တရံရောအခါက ဆိုပါစို့။ အဲ့ဒီရွာလေးကို ဟိုက ဒီက ဆရာဆိုသူတွေ လက်တဲ့လာစမ်းကြတယ်။ အတုလည်း ပါရဲ့၊ အစစ်လည်းပါရဲ့။ ခက်တာက ဘယ်သူမှ တံဆိပ်တပ်ပြီး အဲ့ဒီရွာလေးကို မလာကြဘူး။ ကြေညာသံ တွေနားထောင်ပြီး မှားရင်ခံ မှန်ရင်ကောင်းဆိုတဲ့ နိယာမလေပြေထိုးလေးနဲ့အတူပေါ့။
ကံမကောင်း အကြောင်းမလှသူကတော့ ဆရာကတော့ ပြောသား ငါတို့က ကံမကောင်းတာဆိုပြီး ဆူးပုံပေါ်တက်နင်းပြီး ကံကို ရိုးမယ်ဖွဲ့ကြလေရဲ့။ ဆေးကုလို့ကောင်းသွားသူကလည်း ဒီဆရာရောက် လာလို့ ငတို့ ကံကောင်းတာလို့ တွေးထင်ကြလေရဲ့။
ခက်တာက ရွာရှိ ကာလသားတွေပဲ။ လူငယ်လည်းဖြစ် အဲ့ဒီလိုယုံကြည်နေတာကိုလည်း လက်မခံနိုင်ဘူး။ ဆရာဆိုသူတွေလွဲတာထက် ရွာသားတွေခံနေရတာကို မကျေနပ်နိုင်ဘူး။ တောသူတောင်သားဆိုတော့ ဆရာဆိုရင် အမှားအယွင်းကင်းမယ်ထင်တာကိုး။ ဖြစ်ကာမှဖြစ်ရော ကံတရားက ကိုယ့်ဘေးနားမှာ ကိုယ့်လက်သုံးလို ဆွဲသုံးလို့ ရနေတာကိုး။ ဒီလိုနဲ့ အတိမ်းအစောင်းတွေ များမျာလာတော့ ကာလသား လူငယ်တွေ စဉ်းစားလာပြီ။
ဘာပဲဖြစ်ဖြစ် ရပ်ရွာအနေနဲ့ အရင်းအနှီးက များလာပြီ။ ဆရာတစ်ယောက်အတွက် လူနာတစ်ယောက် ဆုံးပါးတာ မစားသာပေမယ့် ရပ်ရွာက ဒီဆရာတစ်ယောက်တည်းမဟုတ်ဘူးဆိုတော့ နောက်ဘယ်လောက် ဘယ်အတိုင်းအတာထိ ဆရာတွေလာမလဲဆိုတာ မသေချာသေးဘူး။ ဆရာတွေကတော့ လာနေမှာပဲ။ ကွင်းစမ်းတာလား ဆေးစမ်းတာလား လူစမ်းမှာလားဆိုတာတွေ။
ဒီလိုနဲ့ အဲ့ဒီရွာလေးမှာ ကာလသားတွေ ခေါင်းချင်းဆိုင်ကြပြီ။ အတုလား အစစ်လားဆိုတဲ့ ဆရာ ဆိုသူတွေကို။ လာသမျှလက်ခံနေရင် ငတို့ရွာက စမ်းသပ်ကွင်းဖြစ်နေမယ်။ လာသမျှ ဆရာတွေ အတု အစစ်ခွဲကြစို့ရဲ့။ ဆရာအစစ်ဆို လက်ခံထား အတုဆို အနားမကပ်အောင် ငတို့ စမ်းသပ်ပြီးလက်ခံစို့။ အဲ့ဒီလို ဆွေးနွေးတာက ငါးယောက်နဲ့တစ်ဝိုင်းဖြစ်တာ။ ကျန်တဲ့သူတွေမသိဘူး။
လူငယ်တွေဆိုတာက ကိုလှရွှေ၊ ကိုစံရွှေ၊ ကိုသိန်း၊ ကိုမောင်မောင်၊ ကိုညွှန့်တို့ဆိုကြပါဆို့။
ဆရာတစ်ယောက်ရွာထဲဝင်လာပြီဆိုရင် တစ်ယောက်က ဗိုက်နာ ကျန်လေးယောက်ကလူနာစောင့် ဆရာ့ အရိပ်အကဲကြည့်ပေါ့။ ဆရာစစ်ဆိုရင်တော့ အဲ့ဒီဆရာ သက်သာမှာ၊ အတုဆိုရင်တော့ လာထားပဲ။ ညှာမှာ မပါဘူး။ ဘာမှမသိတဲ့ အတုဆရာက ဟိုဟာလုပ် ဒီဟာလုပ်ဆိုတော့ လူနာအတုလုပ်ထားတဲ့သူက ဘယ်သက်သာမှာတုံး။ လူနာလုပ်ထားသူက မသက်သာလေ ဆရာအတုခံရလေပေါ့။ သူတို့က အဲ့ဒီလို ရပ်ရွာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ။ ကိုယ့်အသိနဲ့ကို ဘယ်သူက ပြောလို့မဟုတ်ဘူး။
အဲ့ဒီတုန်းက ပျော်လည်းပျော် ရပ်ရွာအတွက် စိတ်လည်းချရတယ်တဲ့။ ခုတော့ရောဆိုတော့ အင်း...........တဲ့ သံရှည်ဆွဲပြီးငြီးရှာတယ်။ ဟိုတုန်းက ခေတ်မမှီလို့ လုပ်ရတာတဲ့။ ခုခေတ်မှီတော့ ဆေးရုံက ဆေးဝါးမစုံလင် ဘူးတဲ့။ ဆေးရုံလို့တော့ ပြောတာပဲတဲ့။ အပ်ပုန်းတွေက လက်စွမ်းထက်နေပြန်ရောတဲ့။ ကိုယ်လုပ်ခဲ့တာ လေးတော့ ကိုယ့်ရပ်ရွာအတွက် ခုထိ ကြည်နူးနေတယ်တဲ့။ သူတို့အသက်တွေ ပြန်မေးကြည့်တော့ လွတ်လပ်ရေးရပြီး ဆယ်နှစ်ဝန်းကျင်လောက်မှာလုပ်ခဲ့ကြတာလေ။ ခု လွတ်လပ်ရေးရတာ ဘယ်လောက် ကြာပြီလဲ။ အဲ့ဒါတွေ သူတို့ စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တာတွေတော့ သူတို့ခုထိ ကျေနပ် နေတုန်း။တဆင့်စကားပြန်ပြောနေတုန်း။ အဲ့ဒီတုန်းက ဆရာအတု မလာရဘူးဆိုတာကို။
ခုတော့................။
ခုတော့................။
No comments:
Post a Comment