Thursday, March 4, 2010

အကိုရယ် အဖေရယ် ကျနော်ရယ်(၂)

ထပ်ပြောချင်တယ် အဖေ။
ကျနော် အဖေ့ကို ချစ်တာပဲ သိတာပါ။
အကိုကလည်း ချစ်နေမှာပါပဲ။ မလာနိုင်တာက လွဲလို့ပေါ့။ အဖေ့အနေနဲ့ အကို့ကို လွမ်းမယ်ဆိုလည်း တကယ့်ကို လွမ်းနေစရာပါ။ အကိုက ကျနော်နဲ့မတွေ့တာ ဆယ်စုနှစ်ကျော်ရောပေါ့။ အကိုနဲ့ ကျနော် နောက် ဆုံးတွေ့တာက ၁၉၉၃ခုနှစ်ကလေ။ အဖေ အကို့ကို တွေ့ချင်တာ ကျနော်ကိုယ်ချင်းစာလို့ရပါတယ်။ အကိုက အဖေ့ဆီ ပြန်မှ ပြန်မလာတာကိုး။ အကို့ကိုလည်း ကျနော်နားလည်ပေးထားတယ်လေ။ စိတ်ချင်းသာ နီးနိုင် ပေမယ့် အနေအထားတွေက မျက်နှာချင်းတွေ့ဖို့ဆိုတာ အကို့အနေနဲ့ အဖေ့ဆီပြန်လာရင် လမ်းခုလတ်က နေ ပြန်လှည့် ရမယ့်အနေအထားပါ။ 

အကို အရင်နေခွင့်ရတာက ရှမ်းပြည်တောင်ပိုင်းထဲက မြို့လေးတစ်မြို့။ အဖေနေတဲ့အရပ်နဲ့ဆို ခေတ် အနေအထားအရ တွေ့ဖို့ဆိုတာ တော်တော်ခက်တဲ့အချိန်ပါ။ ဒါလည်း ကျနော်က နောက်မှသိရတာပါ။ အဖေကြိုးစားပမ်းစားနဲ့ အကို့ဆီ အဖေသွားခဲ့သေးတယ်လေ။ သားသမီးအပေါ် အဖေဘယ်လောက် ချစ်တယ်ဆိုတာ ကျနော်အဝေးကနေ အနေနီးနေရတာပါ။ အကိုနဲ့ အဖေတို့က သံယောဇဉ်တွေကို အိတ် ကပ်ပြန်ငဲ့နေရတဲ့အခြေအနေပါ။ ဆိုတော့ အကိုနဲ့အဖေတို့ရဲ့ ချစ်ခြင်းတွေ ဘယ်လောက်ထိ ဆွဲဆန့်နိုင် မှာလဲ။

ကျနော် ရန်ကုန်ရောက်တော့ အကိုက စာရေးတယ်လေ။ ညီလေးရေ ၁၀တန်းအောင်အောင် ကြိုးစား ကွာတဲ့။ အကို ဆက်ဆံနေရတဲ့ ခံစားနေရတဲ့လမ်းကြောင်း အကိုပဲ သိမှာပါ။ အကို့ဆန္ဒကို ကျနော် မဖြည့် ဆည်းပေးနိုင်ပေးဘူးလေ။ အကိုနဲ့အဖေတွေ့ဖို့ ခက်ခဲတဲ့ ဖြစ်စဉ်တွေထဲမှာ အကိုနဲ့ကျနော် တွေ့ဖို့ဆိုတာ ဘယ်လောက် အလှမ်းကွာတယ်ဆိုတာ ကံကိုပဲ မကောင်းဆိုးဝါးအဖြစ် မြင်ခဲ့ရတာပါ။ လူငယ်ဆိုတာ အားကိုးမှားသွားရင် တသက်လုံး စွဲမိစွဲ ဆွဲတတ်တာလေ။ ငယ်ငယ်က ကျနော့်ကိုစူးထားတဲ့ဆူးတွေ ခုထိ ကျနော်ဆွဲမနှုတ်နိုင်သေးဘူး။ ကျနော် ဘယ့်သူကို အပြစ်ဆိုရမှာလဲ။ ဆွေမျိုး ချစ်တဲ့ အဖေ့ရဲ့သွေးတွေ ခုထိ ကျနော့်မှာ စီးဆင်းနေဆဲလေ။ 

ဘာတတ်နိုင်မှာလဲဆိုတဲ့ ဖြည့်တွေးနှစ်သိမ့်မှုကလွဲလို့ တခြားဖြေနည်းရှိရင် ဖြေဆည်လိုက်ချင်ပါသေးတယ်။ အဖေ စိတ်ချမ်းသာဖို့အတွက် ငယ်ရွယ်သူကျနော့်အတွက် မဖြည့်ဆည်းနိုင်တာကိုဘဲ ပြန်တွေးရင် ခုထိ စိတ် မကောင်းနိုင်ဘူးအဖေရယ်။ မှန်သောစကားကို သစ္စာဆိုဖို့ မလိုပါဘူး။

အဲ့ဒီနှစ်ကတော့ အကိုနဲ့ပတ်သက်ပြီး အဖေ စိတ်ချမ်းသာသွားတဲ့နှစ်လို့ ကျနော်ထင်ခဲ့တယ်လေ။ အကိုက အဖေနဲ့နီးတဲ့နေရာကို ပြောင်းခွင့်ရခဲ့တယ်။ နေ့ချင်းပြန်သွားလို့ရတဲ့ သံယောဇဉ်လမ်းတွေပါ။

အဲ့ဒီတုန်းက ပျော်နေတဲ့အဖေ့မျက်နှာကို ကျနော်ကြည့်လိုက်ချင်သားပေါ့ အဖေ။ ဒါပေမယ့် ကျနော်က ဟိုး...အဝေးမှာကိုး။

အဖေ့မေတ္တာကို နားလည်တဲ့ကျနော် အဖေ့ကို ချစ်နေတာ အဆန်းလား။

No comments: