Sunday, October 24, 2010

ရေးသူနှင့်ဖတ်သူတို့၏အကွာအဝေး(၂)


လူတစ်ယောက်အတွက် ခေတ်နောက်ကျခြင်း မကျခြင်းဆိုတာ စာပေနဲ့ဂီတဟာ   လေးနဲ့မြှားလိုပဲ။ လေးဟာ စာပေ မြှားဟာ ဂီတပဲထင်မိတယ်။ လူတစ်ယောက်နဲ့ လက်ရှိရှင်သန်နေတဲ့ စာပေနဲ့ဂီတအကြောင်းကို စကားပြောကြည့်ရုံနဲ့ သူဘယ်လို ဘာလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ စာပေနဲ့ဂီတကို ခေတ်နှင့်အညီ ဝေးကွာနေရင် လူတစ်ယောက်ရဲ့တွေးခေါ်မှုဟာ သီးခြားကျန်ရစ်ခဲ့မှာပါ။ စီးပွါးရေး လူမှုရေးဟာ လက်တွဲ ခေါ်လို့ရပေမယ့် စာပေနဲ့ဂီတကတော့ လက်တွဲခေါ်ဖို့ နဲနဲခက်ခဲလိမ့်မယ်ထင်တယ်။ စာဖတ်ခြင်းဟာ ပြောင်းလဲဖတ်ဖို့ ရွေးချယ်ဖတ်ဖို့ဆိုတာ ကျေနပ်မှုလက်ခံစွမ်းအားထက်ဖို့ အရေးကြီးမယ်ထင်ပါတယ်။ ကျနော်နဲ့စာအတူဖတ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ ခုထိ သိုင်းဝတ္ထုဖတ်နေတုန်းပဲ။ ပြောင်းလဲဖတ်ဖို့ ကျနော်ပြောကြည့်သေးတယ် သူ့ကျေနပ်မှုဟာ ရှေ့ဆက်ဖတ်ဖို့ခက်နေသလိုမျိုး။ ဘာပဲဖြစ်ဖြစ် ခေတ်ရဲ့စာပေ ဂီတနဲ့ဝေးနေသေးရင်တော့ ခေတ်တစ်ခေတ်ရဲ့အကန့်တွေကြားမှာ ခေတ်နဲ့ဝေးရင်း ဝေးရင်းနဲ့ ငါတို့တုန်း ဘယ်လိုဆိုတဲ့စကားသံတွေ တထောင့်တနေရာက အမှတ်မထင်ကြားနေရအုံးမှာပါပဲ။

ခုလည်း ကျနော် တွေ့တဲ့စာ ဖတ်မိတော့ ရှေးသူတို့ သူတို့နဲ့ခေတ်ပြိုင်တွေက အနေဝေးလေတော့ တစ်ယောက်စကားနဲ့ နားအကြားကို အတည်ယူဖို့ မေတ္တာစာနဲ့အတူ မေးခွန်းတွေမေးခဲ့တာဖတ်ရတယ်။ ခုဖေါ်ပြမယ့်စာက မေတ္တာပြန်စာပါ။ စာပြန်သူက တသက်လုံးရဟန်းမပြုဘဲ ရှင်သာမဏေ(သို့မဟုတ်) ကိုရင်ဘဝနဲ့နေသွားပြီး ပုစ္ဆာမေးခွန်းပေါင်း(၁၁၁၇)ခုပါဝင်တဲ့ နာမည်ကျော် စွယ်စုံကျော်ထင်ကျမ်းကို ပြုစု သွားတဲ့ ကြည့်ကန်ရှင်ကြီးပါ။ ပြန်စာက.............

ရူပါရမံ စိတ္တမိဒံ ဌပေတွာ အစဖြာလျက် ကျမ်းလာနှင့်အညီ ပကတိသော လူသာမညတ္ထတို့ကို စော်စော်ကားကားမဆိုထားနှင့် နတ်များပင် တသက်ပတ်လုံး ကြည့်သော်လည်း မြင်စော်မနံသာ ဗြဟ္မာမင်းတို့၏ ဒိဗ္ဗစက္ခုဖြင့် ရှုသော်လည်း လေးလုံးမကွဲ ဒေဝါတိဒေဝါ ဖြစ်တော်မူသော မြတ်စွာဘုရား သခင်၏ သဗ္ဗညုတဉာဏ်စက္ခုဖြင့်သာ မြင်စကောင်းသော အလွန်သိမ်မွေ့စွာသော ပရမတ္ထအစု အကုသိုလ်တရားတည်းဟူသော ရန်သူတို့ကို မပျူကွာဝေး ပြေးလွင့်စေခြင်းငှါ မဟာကုသလ ဉာဏသမ္ပယုတ်ဝီထိနှင့် သတိကို မြို့ရိုးမြို့တောင် ပြုစေကာ ပညာတည်းဟူသော လက်နက်ဖြင့် တိုက်လွင့်ဖြိုနှင် အောင်မြင်သည်ဖြစ်စေသောဟူ၍၎င်း ပါတိမောက္ခံ ဝိသောဓေန္တော အပ္ပေဝ ဇီဝိတံ ဇဟေ။ နက်လေးဂါထာ လာသည်နှင့်အညီ သီလသံဝရဘိဇ္ဇနန ဖြစ်အံ့သောအရာဝယ် လေးသွယ်သော ပါတိမောက္ခမြို့ကို မြတ်နိုးမပျက် နှစ်သက်တော်မူသော ဇောစေတနာအရှိန်နှင့် ဇီဝိတိနြေ္ဒကိုမငဲ့ကွက် သက်စွန့်ကျင့်ဆောင်တော်မူသည်သာ ဖြစ်ပါစေသောဟူ၍၎င်း စာမရီဝါလဓိ ဟူသောပါဌ်နှင့်အညီ ဇာ(မြီ)မည်သောသားသည် မွေးဖျားတပင် ခြုံတွင်ငြိချေက မထ မသွားရက် လွန်စုံမက်၍ သက်စွန့်သည့်ပမာ ဇာ(မြီ)ဝါ ပရိတ်ကို ယိုဖိတ်မည့်အချက်ကိုလည်း စုံမက်တော်မူသဖြင့် 
သက်စွန့် ကြဉ်းဆောင်တော်မူနိုင်သည် ဖြစ်ပါစေဟူ၍လည်းကောင်း 
ဆုပဋ္ဌနာ မေတ္တာမပျက် ဆက်လေ့ရှိပါသော 
ဧရာဝတီ သီတာမြစ်ဆုံ ကမ်းခုံနောက်ပါး ငါးရတွင်း ငါးပြန်ခန့်လောက် အနောက်ဘက်တိုက်ကြီးအတွင်း လင်းကတောဆယ်ရွာဝင် ရေယဉ်ချောင်းဆန် ရွာကြည့်ကန်က နန္ဒဓဇ 
ပဋိလောမ သိန္နေဟဝါစာ မေတ္တာစကား ပြန်ကြား လျှောက်လိုက်ပါသည် 
ပါရမီတိံသ ဇိနဆုယူ ဖြည့်တော်မူလေ့ရှိပါသော အရိယာဝံသ အာဒိစ္စရံသီ နောင်တော်သူမြတ်။

ညီတော်တို့မှာ ရတနတ္တယ နုဘာဝတွင် နောက်ကမေတ္တာ ပတ္ထနာကြောင့် မနှောင့်ဘေးဘျမ်း ငြိမ်းချမ်းသင့်စွာ သာသနာကို ယထာသတ္တိ စွမ်းရှိသမျှ ဖြည့်ပေးရသည် 
အကြည်တော်သူမြတ်မှာလည်း ဈေးနာစုံလင် စက်လေးအင်နှင့် အံ့လျှင်မပြီး ရပ်ကြီးရွာကိုယ့်ရပ်ထံ လက်ဝဲလက်ယာ သင်္ဃာတော်မြတ်တို့နှင့်တကွ သီလတည်းဟူသော ကနက်ထီးဖြူကို 
လူလူဆောင်းမိုးကာ ဖာသုဝိဟာရဖြစ်သဖြင့် သုံးဆင့်သောသာသနာတော်မြတ် ထွန်းလင်းအောင် ဖြည့်ဆောင်တော်မူရကြောင်း ကောင်းမြတ်သောမင်္ဂလာစကားကို ကြားရပေ၍လည်း 
တကြိမ်မှုတ်ရလျှင် လေးလမှ အသံစဲသော ဝိဇယုတ္တရ သိကြားခရုသင်းသံကို နာခံရဘိသကဲ့သို့၎င်း တစ်ဆဲ့နှစ်ယူဇနာ ကျယ်လှစွာသော ဗာရာဏသီ ပြည်လုံးချဉ်းအောင် 
တသင်းသင်း တကြိုင်ကြိုင် တလှိုင်လှိုင် တပျံ့ပျံ့ တနံ့နံ့ တဧးဧး မွှေးကြူစေနိုင်သော ကက္ကရုမဉ္ဖူသကနတ်ပန်းကို နမ်းရဘိသကဲ့သို့၎င်း 
တကြိမ်တလီမျှ သုံးဆောင်ရလျှင် ကာလဓွန့်ရှည်စွါ ဆာလောက်မွတ်သိပ်ခြင်း ကင်းငြိမ်းစေနိုင်သော နတ်သုဓါ ဘုတ်သြဇာကို လျှာ၌တင်ရဘိသကဲ့သို့၎င်း 
သောမနဿတဒါရုံ ကြိုက်ကြုံရွှင်လန်း ဝမ်းမြောက်ပါသည်။

ထူးလီလျှောက်ရန်မှာ။            ။ 
ယသ္မိံ မနော နိဝိသတိ၊ စိတ္တဉ္စာပိ ပသီဒတိ၊ 
အဒိဋ္ဌပုဗ္ဗကေပေါသေကာမံ တသ္မိမ္ပိ ဝိဿသေတိ။ 
မိန့်ရှိတော်မူသော ဒေသနာတော်ဝယ် 
တကြိမ်တခါမျှ မမြင်ရဘူးသည်ဖြစ်စေကာမူ အကြင်သူ၌ နှစ်ခြိုက်သောစိတ်ဝင်၍ ကြည်လင်သောစေတနာရောက်က စိတ်ရှိတိုင်းအကျွမ်းဝင်သည်သာ အဓိပ္ပါယ်လာသကဲ့သို့ သဟာယကြည်တော်မူလျက် အထူးထူးသောကျမ်းဂန်နှင့်ညှိ၍ သိပင်သိသော်လည်း မသိသကဲ့သို့ ကြို့ငဲ့တော်မူသော နိဝါတမင်္ဂလာနှင့် ပုစ္ဆာစီရေး၍ အမေးတော်ရှိသည်မှာ 
ဗာလလူ မာနလူကိုကြဉ်
ပဏ္ဍိသူ ဥာဏ်ရှိသူကိုယှဉ်
ချဉ်းလာညာစားတို့ကိုဖိ
ပညာပွားခြင်းအသွားညှိ
ရှိပြီးဖြစ်သော်ထပ်၍ပေး 
သိပြီးဖြစ်သော်လည်းထပ်၍မေး 
ပေးကမ်းနိုင်က ရန်ရှားသည် 
မေးမြန်းနိုင်က ဥာဏ်ပွါးသည် 
မျောက်သားမို့ စပ်ရအောင်မေးလေသည် 
နောက်သားတို့မှတ်ရအောင်ပေးလေသည် ဆိုဘိသကဲ့သို့ 
ပျားနှယ်ပြားထုတ်ရှာဖွေ၍ ငါးဆယ့်ငါးပုစ္ဆာတွေနှင့် ဖြေနိုင်လျှင်ဖြေကြလေ 
နေပိုင်လျှင်နေကြရော့ ဆိုလသေးပမာ မလာဖြစ်သာ နေ့ရွေးလျက် 
ဒယမေတ္တာရှေ့ပြေး၍ မေးတော်မူပေသောကြောင့် 
အစိန္တိမ္ပိ ဘဝတိ ဗောဓိသတ္တော စိန္တာမယာဟူသော ဒေသနာတော်မြတ်အထွက်နှင့် 
ဆက်ဆက်ဆံဆံ ပန်းရှင်မှန်သဖြင့် မကြံပဲနှင့် စော်ကဲမင်းဖြစ်သည် 
အလောင်းမင်းကို ဖုတ်သွင်းရထားဆိုက်သည် ဆိုဘိသကဲ့သို့အရေးတွင်
မဆေးချင်က စင်နှင့်သည်
မပြေးခင်းက လျင်နှင့်သည်
မရေးခင်က ထင်နှင့်သည်
မပေးခင်က ခင်နှင့်သည်
မဝေးခင်က နှင်နှင့်သည်
မလေးခင်က တင်နှင့်သည်
မအေးခင်က ကင်နှင့်သည်
မမွှေးခင်က ဆင်နှင့်သည်
မနှေးခင်က ယှဉ်နှင့်သည်
မလွေးခင်က ဝင်နှင့်သည်
မသွေးခင်က တင်နှင့်သည်
မနွှေးခင်က နွှင်နှင့်သည်
မဆွေးခင်က လွင်နှင့်သည်
မမွေးခင်က သင်နှင့်သည်
မမေးခင်က ပြင်နှင့်သည်
မချေးခင်က ခြင်နှင့်သည်
မထွေးခင်က သင်နှင့်သည်
မတွေးခင်က မြင်နှင့်သည်
မသုံးခင်က ကုန်နှင့်သည် ဟူသော
သူတော်ကောင်းတို့ထုံးလည်း တွက်ကျုံးဝင်ပြန်သောကြောင့် 
 ကြံတိုင်းလည်းမပြီး 
တီးတိုင်းလည်း မမည် 
တည်တိုင်းလည်း မနေ 
စေတိုင်းလည်း မရောက် 
ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် လမ်းသာသည် 
ကြင်ပါလျက် ကျွမ်းသာသည်
မြင်ပါလျက် စမ်းသာသည် 
ခင်ပါလျက် ခမ်းသာသည်
မင်ပါလျက် လှမ်းသာသည် 
မေးချင်က မြန်းသာသည်
ပေးချင်က ကမ်းသာသည် 
ရောက်ချင်က လာသာသည်
လာချင်က လမ်းသာသည် 
လမ်းသာက ခန့်သင့်သည်
ခန့်သင့်မှ ခွင့်လျော်သည် 
ခွင့်လျော်မှ စိုးပိုင်သည်
စိုးပိုင်က မူဆိုင်သည် 
ဆိုင်ချင်က ပိုင်သာသည်
ကြိုင်ချင်က လှိုင်လာသည် လောကနိဿရည်း ထုံးနည်းနယ ကမ္ကာ့ကျက်သရေ ဥပဒေကဲ့သို့ ကြံလေတိုင်းပြီးရမည် ဧကန်တွင် မကြံတကြံနှင့်ပင်ပြီးတော့သည် အရေးဖြစ်၍ 
မေးတိုင်းကြိုက်ရမည် 
ဖြေတိုင်းလိုက်ရမည် 
ပေးတိုင်းပိုက်ရမည် 
လက်တွင်လှော်ကာ ရွှေချခြေတော်တင် သမ္မာစစ်လှခက်ရင် ဖော်ထားဖြေမှ မြေပေါ်တွင် ဥာဏ်မြန်ဖြစ်သည် အရေးထွက်လျှင် စေထိုက်သည် 
အမေးခက်လျှင် ဖြေလိုက်မည် 
အမေးအဖြေမြောက် မေတ္တာရောက်က သည်မှာမဟူ 
အာဃလူ သဲ့လူ အိုဘဲ့လူ ကြောက်ဖွယ်လူဟူသော သူဟောင်းတို့လက်စ 
လောကဥပမည်း ကမ္ပည်းသမိုင်း မော်ကွန်းနိဒါန်း ထုံးတမ်းထုံးစံ လှော်ပြန်သည့်အနေနှင့် 
ရွှေကိုကားရွှေ ငွေကိုကားငွေ လှေကိုကားလှေ လူကိုပင်လူ ရှင်ကိုရှင် ဆင်ကိုဆင်
မြင်းကိုမြင်း မင်းကိုမင်းနှင့် အတော်အသင့်ဆိုဘိသကဲ့သို့ 
မြို့ကိုမြို့ချင်း ဆက်သွင်းဖြေဆိုမည့်အကြံနှင့် ပြန်လျှောက်လိုက်ဖူးသည် 
ရှေးဦးကင် တတ်စား မေတ္တာဂဟေဆော်တွင် ကိုယ်တော်မြတ်တို့မှာတမူကား 
သတင်းကိုစသော် လူလှလို့ထင်သည် 
ခံတွင်းဟသော် အူမကိုမြင်သည် 
မအေကိုမြင်သော် အသွင်ကိုမိသည် 
အဖြေကိုမြင်သော် အတင်ကိုမိသည် 
အမေရုပ်ရည်ကို စုံစုံလင်လင် အဖြေဟုတ်မည် 
ကုန်ကုန်စင်စင် သိမြင်ပြီးသော သဘောရှိသည်နှင့်ထပ်ဆင့်၍ 
အကြည်တော်မစေ နေတော်မူသောကြောင့် ဖြေလျှင်လည်း ဖြေလွယ်သည် နေလျှင်လည်းနေသာသည် စာကားတည်နှစ်ဖြာ နေသာအချက် ကိုယ်နှင့်ကွက်ကြံ စိတ်ကူးမြန်၍ ဥာဏ်ဣနြေ္ဒမကွန့် အဓွန့်ရှည်စွာ ပုစ္ဆာမဖြေနေတော်မူသည် သည်အချက်တွင် တခါပြရင်း သီတင်းသုံးဖော် ကိုယ်တော်မြတ်မှတပါး စပ်ကြားတွင် လျှောက်ပြန်လာသောကြောင့် ဖြေလိုက်ပြန်ပါသည်။

သို့ရာတွင် 
အရင်းစစ်သော် အမြစ်မြေကြီးက 
အခင်းဖြစ်သော် အမြစ်ဖွေမှ 
အမြစ်ကောက်၍ ကွယ်လေသည် 
အမြစ်လျှောက်၍ နွယ်လေသည်ဆိုဘိသကဲ့သို့ 
ကိုယ်တော်မြတ်နှင့်စပ်နွယ်ရင်း ပုစ္ဆာဖြစ်စေသည်လည်းတကြောင်း 
အမေးကျွဲကျောင်း အလောင်းဖြေသူ ရှေးလူတို့စကား ထင်ရှားရှိသည်ကို သိတော်မူသည် မှန်ဘိသည် ဆုံမိအောင် ပေးလေသည် 
ဂုဏ်ရှိအောင် မေးပေသည် ဆိုဘိသကဲ့သို့ 
မေတ္တာတော်ရှေ့ပြေးနှင့် မေးတော်မူပေသည် ကျေူးဇူးအထူးရှိပေ၏ဟု အောက်မေ့ပါကြောင်းကို သိတော်မူစေလိုသောကြောင့် အကြင်နာသူမလတ်အား အလျင်လာသူ မပြတ်သားဆိုဘိသကဲ့သို့ မေတ္တာမပျက် ဆက်ပါကြောင်းကို သိစေတော်မူလိုသည်လည်းတကြောင်း 
လှေတတ်ပါက မြစ်နားဆန် 
နေရပ်ရွာက မေတ္တာခံဆိုဘိသကဲ့သို့ 
ပို့တော်မူသောမေတ္တာတော်ကို မပြတ်နိယံ ခံယူလိုပါသည်လည်းတကြောင်း 
လက်ဖျားခါလှုပ် လျှာကိုထုတ်၍ အဟုတ်သခေါ ဖြစ်လိမ့်မည်ဆိုဘိသကဲ့သို့  
စီရင်လိုက်သော ပုစ္ဆာစကားမှာလည်း 
လျှာဖျားလှုပ်၍ ခွေမတတ် 
လက်ဖျားကိုလှုပ်လျှင် ကြွေမတတ် 
အလွန်ကောင်းမြတ် ဤအရပ်ထက်ဝန်းကျင် ရှင်လူရဟန်းပင် ဆန်းကြယ်ပြေပြစ် အနှစ်သာရနှင့် ပြည့်စုံပေ၏ဟု ကြည့်ရှုတော်မူ ပြု၍ထားပါကြောင်း တပည့်သူငယ်တို့ကိုလည်း ထိုတရားထိုပုစ္ဆာကို 
ဝါစုဂ္ဂဟ လျှာဖျားရွအောင် ရရဆောင်ရွက် လေ့လာပါရစေကြောင်း 
သို့အကြောင်းကြောင့် အဆစ်ဆစ် သနစ်သနာ အဖြေစာနှင့် ပျူငှါမပြား မုသားမပါ မာယာမထုတ် ဝေဝုစ်မသွယ် ပရိယာယ်မသွတ် လောကဝတ် ပလာ ဟုတ်တိုင်းသာလျှင် 
မေတ္တာဆက် မေတ္တာခံ အတန်တန်မင်္ဂလာရိပ်နှင့် အဘိက္ကန္တဣဋ္ဌ အဒေါသ ပိယဒယာ သိန္နေဟာ 
မေ မမ ဂါရဝါ မေတ္တာစကား ပြန်ကြားလိုက်ပါသည် အကြည်တော် သူမြတ်ဘုရား။
 

Wednesday, October 13, 2010

ရေးသူနှင့် ဖတ်သူတို့၏ အကွာအဝေး(၁၁၅၂ _ ၁၃၇၂)


ဒီလောက်ထိ ကပ်ထားတာတောင် ရင်ဘတ်ချင်းက မနီးချင်ဘူး။ အော် အိပ်မက်တွေလား..........။

အိပ်မက်တွေ ရာသီတစ်ခုစာ ဆုပ်မိထားချိန် နာမည်မကြားခင်ကတည်း ငါတို့ စိတ်ချင်းနီးနေကြတဲ့သူတွေပါ။ ဒီထက်လှပအောင် အရောင်တွေထပ်ချယ်ဖို့ မလိုတော့ဘူး။

ခေတ်တစ်ခေတ်မှာ ဘယ်သူ ဘာဆိုတာ တံခွန်လွှင့်စရာမလိုဘူး။ ပြောရရင် မီးတောက်ချင်း မီးကူးစရာ မလိုဘူး။ မျက်စိ နား ပညာထပ်တူကျခဲ့ရင် အားလုံးဟာ အနီးဆုံးလား အဝေးဆုံးလား။ သတိတရားရှိတဲ့ ပညာတတ်ခြင်းဟာ အောက်ခြေမှတ်ချက်လိုမယ်မထင်ပါဘူး။ 

ပါးစပ်ရဲ့အပြော ခြေထောက်ရဲ့အသွား နားရဲ့အကြား မျက်လုံးရဲ့အမြင်တွေနဲ့ တွေ့ကရာစာအုပ်တွေ ဖတ်ခဲ့မိတယ်။ ဖတ်ပြီးသားလည်း ဘယ်နှစ်ကြိမ်မှန်းမသိအောင် ထပ်ဖတ်မိတယ်။ စာငတ်သူရဲ့ တွေ့ကြုံရတဲ့ အနေအထားတွေပဲ ထင်ပါရဲ့။ ဒီလိုနဲ့ ကျနော် စာငတ်နေတဲ့ အငတ်ကြားမှာ ဌေးလွင်(ဆားလင်းကြီး)ရေးတဲ့ ကြည့်ကန်ရှင်ကြီး သူ့ရွာ သူ့ဘဝ သူ့စာပေ ကိုဖတ်လိုက်မိလေရဲ့။ အဖတ်နဲ့အငတ်ကြား တပ်မက်ခြင်းဟာ ရိုးရိုးသားသားပါပဲ ဝိရောဓိမဖြစ်ခဲ့လေဘူး။ 

စာအုပ်မှာပါတဲ့ စာတွေအားလုံးထက် နှစ်သက်မိတာက ၁၁၅၂ခု၊ သီတင်းကျွတ်လဆန်း၁၄ရက်နေ့ မုံရွေး ဆရာတော်က ကြည့်ကန်ရှင်ကြီးထံသို့ အဝေးရောက်မေတ္တာစာနဲ့ ပဉ္စပညာသပုစ္ဆာကိုပါ ပူးတွဲပို့လိုက်တာပါ။ 

ဖတ်ကြည့်ပါအုံး မေတ္တာစာက..................

အနုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ..ဟူသောပါဌ်နှင့်အညီ
ပကတိသော လူသာမညမတ္တတို့၏ မံသစက္ခုဖြင့် ရှု၍မြင်ကောင်းသည်မဟုတ်
ဆကာမာဝစရနတ်တို့၏ ဒိဗ္ဗစက္ခုဖြင့်သာ ရှု၍ မြင်စကောင်းသော ပရမာမြူနု ရေလုံးစုမျှလောက်သော
အကုသလ ပါပဓမ္မတို့ကို ပထဝီပံသု မေရုအဏ္ဏဝါ စကြဝဠာ တောင်ကဲ့သို့ထင်၍ 
လွင်ဗာဟိရ အပအစု ပြုနိုင်လေ့ ယှိပါစေတော့ဟု 
ဆုမြတ်ပဋ္ဌနာ မချာမလပ် ပြုတတ်လေ့ယှိပါသော
သလ္လာဝတီ သီတာမြစ်ကြီး၏ အရှေ့မျက်နှာ မုံရွေးရွာဇာတိ
ပဝတ္တိအခါ ဆားလင်းကြီးရွာက အရိယာဝံသ အာဒိစ္စရံသီ
ပီယဝါစာ မေတ္တာစကား ကြားရောက်လိုက်ပါသည်
သမ္မာသမ္ဗုဒ္ဓ ဘုရားဆုကို ပန်ယူတော်မူလေ့ရှိသော နန္ဒဓဇသူမြတ်။ 

ပုဗ္ဗေဝ သန္နိဝါသေန.....စသောပါဌ်နှင့်အညီ ရှေးရှေးသောဘုရား သဗ္ဗညုတတို့ထံ ဆုပန်ဆုယူ၍
အတူတကွ တိံသပါရမီကို စိတ်ညီစိတ်မျှ ