Saturday, November 27, 2010

ရင်ဘတ်ထဲက ပေးစာ

သူငယ်ချင်း

သတိရသကွာ။ မင်းတို့အမြင်မှာ ငါ ရေနည်းငါး ဖြစ်နေပြီလားကွာ။ ငါ့မှာရှေ့တက်ဖို့က အခြေအနေ မရှိဘူးလေ။ ငါးတစ်ကောင်လိုပေါ့။ ရှေ့အထက်မှာ ရေနည်းနေရင် အထက်ကို ဆက်တက်လိုက်ရင် အဆင်းမှာ အဲ့ဒီငါးအတွက် ဘယ်လိုဖြစ်မလဲ မင်းစဉ်းစားကြည့်။ ငါဟာ အဲ့ဒီအနေအထားပါ။ အဆုတ်အဆင်း တွေထက် ရပ်နေဖို့ ကြိုးစားနေရတာနဲ့ ငါ အချိန်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူး သူငယ်ချင်း။ မင်းမြင်စေချင်တဲ့ ငါတို့သူငယ်ချင်းတွေ မင်းပြောနေကျ တန်းတူအဆင့်အတန်းဆိုတာ ငါနားလည်တာပေါ့ သူငယ်ချင်းရာ။ မင်းကတော့ ဆက်တိုးသင့်တယ်လို့ မင်းယူဆမှာပေါ့။ မင်းလျှောက်ရမယ့်လမ်းကို ကြိုတင်ရွေးထားတာဆိုတော့ မင်းအတွက် ဟုတ်ကောင်းဟုတ်မယ် သူငယ်ချင်း။ ငါ့အတွက်ကတော့ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်း နှစ်လှမ်းဆုတ်ခဲ့ရတာတွေ မင်းလည်းသိမှာပါ။ တစ်ကယ်တော့ ဘဝဆိုတာ မင်းပြောသလို သစ်နေဖို့ကို ဆက်တိုးဖို့ပဲ အရေးကြီးတာပါဆိုတာ ငါမမေ့ပါဘူး။ ဒီလောက်နဲ့ရပ်နေဖို့ဆိုတာ ဘယ်သူမှ ကိုယ့်တံခါးကို ကိုယ်ပိတ်ထားမှာမဟုတ်ဘူးဆိုတာ သူသူကိုယ်ကို နားလည်ကြမှာပါ။ အကြောင်းကြောင်းကြောင့်လို့ ကံကြမ္မာကို အလိုလို လက်ညှိုးထိုးကြတာ ဘယ်သူ့အပြစ်လဲကွာ။ အချိန်အခါနဲ့ အခြေအနေကို စောင့်ကြည့်ရမလိုပါပဲ ဟုတ်ဘူးလား။ တစ်ခါတစ်ရံ မလှုပ်သာ မလှည့်သာဘဝအနေအထားမျိုးမှာ။ ငါတို့သူငယ်ချင်းတစ်ယောက် ပြောသလိုပေါ့ စောင့်ကြည့်ရုံ သက်သက်နဲ့တော့ ဒါက ဒီလိုရှိတယ်လို့ လုပ်မပြစ်ပါနဲ့တဲ့။ ဟုတ်တယ်နော် ငါတို့လည်း အဲ့ဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါကလည်း ထားခဲ့ရုံသက်သက်နဲ့တော့ အမှတ်တရမဖြစ်ခဲ့ကြပါဘူး။ အချင်းချင်း ပွင့်ပွင့် လင်းလင်းရှိဖိုဆိုတာ တစ်ကယ်လိုအပ်တဲ့ ကျင့်ထုံးတစ်နည်းပဲ။ မင်းကို ငါတို့က ခေတ်ရှေ့ပြေးလို့ သတ်မှတ်ထားတာလေ။ ကိုယ်တို့အချင်းချင်း စကားပြောလိုက်ရင် ငါတို့ ဘယ်အပေါက်က လိုက်ရ မလဲဆိုတာ ဖြစ်နေရတာ။ စာကို မင်းက တအားဖတ်တာကိုး။ မင်းရဲ့ကျေးဇူးနဲ့ ငါတို့တွေ စာတွေ ဖတ်ဖြစ်တယ်။ စာဖတ်ဖို့ ဝါသနာတွေပါလာတယ်။ စာတွေဖတ်ပြီး ရှေ့ဆက်အတွေးအခေါ်တွေကို ဆက်လက်ဆွေးနွေးကြတော့ မင်းရဲ့မျက်နှာ ပြုံးလို့။ မင်းကတွေးမှာပေါ့ ငါတို့တစ်တွေ ရှေ့ဆက်လုပ်ချင်တဲ့ အလုပ်တွေ အတွေးအခေါ်ညီညီနဲ့ လုပ်ကိုင်လို့ရပြီဆိုတာကိုပါ။ မင်းပြောနေကျ ငါတို့ အများအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ခုတော့ ငါမှာလည်း ရှိနေပါပြီ သူငယ်ချင်း။ မင်း ဝမ်းသာတော့ မင်းရဲ့မျက်လုံးမှေးမှေးလေးနဲ့ ပြုံးနေကျ အပြုံးလေးနဲ့။ သတိရတယ်ဆိုတာ လက်တို့ပြီး ပြောရမှာ မဟုတ်ပါဘူး။ ဟုတ်တယ်နော် မင်းနဲ့ငါကြား ဖလင်တစ်ကွက်စာလောက် သတိရနေကြရင် မင်းမက်နေ တဲ့အိပ်မက်တွေ ငါမက်နေတာပါပဲ။ ဒါပဲကွာ ဆက်တွေးကြသေးတာပေါ့။ 


