Wednesday, October 13, 2010

ရေးသူနှင့် ဖတ်သူတို့၏ အကွာအဝေး(၁၁၅၂ _ ၁၃၇၂)


ဒီလောက်ထိ ကပ်ထားတာတောင် ရင်ဘတ်ချင်းက မနီးချင်ဘူး။ အော် အိပ်မက်တွေလား..........။

အိပ်မက်တွေ ရာသီတစ်ခုစာ ဆုပ်မိထားချိန် နာမည်မကြားခင်ကတည်း ငါတို့ စိတ်ချင်းနီးနေကြတဲ့သူတွေပါ။ ဒီထက်လှပအောင် အရောင်တွေထပ်ချယ်ဖို့ မလိုတော့ဘူး။

ခေတ်တစ်ခေတ်မှာ ဘယ်သူ ဘာဆိုတာ တံခွန်လွှင့်စရာမလိုဘူး။ ပြောရရင် မီးတောက်ချင်း မီးကူးစရာ မလိုဘူး။ မျက်စိ နား ပညာထပ်တူကျခဲ့ရင် အားလုံးဟာ အနီးဆုံးလား အဝေးဆုံးလား။ သတိတရားရှိတဲ့ ပညာတတ်ခြင်းဟာ အောက်ခြေမှတ်ချက်လိုမယ်မထင်ပါဘူး။ 

ပါးစပ်ရဲ့အပြော ခြေထောက်ရဲ့အသွား နားရဲ့အကြား မျက်လုံးရဲ့အမြင်တွေနဲ့ တွေ့ကရာစာအုပ်တွေ ဖတ်ခဲ့မိတယ်။ ဖတ်ပြီးသားလည်း ဘယ်နှစ်ကြိမ်မှန်းမသိအောင် ထပ်ဖတ်မိတယ်။ စာငတ်သူရဲ့ တွေ့ကြုံရတဲ့ အနေအထားတွေပဲ ထင်ပါရဲ့။ ဒီလိုနဲ့ ကျနော် စာငတ်နေတဲ့ အငတ်ကြားမှာ ဌေးလွင်(ဆားလင်းကြီး)ရေးတဲ့ ကြည့်ကန်ရှင်ကြီး သူ့ရွာ သူ့ဘဝ သူ့စာပေ ကိုဖတ်လိုက်မိလေရဲ့။ အဖတ်နဲ့အငတ်ကြား တပ်မက်ခြင်းဟာ ရိုးရိုးသားသားပါပဲ ဝိရောဓိမဖြစ်ခဲ့လေဘူး။ 

စာအုပ်မှာပါတဲ့ စာတွေအားလုံးထက် နှစ်သက်မိတာက ၁၁၅၂ခု၊ သီတင်းကျွတ်လဆန်း၁၄ရက်နေ့ မုံရွေး ဆရာတော်က ကြည့်ကန်ရှင်ကြီးထံသို့ အဝေးရောက်မေတ္တာစာနဲ့ ပဉ္စပညာသပုစ္ဆာကိုပါ ပူးတွဲပို့လိုက်တာပါ။ 

ဖတ်ကြည့်ပါအုံး မေတ္တာစာက..................

အနုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ..ဟူသောပါဌ်နှင့်အညီ
ပကတိသော လူသာမညမတ္တတို့၏ မံသစက္ခုဖြင့် ရှု၍မြင်ကောင်းသည်မဟုတ်
ဆကာမာဝစရနတ်တို့၏ ဒိဗ္ဗစက္ခုဖြင့်သာ ရှု၍ မြင်စကောင်းသော ပရမာမြူနု ရေလုံးစုမျှလောက်သော
အကုသလ ပါပဓမ္မတို့ကို ပထဝီပံသု မေရုအဏ္ဏဝါ စကြဝဠာ တောင်ကဲ့သို့ထင်၍ 
လွင်ဗာဟိရ အပအစု ပြုနိုင်လေ့ ယှိပါစေတော့ဟု 
ဆုမြတ်ပဋ္ဌနာ မချာမလပ် ပြုတတ်လေ့ယှိပါသော
သလ္လာဝတီ သီတာမြစ်ကြီး၏ အရှေ့မျက်နှာ မုံရွေးရွာဇာတိ
ပဝတ္တိအခါ ဆားလင်းကြီးရွာက အရိယာဝံသ အာဒိစ္စရံသီ
ပီယဝါစာ မေတ္တာစကား ကြားရောက်လိုက်ပါသည်
သမ္မာသမ္ဗုဒ္ဓ ဘုရားဆုကို ပန်ယူတော်မူလေ့ရှိသော နန္ဒဓဇသူမြတ်။ 

