Wednesday, April 21, 2010

တွေးလက်စ နံနက်ခင်းအတွေးများ(၈)


မနေ့ည မီးက တမြန်နေ့ကလိုပဲ။ လာခဏ ပျက်ရင်အကြာကြီးနဲ့ အမှားအယွင်းများနေလိုက်တာ သန်းခေါင် ကျော်သွားရော။ Water Cooler အသုံးများလာတာ ပန်ကာအသုံးတည့်နေတဲ့ရာသီဆိုတော့ မီးကလည်း မနိုင်မနင်း လင်းပေးနေရတော့ ကြာတော့လည်း ဒဏ်မခံနိုင်လို့ ပျက်နေတာပဲနေမှာ။ အမိမြေမှာကတော့ ရေအားလျှပ်စစ်တွေများလေတော့ မီးမလာတာကလွဲလို့ မီးပျက်မယ်မထင်ဘူး။ မရှိမဖြစ်နဲ့ မရှိခဏအသုံး အနှုံးတွေနဲ့ အကျွမ်းတဝင်ဖြစ်နေတာကလည်း နေသားတကျ ဖြစ်နေပါပြီ။ ဘယ်နေရာမှာ ဘယ်လောက်ပဲ လင်းလင်း အားလုံးပြိုင်တူ မလင်းသရွေ့ကတော့ တန်းတူအခွင့်အရေးမရှိသေးတာပဲပေါ့။

ရာသီကတော့ တစ်ခုပြီး တစ်ခု ဟောင်းသွားလိုက် အသစ်လာလိုက်နဲ့ ရာသီတွေ လည်ပတ်နေဆဲ။ သစ်ပင် တို့လည်း ရွက်ဟောင်းချွေလိုက် ရွက်သစ်ဝေလိုက်နဲ့ ကာလတွေလည်း မရပ်မနားပေါ့။

ရာသီဥတုပြောင်းလာတာနဲ့အညီ နွေမှာပွင့်မည့် နွေဒဏ်ကို ရင်ဆိုင်မည့် သစ်ပင်တို့လည်း အရွက်တဖားဖား အဖူးအပွင့်တို့ အားမာန်နဲ့ အသင့်ဖြစ်နေကြပြီ။ အိမ်ရှေ့က စိန်ပန်းပင်ကြီးလည်းအပါအဝင်ပေါ့။

အရွက်သေးသေးမွှားမွှား အဖူးအပွင့်များက တချို့အာတာတာ တချို့မခို့တရို့ပွင့် တချို့ အားရှိပါးရှိပွင့်နဲ့ နွေရဲ့ဒဏ်ကို ခံစားရပေမယ့် ဆန့်ကျင်ဘက်နွေအလှဆိုတာလေးကို ဖော်ကျူးချင်လို့ထင်ပ။ လှပနေလိုက် တာ နေတတ်ရင် ကျေနပ်စရာပဲဆိုတာ ဒါမျိုးဖြစ်မည်။

အိမ်ရှေ့က စိန်ပန်းပင်က ရဲရင့်ခြင်း အနီရောင်၊ မျက်စောင်းထိုးအနေအထားမှာ စိန်ပန်းပင်နောက်တပင်က အဝါရောင်ကို အနီလေးပါးပါးရောထားပြီး ရှေ့ပြေးအနေနဲ့ ဟိုကိုင်းမှာ တချို့ပွင့် ဒီဘက်ကိုင်းမှာ တချို့ပွင်နဲ့ အရင်လကတွေ့နေကျ စိန်ပန်းပင်၂ပင်ဟာ ခုတော့ စိန်ပန်းဆိုတဲ့နာမည်ကို နှစ်သစ်ကူးအဖြစ် မြင်တွေ့ရပြီ။

မိဂဒါဝုန်ကို နယ်သတ်ထားတဲ့ အုတ်တံတိုင်း ဟိုဘက်မှာတော့ ထင်းရူးပင် ဇီးဖြုပင်ခရေပင် ဂွေးခါးပင် ညောင်ခြေထောက်ပင် အတွင်းဘက်နားတွင် ကိုင်းဖျားသာ မြင်ရတဲ့သရက်ပင်တွေဟာ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ စိမ်းလန်း ဆိုပြေလို့။ အိမ်ရှေ့တည့်တည့် လမ်းဘေးမှာ ပေါက်နေတဲ့စိန်ပန်းပင်၂ပင်ကတော့ မာန်တင်းပြီး ရပ်တည်နေပေမယ့် အနာဂတ်အတွက် မသေချာ မရေရာ။ သစ်တပင်ခုတ် ထောင်၃နှစ်ဆိုတဲ့ ဆိုင်းဘုတ် လေး မချိပ်ထားပေမယ့် ပင်ကိုယ်အသိစိတ်ဓါတ် (သို့) ဥပဒေကို လိုက်နာမှုရှိနေတာကိုက စိန်ပန်းပင်ကို အသစ်ရှည်စေတာပါ။ လူသူဝေးတဲ့သစ်ပင်ဆိုရင်တော့ လောင်စာလိုအပ်ချက်နဲ့ သစ်ခေါက်ခွါမှုဆိုတဲ့ ဥပဒေ လက်တလုံးခြားလုပ်နေတာကို တခါတရံတော့ တွေ့ရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နေရာတခုယူထားပြီဆိုရင် နယ်ပယ်ကျယ်သည်နှင့်အမျှ ကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေ တာပါ။ သင်္ခါရကို နားလည်းထားရင် နေရာထက် စေတနာက ပိုပြီးအဓိကကျပါတယ်။ နေရာယူထားရင် ဘယ်လောက်အရိပ်ပေးနိုင်သလဲဆိုတာ အပူထဲကနေ အရိပ်ခိုဖူးရင် သစ်ပင်တစ်ပင်ရဲ့ အေးမြခြင်းပေးနိုင်မှု သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကို သိနိုင်ပါတယ်။ ကျနော်တို့လည်း ဘယ်လောက် အရိပ်ပေးနိုင်ပြီလဲ။ သစ်တစ် ပင်လောက် တန်ဖိုးရှိရဲ့လားဆိုတာ..............။

1 comment:

ကိုနော said...

ကိုယ့်ပေါ်ကျနေတဲ့အရိပ်တွေကို ဖယ်နိုင်မှ ကိုယ့်အရိပ်ကထွက်လာမှာ...၊