မင်းရဲ့
အဝေးက နီးနေတဲ့ 
သူငယ်ချင်း

Wednesday, November 17, 2010

အဖြူရောင်နံနက်ခင်းနဲ့ အမည်းရောင်ညနေခင်းများ


တိမ်မည်းတွေအုပ်မိုးပြီး
ခိုးကြောင်ခိုးဝှက်မျက်နှာထားနဲ့
ငါ့ကို လာလာ မကြည့်နဲ့။

ကိုယ့်အတွေးအခေါ် ကိုယ့်အပြောအဆိုဟာ
လွတ်လပ်မှုကင်းရှင်းရဲ့လားလို့
ပြန်ဆန်းစစ်ရတာ ငါ့မှာအမော။

ဘယ်အတိုင်းအတာထိ
လှနေမှာလဲလို့မေးနေတာကိုပဲ
လှနေတာကိုက လှနေတာပါ။

ကြည့်တတ်သူတွေအတွက်ကတော့
ဘယ်သူ ဘာဆိုတာ
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ 
ပြောနေဖို့မလိုအပ်တော့ဘူး။

ဘုရားဇာတ်တော်ထဲမှာ တွေ့သလို
ကိုယ့်အကျိုးအတွက်
ဘယ်သူက ဘယ်လောက်ထိ ရက်စက်မှာလဲ
အများအကျိုးအတွက်
ဘယ်သူက ဘယ်လောက်ထိ သည်းခံမှာလဲ
ကဲ.......... မေးကြည့်မယ်
ငါတို့ဟာ
သူတော်ကောင်းလား?
လူယုတ်မာလား?


မှတ်ချက်။           ။ သူတော်ကောင်းယောင်ဆောင်ပြီး လူယုတ်မာတော့ မလုပ်မိပါစေနဲ့။

Saturday, November 13, 2010

နိုဝင်ဘာ(၁၃)


အလွတ်ရထားတဲ့စာတွေ
အလွတ်ပြန်ဆိုနေမိတယ်
“ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ”

ရလာဒ်တွေအဖြေပျောက်ဆုံးချိန်
အလင်းသဲ့သဲ့ တန်ဆောင်မုန်း
ငါ မျှော်လင့်မိတာ ငါ့အမှားလား။

ပြိုလာမယ့် မိုးကို 
ငါ မတားချင်ပါဘူး
ထဲထဲဝင်ဝင်ရွဲဆိုနေမယ့်နေ့ရက်တွေ
ခုရောက်လာခဲ့ပြီ
နေ့သစ်တွေကြိုကြ။

ဘုရားအဟောရှိတယ်
သတိ ပိုတယ်မရှိတဲ့
သတိတွေ မမေ့ကြနဲ့
ပညာနဲ့ ကြပ်ကြပ် သတိ။

မျှော်ရင်းနဲ့ ပျော်ခဲ့တယ်
ခရီးအတိုင်းပေါ့
ဒီနေ့ နိုဝင်ဘာ (၁၃)
အရင်အတိုင်းပဲ
ရဲသထက် ရဲရင့်ပါစေ။