ပုဗ္ဗေဝ သန္နိဝါသေန.....စသောပါဌ်နှင့်အညီ ရှေးရှေးသောဘုရား သဗ္ဗညုတတို့ထံ ဆုပန်ဆုယူ၍
အတူတကွ တိံသပါရမီကို စိတ်ညီစိတ်မျှ ဖြည့်ကြဘူးသည်နှင့် လျော်ညီစွာ
ယခုအခါ တခါတကြိမ်မျှ ညီတော်မျက်နှာပြင်ကို မမြင်မတွေ့ရဘူးသော်လည်း
၁၁၄၈ခုနှစ်တွင် ညီတော်မြတ်တို့ ရပ်ကြီးရွာနေ မောင်ကလျာဏတို့တွင် မွှေးလှစွာသောသတင်းကို
လေညှင်းယူ၍ ကျူလှာကြိုင်လှာသည်ဖြစ်၍ တွေ့မြင်ချင်သော နှလုံးနှိုက်
ရစ်ထုံးမကွာ စေတနာအလွန်ယှိပါ၍ ရောက်လှာမည်ဟု ကြံပါသည်လည်း
“အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ၊ န ဟိ စိန္တာ မယာ ဘောဂါ၊ ဣတ္ထိယာ ပုရိသဿဝါ”
ဒေသနာတော်မြတ်ပြိုင်၍ ဆိုင်မိသမြင့် ကြံတိုင်းလည်းမပြီး 
တီးတိုင်းလည်း မမည် တည်တိုင်းလည်း မနေ 
စေတိုင်းလည်း မရောက် ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် မလွမ်းသာ ကြင်ပါလျက် မကျွမ်းသာ
မြင်ပါလျက် မစမ်းသာ ခင်ပါလျက် မဖမ်းသာ
မင်ပါလျက် မလှမ်းသာ မေးချင်ပါ၏ မမြန်းသာ
ပေးချင်ပါ၏ မကမ်းသာ ရောက်ချင်ပါ၏ မလာသာ
လာချင်ပါ၏ လမ်းမသာ လမ်းသာပါ၏ ခန့်မသင့်
အခန့်သင့်၏ အခွင့်မလျော် ခွင့်လျော်ပါ၏ စိုးမပိုင်
စိုးပိုင်ပါ၏ ခွင့်မဆိုင် ဆိုင်ချင်ပါ၏ မပိုင်သာ
ကြိုင်ချင်ပါ၏ မလှိုင်သာ.....ဟူသော လောကလက်သုံး ထုံးသာဓက ကမ္ဘာ့တန်ဆာ ဥပမာကဲ့သို့ 
ကြံပါလျက် မပြီးသေး၍ ကြာနှေးယှိရချေသည်။

ထိုသို့ဖြစ်သော်လည်း ဟဒယေ ပီယံနာမ.....စသည်နှင့်အညီ သရဒအခါ  
 အာကာသကောင်းကင်မှ ပေါ်ထွန်းသောလဝန်းဗိမာန်သည်  ယူဇနာတသိန်းခြားရာ အရပ်နှိုက်တည်သော 
ကော်ကနုဒ ပဒုမ္မာကြာခေါင်းလောင်းတို့ကို ပွင့်နိုင်စေသည် ဆိုသကဲ့သို့ နေရပ်နေရာ ဝေးကွာသော်လည်း စေ့ဆော်လေးမြတ်အပ်သောသူသည် ဝေးလေသည် မမည်ရကား
ညီတော်မြတ် ပို့သသောမေတ္တာ မလ္လာယုကျွန်းအပြင်နှိုက် 
တပင်တည်းသော ဂေါသီတ စန္ဒနနံ့သာနှင့်တူသော ကျူလှသော သြဒိဿ
ဗြဟ္မဝိဟာ ဥပေက္ခာ မေတ္တာရေမြတ်ကြောင့် 
နှောက်ယှက်အပ်သော အမင်္ဂလာ အနိဋ္ဌာရုပ် ဒုက္ခဝေဒနာ ရောဂါအန္တရာယ်တို့ မကပ်ရောက်သဖြင့်
အဆင့်ဆင့်သော ပါရမီ သမ္ဘာရ သဗ္ဗညုတဉာဏ်၏ အဆောက်အဦး
သုံးဆူသော စရိယဓမ္မတို့ကို နေ့ယှိ ညမချာ ယထာသတ္တိ စွမ်းယှိသမျှ ဖြည့်ရပေ၏
ညီတော်မြတ်၏ သန္တာန်ဝယ် တွယ်ကပ်တတ်သော အန္တရာယ်တို့သည်
ပျောက်ကွယ်ကင်းလင်း သန့်ရှင်းစင်ကြယ်သည်နှင့်အညီ
ပါရမီအပေါင်းတို့သည် ကိုယ်စိတ်ရွှင်လန်းစွာ စွန့်စားတော်မူသမျှ ဖြစ်ရကြောင်းများကို ကြားသိချင်ပါသည်
နောက်နောင်အခါ လူကြုံလာတွင် စာပေသဝန် ပြန်ကြားလိုက်စေချင်သည့် အကြောင်းတို့ကို 
တသောင်းတိုင်သာ ဝေးရပ်ကွာက မေတ္တာစကား ကြားရောက်ပါသည် အကြည်တော်သူမြတ်။


(မူရင်းသတ်ပုံအတိုင်း)

No comments: