Monday, March 15, 2010

အဝေးက ကဗျာရွတ်ဖတ်သံ


သစ်မယ်ဆိုရင် သစ်ချင်တိုင်း 
သစ်ဆန်းကြလော့။
အဟောင်းကိုတော့
အသစ်မလုပ်မိစေနဲ့။

လွမ်းမယ်ဆို လွမ်းချင်တိုင်း
လွမ်းနေကြလော့။
အပြစ်ကိုတော့
အလွမ်းလို့ မလုပ်မိစေနဲ့။

ချစ်မယ်ဆို ချစ်ချင်တိုင်း
ချစ်မြဲ ချစ်ကြလော့။
ဘေးဖြစ်မှာကိုတော့
အချစ်လို့ မလုပ်မိစေနဲ့။

တကယ်တော့
ကမ္ဘာမြေကြီးက
မင်းယူနိုင်လို့ မင်းယူသွားတာ
အပြစ်ပြောနေမှာ မဟုတ်ပါဘူး။
ဘယ်အတိုင်းအတာထိ ယူနိုင်မှာလဲ...
လဲ ............
လဲ ............
လဲ ...........။

မင်းယူသွားတယ်ဆိုတာ
မင်းသိက္ခာတွေထားခဲ့ရတာပါ။

သမိုင်းဝင်ခြင်း
သမိုင်းတွင်ခြင်းဆိုတာ
မင်းသိက္ခာတရားအတွက်
မင်းဘယ်လောက်ထိန်းထားခဲ့သလဲဆိုတာ
ငါတို့ မင်းစာမျက်နှာတွေ
တခမ်းတနား ဖတ်ချင်စမ်းပ။

မွေးနေ့ဆိုတာက
မှတ်မှတ်ရရ
နောင် မွေးနေ့ဆီသို့ပေါ့။


ရည်ညွှန်း။     ။ မနက်ဖြန်မှာ ကျရောက်မယ့် ရှင်လေးမော်မွေးနေ့သို့

3 comments:

ashin kusalasami said...

သိပ်ကောင်းတဲ့ ကဗျာလေးလို့ ပြောလိုက်တာကိုက ကဗျာကို စော်ကားရာကျနေတော့မယ်။ ဘာပဲဖြစ်ဖြစ် ပြောလိုက်ပါရစေ။ အရမ်းအဓိပ္ပာယ်ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါပဲ။

Crystal said...

ကဗျာလေးက သမိုင်းဝင်မယ့်သဘောပါတယ်။ :)

မော်ကွန်းသစ် said...

ဆရာ ဂုရု အထူးကျေးဇူးတင်ပါတယ်။ နောင် အနှစ် ၉၀ တိုင်အောင် မွေးနေ့ ပွဲတွေ ကျင်းပနိုင်စေသော်