Saturday, March 13, 2010

တန်ခူးလွန်မယ့် သင်္ကြန်


အတာတန်ခူးက
သူ့လမှာ ဒီနှစ်သင်္ကြန်မဲ့သွားလို့
နှစ်ကုန်အောင်အလွမ်းသည်(သယ်)လိမ့်မယ်တဲ့။

ပန်းပိတောက်က
မိုးမမိဘဲနဲ့တော့
ဟန်ဆောင်အပြုံးနဲ့
နှာမစေးတတ်ဘူးတဲ့။
မင်းလက်သီးပြင်းပြင်းတွေ
ငါ့ပါးလျှလျှကို မထိမချင်း
ရွှေအိုရောင်တွေနဲ့
“အား” လို့ ငါမအော်ချင်ဘူး။

(ဆန္ဒစောသူတို့ရဲ့)
ရှိသမျှရေတွေ
ရေလောင်းပြီး ပွင့်စေချင်တာ
အားနာပေမယ့်
သေတောင် မပွင့်ပေးဘူး။
မိုးမျှော်တာ ရေမျှော်တာမဟုတ်
ငါ့သိက္ခာ ငါ့မူကိုတော့
ဆုပ်ထားတဲ့လက်သီးအတိုင်း
နေဝင်သွားလည်း နောင်တမရဘူး။

သစ္စာမဲ့သူလို့ ထင်ချင်လည်းထင်ကြ
ပန်းမပွင့်လည်း
နာမည်ပျောက်မသွားဘူး။

လလွန်သွားပေမယ့်
မိုးမိတဲ့နေ့
သင်္ကြန်အမီတော့ နှာစေးပါ့ရစေ။
 

3 comments:

Crystal said...

ပိတောက်တွေ ပွင့်ချိန်ရောက်ပြန်ပြီ။

ဓမ္မဂင်္ဂါ said...

ငါ့ကိုယ်ငါ
ပိတောက်တွေဖြစ်အောင် မန်းမှုတ်
ငုတ်တုပ်သင်္ကြန်ရောက်စေသတည်း။

linnhtatshein said...

အဖူးဘ၀ မခူးခဲ့ရ
အငုံဘ၀ မကြုံခဲ့ရ
ကဗျာတစ်ပုဒ်ပမာ...