Tuesday, March 2, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၁)

ခံစားမှုဆိုတာ လူတိုင်း သူသူကိုယ်ကိုယ် ခံစားရတာခြင်းတူမှာမဟုတ်ပါဘူး။ ပြောရရင် တဦးနဲ့တဦးက ဦးတည်ချက်ခြင်းမတူတော့လည်း ခံစားရခြင်း တူမှာမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို သူတပါး နားလည်ဖို့ ဆိုတာ ဘယ်လိုမှ လွယ်တဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်က သူတပါးအနေအထားနဲ့ တွက်ရင် သူ့အတွက် အသေးအမွှား ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီလိုဆို ကျနော် ခံစားမိတာတွေ ဖတ်မိသူများနဲ့ သဘော ထားတိုက်ဆိုင်ချင်မှ တိုင်ဆိုင်မှာပါ။ ဒီအတွက် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ တကယ်တော့ လူတိုင်းမှာ ခံစားချက်ခြင်း မတူကြဘူးလေ။ အရာအားလုံးပေါ့။ 

ကျနော် ဒီပို့စ် ရေးဖို့အတွက် ဖတ်သူအတွက် တစ်ခုခုတော့ ရစေချင်တာ အမှန်ပဲ။ ခံစားမှုတွေဟာ တခါတရံ နားလည်မှုရဲ့ ကိုယ်စားဝင်လာတာလားလို့ ထင်မိပါတယ်။ မခံစားမိပေမယ့် နားလည်တာ ရှိသလို နားလည် ပေမယ့် မခံစားရတာတွေ ဒုနဲ့ဒေး တွေ့ဖူးလို့ပါ။ 

ကျနော့် ခံစားမှုက အဖေနဲ့ ပတ်သက်တာပါ။ အဖေကတော့ အသက်တွေ ထမ်းထားရတွေ များလာလို့ထင်ပါ့ မှတ်ဉာဏ်တွေနည်းသွားတာလား မသိဘူး။ အတိတ်တွေကို အတိတ်တွေအတိုင်းပဲ ထားလိုက်တာလား။ ဘာမှမထူးတော့လို့ ထားလိုက်တာလားတော့ ကျနော် မသိဘူး။ ဒါလည်း အဖေပဲ သိမှာပါ။ အဖေကတော့ ကျနော့်ရဲ့ အတိတ်က ပုံရိပ်တွေကို အဖေဆီမှာ မရှိတော့ဘူးလေ။ စိတ်မကောင်းဖြစ်တာတော့မဟုတ်ဘူး။ တာဝန်မကျေတဲ့ သားတစ်ယောက်လို့တော့ ဝမ်းနည်းမိတာပါ။ 

ဒီတစ်ခေါက် အဖေနဲ့တွေ့တော့ အဖေက အဖေပါပဲ။ ဇရာတွေကို မခုခံနိုင်တာက လွဲလို့ပေါ့။ 
တခါတရံ နီးခြင်းတွေဟာ ဝေးခြင်းတွေ ဖြစ်သွားတတ်တယ်။ ဝေးခြင်းတွေဟာ နီးခြင်းဖြစ်သွားတတ်တယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးဆိုတာ ကျနော် သိလိုက်ရပါတယ်။  အဖေ့စိတ်ထဲမှာ အကို့ကို တွေ့ချင်နေတဲ့စိတ်ကိုပါ။

အဖေက ကျနော်နဲ့တွေ့တော့ အဝေးက ကျနော့်အကို့ကို သိပ်တွေ့ချင်တဲ့ ခံစားမှုတွေကို အဖေ့မျက်နှာ ပေါ်မှာ ကျနော် အဖေနဲ့တွေ့တိုင်း ဖတ်နေရတယ်။ ဘာပဲပြောပြော အဖေကတော့ သူ့သားကြီးကို အားကိုး တာ နေမှာပါ။ အားကိုးမယ်ဆို ဒီအနေအထားက အားကိုးထိုက်တဲ့ အနေအထားပါ။ အကိုဘက်က အမြဲတမ်း အိမ်ပြန်နောက်ကျတဲ့သူ တစ်ယောက်ပါ။ ဒါလည်း အဖေက နားလည်ပေးထားတယ်။ ဘယ်သူမှ အပြစ်မရှိတဲ့ အနေအထားပါ။ မိဘတိုင်းရဲ့ ဆန္ဒပဲလို့ နားလည်မိပါတယ်။ အကိုက လက်ညှိုးကွေးတဲ့ ဌာနမှာ လုပ်တာဆိုတော့ အကို့အတွက် အဖေ့အိမ်ပြန်ရမှာကို ဘယ်လိုမှ လက်ညှိုးမဖြောင့်နိုင်ဘူးလေ။

ကျနော့်ဘဝထဲက အကိုထွက်သွားတော့ ကျနော်ငယ်ငယ်လေးရှိသေးတာကိုး။ဒါလည်း အကိုကြိုက်တာ နှစ် သက်တာ အကိုရွေးချယ်လိုက်တာကိုး။ အကိုရဲ့သိက္ခာကို သူပဲ ထိန်းမှာပေါ့၊ သူပဲ ဆယ်မှာပေါ့။ ကျနော့် အနေနဲ့ အကို့အတွက် ဂုဏ်ယူနေဖို့က လွဲလို့ တစ်ခြားမရှိပါဘူး။ ညီတစ်ယောက်အနေနဲ့ အကိုဟာ ရှေ့သွား လည်း ဟုတ်၊ နမူနာယူစရာလည်းဟုတ်ဆိုတော့ ကျနော်သိတတ်တဲ့အချိန်က နားလည်လိုက်တဲ့ ခံစားမှုပါ။

ကျနော်သိတာက ကျနော် အဖေ့ကို ချစ်တာတစ်ခုတည်းပါ။

No comments: