဲ့သွားလို့။ ကံကောင်းသွားတယ်ပေါ့။ အဲ့ဒီ ဆရာဝန်ကြီးဆုံးဖြတ်ချက်ကိုတော့ မသေခဲ့လို့ ကျေးဇူးတင်ခဲ့ရတယ်။ နောက် တစ်ခါဆိုရင်တော့ ထပ်မတွေးရဲတော့ပါဘူး။ မဖျားအောင်တော့ အမြဲသတိထားနေရမယ်လို့ ကျနော်ဆုံးဖြတ် လိုက်ပါတယ်။

ဒီနေ့ သူငယ်ချင်း ခံစားမိတာလည်း ကျနော်လိုပဲထင်ပါတယ်။

ဘဝမှာ ဘာမှအားမခံချက်မရှိတဲ့ နေရာမျိုးမှာရောက်နေရင်တော့ ဒီလိုပဲ ခံစားနေရအုံးမယ်ထင် ပါတယ်။
အားလုံးကျန်းမာကြပါစေ

Sunday, September 13, 2009

ငါတို့ပန်းတိုင်


အထပ်ထပ် ပြုံးထားတာတောင်
အပြုံးတွေက
ပုံတူ မကျချင်ဘူး
စိုးရိမ်မှုတွေ ဝါးမျိုထားလို့။

အကြိမ်ကြိမ် ပျော်ရွှင်ထားတာပဲ
ပျော်ရွှင်မှုတွေက
ထပ်တူ မကျချင်ဘူး
အားငယ်မှုတွေ သိပ်ထည့်ထားလို့။

အခါခါ မက်ခဲ့တာပေါ့
အိပ်မက်တွေက
ခုထိ အကောင်အထည် မရှိသေးဘူး
တားဆီးတွေ သိပ်များလွန်းလို့။

ရှေ့သို့
သူငယ်ချင်းရေ
မင်းရဲ့ အဲ့ဒီ အပြုံးတွေ
မင်းရဲ့ အဲ့ဒီ ပျော်ရွှင်ခြင်းတွေ
မင်းရဲ့ အဲ့ဒီ အိပ်မက်တွေ
ဆက်သွား သူငယ်ချင်း
ဆက်သွား...........








Thursday, September 3, 2009

မိုးအကုန် စက်တင်ဘာ


အဲ့ဒီလမှာပဲပေါ့
စောစောစီးစီး
ရိတ်သိမ်းခံခဲ့ရတာ။
မှတ်မှတ်ရရ
တော်သလင်းနေ
ပုဇွန်သေတဲ့( သေခဲ့ပါတယ် အသေအချာ)
တကယ်ဆို
ဆောင်းဝင်မှ တလင်းပြင်ရမှာပါ။
ရာသီက ဆန္ဒကိုစောလွန်းတယ်။

တစ်ကျော့ပြန် နောက်တစ်လပေါ့
ဆီမီးတွေ ထိန်ထိန်လင်းကြမယ်
ဆုံနေကြ
မနက်ဖြန်တွေ
နေဝင် မီးမှိတ် အိပ်ခဲ့ရပြီ။
တကယ်ဆို
နှင်းမြင်မှ အခင်းပြင်ရမှာပါ
ရာသီက ဆန္ဒကို စောလွန်းတယ်။

ကဲ ကြည့်
ဆက်ကြမယ်
ဆက်ကို ဆက်ကြမယ်
ရာသီမှန် ဒီအလွမ်းတွေနဲ့
နေဝင်လည်း မစောနဲ့
ရာသီလည်း မရောနဲ့
မနက်ဖြန်ရဲ့ နေ့သစ်တွေ
နေ့သစ်ရဲ့ မနက်ဖြန်တွေ
တက်ညီလက်ညီ
ဆီမီးထိန်ထိန်နဲ့ ကြိုကြစို့။


Wednesday, September 2, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၄)

တွေးလက်စတွေ ပျောက်နေခဲ့တာကြာပါပြီ။ ခုတော့ ပြန်တွေးဖို့ ဆက်ချင်နေပါတယ်။ အတွေးဆိုတာ ကတော့ မအိပ်ခင် စပ်ကြား တရစပ်တွေးနေကြတဲ့သူတွေချည်းပါပဲလေ။ ကိုယ့်အတွေးကို သူများပြော ဖို့ဆိုတာက ထင်ပါတယ်၊ နည်းနည်းတော့ခက်နေမယ်ဆိုတာလေ၊ အတွေးချင်း တိုက်ဆိုင်သဘောတူဖို့ ဆို တာကလည်း ခက်တော့ခက်သားပေါ့။

တစ်ခါတစ်ရံ ကိုယ့်အကြောင်းတွေ စဉ်းစားဖြစ်တာတွေက သူများအတွက်တော့ အပိုတွေဖြစ်ကောင်းဖြစ် နေမယ်လေ။ အများအတွက် စဉ်းစားမိတာကတော့ ကိုယ်စဉ်းစားတာ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်တွေးဖြစ် လို့ လုပ်ချင်တာတွေဟာနားထောင်သူ(သို့မဟုတ်)ဖတ်မိသူတွေနဲ့ ထပ်တူကျဖို့ဆိုတာ လွယ်တော့မလွယ်ဘူး ပေါ့လေ။

အများအတွက်ဆိုတာ တွေးဖြစ်လိုက်ရင် တွေးနေဆဲမှာပဲ တော်တော်စိတ်ချမ်းသာရပါတယ်။ ကိုယ်လုပ်တာ
ကိုယ်ဖြစ်စေချင်တာတွေ မျှဝေနားလည်ပေးမယ့်သူတွေ ရှိနေတယ်ဆိုတာ သိနေရရင် ပိုပြီး စိတ်ဓါတ်တွေက တက်ကြွစေပါတယ်။ ဒါလည်း မျှဝေခံစားဖူးမှပါ။

တစ်ချို့ထင်တာက နိုင်ငံရေးဆိုတာ နေရာတစ်ခုရချင်လို့(သို့မဟုတ်)အာဏာတစ်ခုရချင်လို့ ဆိုပြီး တွေးတတ် လေ့ရှိပါတယ်။ ကျနော်တွေးတဲ့ နိုင်ငံရေးက ကိုယ်လုပ်နိုင်လို့လုပ်တဲ့အနေအထားမှာ ကိုယ့်နိုင်ငံအတွက် ကိုယ် ဘယ်လောက်အထိ ဘာတွေလုပ်ပေးနိုင်လည်းဆိုတာဟာ ကျနော့်အတွက်နိုင်ငံရေးပါ။

ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် ချို့တဲ့မှုဆိုတာ(သို့မဟုတ်)စိတ်မချမ်းသာမှုဆိုတာ ကိုယ့်ဝန်းကျင်မှာတော့
တွေ့နေရမှာပဲ။ အားငယ်မှုတွေ စိတ်ဓါတ်ကျမှုတွေ အလိုမကျမှုတွေ အားလုံးပေါ့။ ဒါတွေကို ကျနော်တတ်နိုင်တဲ့ ဘက်က လုပ်ပေးနေခြင်းဟာ ကျနော့်အတွက် နိုင်ငံရေးပါ။

နိုင်ငံရေးနဲ့လူမှုရေး
လူမှုရေးနဲ့နိုင်ငံရေး
ခွဲခြားလို့ မရတာတော့ အသေအချာပါပဲ။

သိစေချင်တယ်။ကျနော်ချစ်တဲ့ ကျနော့်လူမျိုးတွေ တိုးတက်စေချင်တယ်၊ ကြီးပွါးစေချင်တယ်၊ ရင်ဘောင်တန်း အသိပညာ၊အတတ်ပညာတွေကို သိစေချင် တတ်စေချင်တယ်။ ဒါတွေကို လုပ်ပေးခွင့်မရဘူးဆိုရင် (လုပ်ပေးခွင့် အတွက် နံရံတွေ ခြားနေလို့ လုပ်မပေးနိုင်ဘူးဆိုရင်) ကိုယ့်နိုင်ငံကို တကယ်ချစ်တာရော သေချာရဲ့လား။

ကိုယ့်နိုင်ငံကို ကိုယ်တကယ်ချစ်ရင်တော့ ဘယ်လိုပဲလုပ်ရ လုပ်ရ (နောက်ဆုံး ခိုးကြောင်ခိုးဝှက်ပဲ လုပ်လုပ်ပေါ့ ) လုပ်စေချင်ပါတယ်။ ကိုယ်ချစ်တာ ကိုယ့်ပြည်သူတွေကိုး။ ဟုတ်ဖူးလား။ ကျနော်သိတဲ့ နိုင်ငံရေးဟာ ငါးမျှားတာ
မဟုတ်ပါဘူး။ ကွန်နဲ့ပစ်တဲ့ ငါးဖမ်းခြင်းမျိုးပါ။ ကိုယ်လိုချင်တဲ့ ကိုယ်ဖြစ်စေချင်တဲ့အရာတွေ များများရဖို့အတွက်
မဟုတ်ဘူးလား။ ကိုယ့်လူမျိုးကို ချစ်တာဟာ တစ်ကိုယ်ရေကောင်းစားရေးအတွက် မဖြစ်မိဖို့တော့ အရေးကြီးတာ ပေါ့။

ကျနော်တို့စွန့်စားပေးဆပ်သမျှဟာ ပုစ္ဆာတွေဖြေနေခြင်းလည်း ဖြစ်နိုင်ပါတယ်။ လွယ်လွယ်လေးပါ။ ကျနော်တို့ ငယ်ငယ်က စာသင်ကျောင်းလေးရဲ့ အခန်းကျဉ်းလေးထဲ ဆရာကြီးရဲ့ ကြိမ်လုံးအောက်မှာ ဖြေခဲ့ရသလိုမျိုးတော့ ဖြစ်ချင်ဖြစ်မှာပေါ့လေ။

ပုစ္ဆာကလွယ်ပေမယ့် မဖြေရဲတာ။ မဖြေရက်တာ။ ဖြေဖို့ခက်နေတာ(လူသိမခံချင်လို့ပဲဖြစ်ဖြစ်ပေါ့)။ အဲဒီလို အကြောင်းတရားမျိုးတွေတော့ ရှိတန်ကောင်းပါတယ်။
သူငယ်တန်းကတည်းက မေးခွန်းမျိုးပါ။

1+1= ?
1-1= ?
1/1= ?
1*1= ?

အဖြေကသိပြီသားပါ။
ကိုယ့်လုပ်ချင်တဲ့အလုပ်ရလာဒ်ဟာ ဘယ်ဟာက များသလဲဆိုတာ စဉ်းစားစေချင်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ရလာဒ်ကို အမြဲစောင့်ကြည့်နေဖို့တော့ လိုပါတယ်။

ဆင့်ပွါးစဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်တကယ် ကိုယ့်နိုင်ငံကို ချစ်တယ်ဆိုရင်ပေါ့လေ။

Sunday, August 30, 2009

ကျနော်နဲ့ခါးခါးသီးသီး

နားထောင်ချင်ပ
လွတ်လွတ်လပ်လပ် တေးသံတွေ
ဘယ်မှာလဲ
အဲ့ဒီတေးသံတွေ
အဲဒါတွေပဲ
ကျနော်နဲ့
ခါးခါးသီးသီး။

ကြားချင်တာပ
လွတ်လွတ်လပ်လပ်စကားသံတွေ
ဘယ်မှာလဲ
အဲ့ဒီစကားသံတွေ
အဲဒါတွေပဲ
ကျနော်နဲ့
ခါးခါးသီးသီး။

ဖတ်ချင်တာပ
လွတ်လွတ်လပ်လပ်ခံစားမှုတွေ
ဘယ်မှာလဲ
အဲ့ဒီခံစားမှုတွေ
အဲဒါတွေပဲ
ကျနော်နဲ့
ခါးခါးသီးသီး။

ခါးသီးမှုတွေနဲ့ ကျနော်
ကျနော်နဲ့ ခါးသီးမှုတွေ
ဘယ်လောက်ထိ
ဓါတ်မတဲ့ နေမလဲဆိုတာ။


Saturday, August 29, 2009

နောက်ကွယ်


မပြည့်လို့ ဖြည့်ပေါင်းပေးနေရတာနဲ့
ငါလည်း မပြည့်သူဖြစ်ဖြစ်သွား
ဒီလိုနဲ့
ဝန်းကျင်တစ်ခုလုံး
မပြည့်သူတွေ ပြည့်နှက်။

တူးပို့ တူးပို့ ၃ခါလောက်နဲ့
ဝါကျပျက်သံစဉ်တွေကို
လာလာပြီး ဖတ်ပြနေတဲ့
ကိုယ်မွေးတဲ့ မျောက်က
ကိုယ့်ကို လာပြီးနှောက်
အဲ့ဒီ မပြည့်အိုးတွေ
များများလာလေတော့။

ဖြစ်စေချင်တာက
ကိုယ့်သမိုင်း
ကိုယ် ဘယ်လောက်ရေးပြီးပြီလဲ ။

အမှားများတဲ့လောကမှာတော့
ကျနော်တို့
ဘယ်လောက်ထိ ဖြည့်ပေါင်းနေရမလဲဆိုတာ
အခန်းဆက်တွေများလေတော့လည်း
ကဗျည်းတိုင်လေးတစ်ခု
ရေးချင်တဲ့ အဲ့ဒီစိတ်
ထိတ်ထိတ်နဲ့ မဖြစ်စေပါနဲ့။

မပြည့်အိုးတွေ
ဝေးကွာသွားရင်တော့။


Thursday, August 27, 2009

မသိကိန်းများ၏ သရုပ်မှန်

အဲ့ဒီမနက်က သူတို့တစ်တွေ
လဘက်ရည်ဆိုင်မှာ
နောက်ကျမှုများစွာနဲ့
ပြန်ဆုံဖြစ်ကျ။

တစ်ယောက်က
စီးပွါးရေးသမား
သောက်ထားသမျှ
ရှင်းပေးမယ့်ပုံစံနဲ့
အသံ ဟောင်ဖွာ ဟောင်ဖွာ
စကားတွေ ကြဲချ။

တစ်ယောက်က
ဘောလုံး ဝေဖန်ရေးသမား
သူ့ခေါင်းထဲမှာ
နိုင်ငံတကာအားသမားတွေ
သိပ်ထည့်လို့
ဘောလုံးကန်တတ်လားဆိုတော့.........
No ။

တစ်ယောက်က
အရောင်းအဝယ် ပွဲစား
အမှားမခံဘူးတဲ့၊
စီးပွားရေးဂျာနယ်တစ်ခုလုံး
အရည်ကျို သောက်ထားရင်း
အမြတ်တော့ ထွက်ရမယ်ပုံစံနဲ့။

တစ်ယောက်က
သတင်းစာတိုက်က အယ်ဒီတာ
နာရေးကလွဲလို့
အမြဲ တိုးတက်နေကြောင်း
သတင်း အာဘော်အားကိုးနဲ့
နောကျေတာက ဘာမှမသိတာ တစ်ခုပဲ။

သူတို့က
ဒီအတိုင်း
သွားနေကျဆဲ
စီးဆင်းနေကျဆဲ
အလိမ်ခံနေရဆဲ
လှိုက်စားခံနေရဆဲ။

ဘယ်လောက်ထိ
ရပ်တည်နေမယ်ဆိုတာတော့။









Tuesday, August 25, 2009

အပြုံးများ




အဲ့ဒီမျက်နှာတွေ
ခုခံဖို့အတွက်
ရဲရဲတင်းတင်းပေါ့
ပြုံးလိုက်စမ်းပါ.......
ကိုယ့်တို့အိပ်မက်ထဲထိ
လာနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီ ခုနစ်ထွေစိတ်ယုတ်တွေ
တွန်းလှန်ဖို့
အေးအေးဆေးဆေးပေါ့
ပြုံးနေလိုက်ပါ...............
ကိုယ့်တို့စိတ်ကူးထဲထိ
လာမနှောက်ယှက်ပါဘူး။

အဲ့ဒီ ပုံမမှန်အပြောတွေ
ရင်ဆိုင်ဖို့
နွေးနွေးထွေးထွေးပေါ့
ပြုံးလိုက်စမ်းပါ..................
ကိုယ်တို့ပျော်ရွှင်မှုကို
လာမတားနိုင်ပါဘူး။

လှလွန်းလို့
ပြုံးလိုက်စမ်းပါ
အားပါးတရပြုံးလိုက်စမ်းပါ
(မဲ့ပြုံးတော့မဟုတ်ဘူးပေါ့ကွယ်)



Sunday, August 23, 2009

အနှစ်မဲ့ ရုပ်သေများ

သူ့ကိုယ်သူ
မသေတော့မယ့်လူလို
ပြုမူနေလိုက်တာ
တကယ်ဆို
ဖြစ်သင့်တာက
ကြင်နာစွာ ပြုမူသင့်တာ။

သူ့ကိုယ်သူ
အောက်ပြန်ကျမယ့်သူ
မဟုတ်သလို
ပြောဆိုနေလိုက်တာ.......
တကယ်ဆို
ပြောသင့်တာက
နားဝင်ချိုချို ပြောဆိုသင့်တာ။

သူ့ကိုယ်သူ
အမြဲတမ်း အောင်နိုင်နေမယ့်သူလို
နိုင်ထက်စီးနင်း လုပ်နေလိုက်တာ.........
တကယ်ဆို
လုပ်သင့်တာက
ဖေးဖေးမမ လုပ်သင့်တာ။

သူ့ကိုယ်သူတော့ ..........
သူ့ကိုယ်သူ .............
သူ့ကိုယ် ...............
သူ့ ..............





ချွေးသိပ် ရင်ခွင်


အမေ
အိမ်မပြန်လာတဲ့သားလို့
အပြစ်မတင်ပါနဲ့ အမေ။
အမေ့သား
အိမ်မပြန်တတ်လို့
မဟုတ်ပါဘူး အမေ။
အေးမြတဲ့ အမေ့ရင်ခွင်
အမေ့သား ခိုလှုံချင်တာပေါ့။

ချိန်ခွင်လျှာတစ်ဖက်စောင်းနင်းတွေကြောင့်
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျဖို့
လိုက်တမ်းပြေးနေဆဲပေါ့ အမေ။

“လူလေးရယ်
မသေထမင်း မသေဟင်းတော့
အမေ ကျွေးနိုင်ပါသေးတယ်” တဲ့
အမေ ပြောခဲ့တဲ့စကား
ကြားနေဆဲပါ အမေ။
ဒါပေမယ့်
အမေ့သားကတော့
အမေ့ကို ပြန်မပြောနိုင်သေးဘူး အမေ။

အချိန်မီ
အမေ့ရင်ခွင်ဆီ
ပြန်ခိုလှုံ နိုင်ကောင်းပါရဲ့။
အားတင်းရင်းပေါ့ အမေ။
အမေ နေကောင်းပါစေ။




Wednesday, August 19, 2009

အလွဲများ


လူမှန် နေရာမှန်တဲ့။
ရုန်းထွက်ခြင်းတဲ့။

လူမှန်ပြီး
နေရာမှန်မရောက်တော့
အဲ့ဒါ အလွဲ(၁)ပေါ့။

နေရာမှန်ရှိနေလည်း
လူမှန်က မရောက်ပြန်တော့
အဲ့ဒါ အလွဲ(၂)။


ရုန်းတဲ့သူရှိပြန်တော့
ထွက်တဲ့သူမရှိ
အဲ့ဒါ အလွဲ(၃)။

ထွက်သူရှိပေမယ့်
ရုန်းသူမရှိပြန်
အဲ့ဒါ အလွဲ(၄)

အလွဲတွေ အမှန်ရောက်ဖို့
ရုန်းထွက်ခြင်းတွေနဲ့အတူ
လူမှန် နေရာမှန်ဖို့အတွက်တော့
အလွဲများစွာ
စားသုံးနေရအုံးမှာပဲ။




တွေးလက်စ နံနက်ခင်းအတွေးများ(၃)


ဒီနေ့မနက်တော့ ကော်ဖီသောက်ပြီး အိမ်တံခါးဝမှာ သတင်းစာထိုင်ဖတ်နေရင်း အမှတ်မထင် အုတ်နံရံကို ကြည့်မိလိုက်တယ်။ ဘာသွားတွေ့မိလည်းဆိုတော့ မကိုက်တတ်တဲ့ ပုရွက်ဆိတ်အနက်ကောင်တွေ အလုပ်များနေတာတွေပါ။

ချီနေတဲ့အစာက သေနေတဲ့ ပိုးကောင်တစ်ကောင်ပဲ။ ဝိုင်းချီနေတဲ့ပုရွက်ဆိတ်ထက် အစာဖြစ်တဲ့ ပိုးသေ ကောင်က ပိုကြီးနေတယ်။ အပေါ်ကို ချီတင်နေတာလား၊ အောက်ကို ချီချနေတာလားဆိုတာ ဆုံးဖြတ် လို့မရသေးတဲ့ အချိန်ဖြစ်နေလို့ပါ။

ပိုးသေကောင်ရဲ့ပတ်ပတ်လည်မှာ ဝိုင်းအုံးပြီး အောက်မကျသွားအောင် အပေါ်ကဆွဲတင်အားအောက်က တွန်းတင်အား တွေနဲ့ ထိန်းထားတာ တစ်ကယ်အံ့သြစရာကောင်းတယ်။ သတင်းပို့တဲ့အကောင်က ပို့၊ ဘေးနားက ရံထားတဲ့အကောင်က ရံနဲ့ လုပ်နေကြတာ တက်ညီလက်ညီပဲ။ ဒီကြားထဲ ဘေးကဝိုင်းထားတဲ့ အကောင်တွေ ထဲက နှစ်ကောင်က အပေါ်ကနေ တက်စီးနေတာလား ဒါမှမဟုတ် သူတို့ ဝင်ကူနိုင်တဲ့နေရာကို လိုက်ရှာနေတာ လား မသိဘူး၊ နောက်တော့ ပြန်ဆင်းသွားတယ်၊ ကပ်ပါးခို တက်စီးတဲ့အကောင်တွေ မဟုတ်တာ သေချာတယ်။

ပိုးသေကောင်ရဲ့အလေးချိန်က ကြီးနေတော့ အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်နေလိုက်တာ ကျနော် နာရီဝက်လောက်ထိုင်ကြည့်ပြီးတောင် သူတို့သွားမယ့်လမ်းကြောင်းကို သေချာမသိရသေးတာဘူး။ ကျနော်လည်း အိမ်ထဲ ပြန်ဝင်ခဲ့တယ်။ အိမ်ထဲမှာ ဆက်ပြီးသတင်းစာ ဖတ်နေပေမယ့် စိတ်ကတော့ သူတို့ဆီ ရောက်နေတယ်။

၄၅မိနစ်လောက်ကြာတော့ သွားကြည့်လိုက်တဲ့အခါမှာ သူတိုအိမ်ဖြစ်တဲ့ တံခါးဂျက်ထားတဲ့ အပေါက်ရဲ့ နှာခမ်းဝ နားကို ရောက်နေပြီ။ ဒီတော့မှ သူတို့ဟာ အစာကို အပေါ်တင်နေကြတာကိုးလို့ ကျနော်သဘော ပေါက်လိုက် တယ်။ သူတို့အတွက်တော့ တကယ်ဂုဏ်ယူစရာပေါ့။

ဒါနဲ့ ဆက်စဉ်းစားဖြစ်တာက ကျနော်တို့ လူမျိုးတွေ ဒီလိုစိတ်ဓါတ်မျိုး ရှိစေချင်လိုက်တာ။ ငါတစ်ယောက် တည်း ငါ့မိဘ၊ ငါ့ဆွေမျိုးသာချမ်းသာစေရမယ်ဆိုတဲ့စိတ်ဓါတ်မျိုးမထားဘဲ တစ်ခြား တစ်ဦးတစ်ယောက် ကြီးပွါးတိုးတက် ဖို့ကို အပြန်အလှန် ဝိုင်းဝန်းကူညီ လက်တွဲခေါ်ကြရင်.............။

ငါကောင်းစားရေးဝါဒကတော့ ဘယ်လောက်အတိုင်းအတာထိ ခံနိုင်မလဲ...........။

ငါကောင်းစားရေးဝါဒကို ဖြုတ်ပြီး အများကောင်းစားရေးဝါဒကို ဘယ်လိုတည်ထောင်ကြမလဲ..............။

တကယ်တော့ အားလုံး အများကောင်းစားရေးစိတ်ဓါတ်၊ သူရဲကောင်းစိတ်ဓါတ် မွေးမြူလိုက်ရင် အများ ကောင်း စားရေးဝါဒဟာ ထွန်းကားလာဖို့ သိပ်မကြာဘူး။
အများကောင်းစားရေးစိတ်ဓါတ် မွေးမြူကြပါစို့။



Tuesday, August 18, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၂)


တွေးလက်စ လို့ရေးထားပေမယ့် တွေးဖြစ်ပေမယ့် မရေးဖြစ်တာနဲ့ တွေးဖြစ်တာ တွေ ခုမှရေးဖြစ်ပါတော့တယ်။
ကွန်ပျူတာရှေ့ တင်ပါးအပူမခံနိုင်တာ တစ်ဒုက္ခလို့ ဆိုရမယ်ထင်ပါတယ်။

ဒီနေ့မနက်တော့ သဘာဝဖြစ်တည်မှုကို ဒီအတိုင်းထားပြီး ကုလားထိုင်ပေါ် ကော်ဖီခွက်ကိုင်ကာ အိမ်ရှေ့ လမ်းမကို အမှတ်တမဲ့ ကြည့်လိုက်မိတယ်။ တွေ့မိတာက ခြေထောက်တွေ ချည်းပဲ။ ခြေသလုံးအထက် ဘာမှမမြင်ရဘူးလေ။ ဘယ်လိုကြည့်တာပါလိမ့်လို့ ထင်နေမှာပေါ့။ အိမ်ရှေ့ တံခါးမကြီးက ခြေသလုံးအထက်ပိုင်းကို မမြင်အောင် အလုံပိတ်ထားလို့ပါ။ တောင် မြောက်သွားနေကြတာ နည်းမှမနည်းဘဲကိုး။ ခြေထောက်ဖတ်တတ်တဲ့ သင်္ကေတ မသိလေတော့ ဘယ်သူ ဘယ်ဝါဆိုတာလည်း မသိတော့ဘူး။ မျက်စိတစ်ဆုံးလည်း လိုက်မကြည့်ဖြစ်တော့ဘူး။ ခြေထောက်ဆိုတာပဲ တစ်ခဏ အမြင်လေး ပဲရှိတာလေ။

တစ်ချို့က ဖိနပ်အကောင်းတွေစီးပြီး သွားကြ၊ ကိုယ်တိုင်ချမ်းသာတာလား၊ မိဘဆင်ပေးထားတာလားဆိုတာ အတွေးတွေ တစ်စီတစ်တန်း..................။

တစ်ချို့က ဖိနပ်ခပ်နွမ်းနွမ်းလေးတွေ စီးလို့၊ ဒါဟာ ခြေထောက်ပိုင်ရှင်ရဲ့ ပစ္စက္ခ စီးပွားရေးနဲ့ဆိုင်နေသလား၊
မိသားစုအတွက် ငဲ့ညှာပြီး စီးလို့ဖြစ်ပါသေးတယ်ဆိုပြီး ပေတေပြီး ဆက်လက်စီးနေကြသလား..............။

တစ်ချို့ကြတော့ ဖိနပ်မပါ မိမွေးထားတဲ့ ခြေထောက်အတိုင်း လုပ်တိုင်းမဖြစ်သေးတာလား၊ မလုပ်ဖြစ်သေး တာလားဆိုတာတော့ သူကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။

အားလုံးသွားနေကြမှာပဲ။ တစ်နေရာဆီကိုပေါ့။ မရောက်မချင်းသွားနေရအုံးမှာပါ။ သွားရင်း လမ်းပျောက် တဲ့သူတွေလည်း တွေ့ရမှာပါ။ (ဖေးမလို့ ရရင်တော့ သွားကြသူတွေအချင်းချင်း လက်တွဲခေါ်လိုက်ပါ)
တစ်ခါတစ်ခါ သွားရင်း သွားရင်းနဲ့ မွေးရပ်မြေနဲ့ဝေးသွားကြသူတွေလည်း မနည်းပါ။ သွားတိုင်းလည်း ကောင်းသလားဆိုတာတော့ အသွားရပ်မှ စဉ်းစားမိသလိုမျိုး ဖြစ်နေမှာထင်ပါတယ်။ ကျနော်ကတော့ ဝေး ဝေးရောက်လေ မွေးရပ်မြေကို ပိုလွမ်း လွမ်းလေပါပဲ။

ဘာပဲဖြစ်ဖြစ် မိဘရင်ခွင်ဆီတော့ ခြေဦးပြန်လှည့်ဖြစ်အောင်တော့ ကျနော်ကြိုးစားရအုံးမှာပါပဲ။
ခုချိန်ထိတော့
ကျနော်လည်း...................................။


ပြုံးဖြဲဖြဲ ကတိစကားတွေကြောင့်


အဲ့ဒီညက
ပြောနေကြ
အထူးအဆန်း စကားတွေပျောက်ဆုံး
ဂျပိုး(ကြမ်းပိုး)မရှိပါဘဲ
အကိုက်ခံရတဲ့အဖြစ်
အဲ့ဒါ
ပြောမိတဲ့
ပြုံးဖြဲဖြဲ ကတိစကားတွေကြောင့်။

အိပ်မရတာနဲ့
တွေ့ရာ စာအုပ်တွေဖတ်မိ
စာတွေဖတ်ရင်းနဲ့
(ဆရာသုမောင်ကို သတိရ)
မြန်မာစာကို မြန်မာလို
ဘာသာပြန်နဲ့ ဖတ်ရမယ်အဖြစ်
အဲ့ဒါ
ပြောမိတဲ့
ပြုံးဖြဲဖြဲ ကတိစကားတွေကြောင့်။

သန်းခေါင်ကျော်တော့
အဝင်ရှိလို့
အထွက်ရှိတာဆိုတဲ့ နိယာမ က
အရည်ထွက်သွန်ရတာ ခဏ ခဏ
စိတ်တိုတိုနဲ့
တန်ပြန် နိယာမ ဆိုပြီး
ရေနှစ်ခွက် ဆင့်သောက်လိုက်တယ်
အဲ့ဒါ
ပြောမိတဲ့
ပြုံးဖြဲဖြဲ ကတိစကားတွေကြောင့်။

မော်ဒန်ကိုရင်တို့ရေ
မိုးလင်းရင်တော့
ကျနော့အတွက် ကော်ဖီကြမ်းတစ်ခွက်
ကြို မှာထားလိုက်။ ။



Monday, August 17, 2009

အဆင်မပြေမှု ပြဿနာ

တစ်စုံတစ်ယောက်ကို
အဆင်ပြေလားလို့ မေးလိုက်ရင်
ပြန်ပြောကြတယ်
ဒီလိုပါပဲ တဲ့။

ဒါနဲ့
သူငယ်ချင်းတစ်ယောက်ကို
အဆင်ပြေလားလို့ မေးလိုက်တော့လည်း
ဒီလိုပါပဲ တဲ့။

မိတ်ဆွေတစ်ယောက်ကို
အဆင်ပြေလားလို့ မေးကြည့်တယ်
ဒီလိုပါပဲ တဲ့။

ဆရာတစ်ယောက်ကို
အဆင်ပြေလားလို့ စနည်းနာကြည့်တော့လည်း
ဒီလိုပါပဲ တပည့်ရာတဲ့။

တောကလာတဲ့ လူကို
အဆင်ပြေလားလို့
သတင်းစကားမေးမိတော့လည်း
ဒီလိုပါပဲ တဲ့။

ကျနော်တို့နိုင်ငံမှာ
တိုးတက်ကြီးပွားနေပြီလို့
ပြောနေတာကြားရင်
ဒီလူတွေ ဟားတိုက်ရယ်တာနဲ့
ကျနော့ နားနှစ်ဘက်
ဘယ်ညာပြောင်းသွားမလား မသိဘူး

ဒီလိုဆို
ကျနော့ကို
အဆင်ပြေလားလို့ ပြန်မေးရင်
ကျနော်လည်း............။

Sunday, August 16, 2009

ဥပါဒါန် တိုက်စားမှု

မနက်ဖြန် မရောက်ချင်တာနဲ့
ဒီနေ့ကို သော့ခတ်ထားလို့ မရဘူး
စိတ်ကူးတွေက အရင်ရောက်နေလိမ့်မယ်
သေချာတယ်။

အလွမ်းတွေ လွမ်းမှာ ကြောက်တာနဲ့
ချစ်မိတဲ့ အချစ်ကို ချိပ်ပိတ်ထားလို့ မရဘူး
ကြည်နူးမှုက အရင်ရောက်နေလိမ့်မယ်
သေချာတယ်။

သေချာတာ မသေချာတာက
ဘယ်ဘူတာ ဆင်းရမယ်ဆိုတာ
ကျနော် မသိသေးတာပဲ။ ။

Saturday, August 15, 2009

မြင်ကွင်းကျယ် မှန်တစ်ချပ်

ငါတို့ဟာ
ငြိမ်းချမ်းချင်သူတွေပါ
အိပ်မက် မက်ဖို့
လက်မှတ်ဖြတ်ဖို့ လိုသလား
အိပ်မက်ဆိုတာ
လူတိုင်းမက်ခွင့်ရှိပါတယ်
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ
ငါတို့ဟာ.................။

ငါတို့ဟာ
နွေးထွေးချင်သူတွေပါ
အတွေး တွေးဖို့
ဖြတ်သန်းခွင့်လိုသလား
အတွေးဆိုတာ
လူတိုင်း တွေးခွင့်ရှိပါတယ်
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ
ငါတို့ဟာ..............။

ငါတို့ဟာ
ညီညွတ်ချင်သူတွေပါ
လှိုက်လှိုက်လှဲလှဲ ပြုံးဖို့
ခွင့်တောင်းဖို့ လိုသလား
အပြုံးဆိုတာ
လူတိုင်း ပြုံးခွင့်ရှိပါတယ်
ဒါပေမယ့်
ဒါပေမယ့်ပေါ့လေ
ငါတို့ဟာ................။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ
မင်းနဲ့ငါ
ငါနဲ့မင်း
အချင်းချင်း
အိပ်မက်တွေမက်ဖို့
အတွေးတွေတွေးဖို့
အပြုံးတွေ ပြုံးရဖို့
အရေးကြီးတယ်
ဒါ
အရေးကြီးတယ်။ ။

Thursday, August 13, 2009

တွေးလက်စနံနက်ခင်းအတွေးများ(၁)



ပြီးခဲ့တဲ့ နံနက်ခင်းတွေကတော့ သူလိုကိုယ်လိုပဲ ပြီးသွားခဲ့တယ်။ ဒီနေ့မနက်တော့ တွေးစရာတွေ ရှိလာခဲ့တယ်။ မတွေးလို့လည်း မဖြစ်ဘူး။ တွေးရမှာပေါ့။

အိပ်ရာကထပြီး အခန်းအပြင်ထွက်လိုက်တော့ နေရောင်မတွေ့ရသေးဘူး။ ဘယ်တွေ့ မှာလည်း နေရောင်က ၁၀နာရီထိုးမှတွေ့ရမှာကိုး။ ကိုယ်ထမိတာက မနက်၆နာရီလေ။ ငှက်တွေက အိမ်ရှေ့ စိန်ပန်း ပင်ထက်စီမှာ ကိုယ်မသိတဲ့ တေးသံတွေ သံစဉ်မပါပဲ သီဆိုနေကြပီလေ။ မြေသားကြမ်းပေါ်မှာ ဝါ ထိန်နေတဲ့ စိန်ပန်းရွက်သေးသေးလေးတွေနဲ့ အရောင်ပြယ်စပြု အနီရောင်ပွင့်ချပ်လေးတွေ ပွလို့။ ဒီအပင် အောက် ဒီနေရာမှာ နေသမျှတော့ တံမျက်စည်းလှည်းရတဲ့ ဝတ္တရားတစ်ခုတော့ လုပ်ဖြစ်နေအုံးမှာပါပဲ။

ပထမတော့ စိန်ပန်းပင်ကြီးကို ဒေါသနဲ့မော့ကြည့်ဖြစ်လိုက်တယ်။ နောက်တော့လည်း သဘာဝနဲ့နေသား တကျ ဖြစ်သွားတယ်။ စာလိုပေလို လူနဲ့သစ်ပင် သဟဇာတဖြစ်သွားတယ်ပြောရမလားပဲ။

လှည်းကျင်းပြီးတိုင်း စိန်ပန်းပင်ကြီးကို ဂုဏ်ယူတဲ့အနေနဲ့ မော့ကြည့်မိတယ်။ လူကြီးတဖက်စာ သာသာရှိ လောက်ပေါ့။ အလေ့ကျပေါက်လား လူစိုက်တဲ့အပင်လားဆိုတာတော့ မသေချာဘူး။ (သစ်ပင်ဖြစ်ခွင့်ပေးတဲ့ ဝန်းကျင်ကိုတော့ ကျေးဇူးတင်ရမှာပေါ့။) အရိပ်ပေးတာကို ကျနော်လည်း တော်တော်ကျေးဇူးတင်တယ်။

ပတ်ဝန်းကျင်ကို အပူကင်းဝေးစေတာဟာ ဒုက္ခမပေးတာနဲ့ အတူတူပေါ့။ ကမ္ဘာကြီးမှာ လူအချင်းချင်းကိုရော ပတ်ဝန်းကျင်ကိုရော ဒုက္ခအပေးတတ်ဆုံးက လူပဲဖြစ်မှာလေ။

လူရောသစ်ပင်ပါ သန်မာကြီးထွားဖို့ အပိုပစ္စည်းများစွန့်ထုတ်ရတာ သဘာဝပဲလေ။ လူတွေနဲ့သိပ်ကွာမယ် မထင်ဘူး။ သစ်ပင်က ရှာဖွေမစားရတာတခုပေါ့။ ရှာဖွေမစားရတာက သက်တမ်းပိုရှည်မယ်ထင်တယ်။ လူတွေက မခုတ်လှဲသရွေ့ ရေမြေလည်း ကောင်းမယ်ဆိုရင် သက်တမ်းပြည့်တော့ နေနိုင်ပါတယ်။ စိန်ပန်း ပင်ကြီး သေသွားရင်လည်း လူတွေအတွက် အခင်း သို့မဟုတ် လောင်စာအဖြစ် အကျိုးပြုမှာ မလွဲဧကန်ပေါ့။ သူ့ဗီဇ စိန်ပန်းမျိုးစိတ်ကိုတော့ မျိုးဆက်အနေနဲ့ ပေါက်ခွင့်ရတဲ့နေရာမျိုးစုံမှာ ဆက်လက်ပြန့်ပွားနေအုံးမှာပါ။

ကျွန်းပင်ဖြစ်ရ တာထက်စာရင် စိန်ပန်းပင်ဖြစ်ရတာက ပိုဂုဏ်ယူကောင်းလေမလားပဲ။ ကျွန်းပင်က တကမ္ဘာ လုံးအကြိုက် သစ်ပင်ဖြစ်နေတာကိုး။ သက်တမ်းရှည် ကျွန်းပင်ဖြစ်မယ်ဆိုရင်လည်း အခငွေကြေး ယူပြီးမှ မြင် ခွင့်ပေးမယ့်သဘောလေ။

ဆက်လက် စဉ်းစားမိတာက လူဖြစ်ခွင့်တော့ ရပြီ၊
စာနာတတ်တဲ့ လူပီသဖို့
ပတ်ဝန်းကျင်ကို ကျေးဇူးပြုတဲ့ လူဖြစ်ဖို့ ဆိုတာ ဒီစိန်ပန်းပင်ကြီးလောက် သေချာသလားဆိုတာ
စောင့်ကြည့်ရအုံးမှာပါ။



အစွန်းရောက် လိုချင်တပ်မက်မှု

ကိုယ်တို့ဆီ
သူ ၀င်လာပြီဆိုရင်....
အပေါင်းက အနှုတ်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရင်ဘတ်က နောက်ကျောဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
မိတ်ဆွေက ရန်သူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ချစ်သူက မုန်းသူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
အစုအဝေးက အထီးကျန်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
စည်းလုံးမှုက သွေးကွဲမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရိုးသားမှုက လိမ်ညာမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ပေးသူက ယူသူဖြစ်သွားတယ်။

သူ ၀င်လာ
သူ ၀င်လာပြီ..
သူ ၀င်လာပြီဆိုရင်....။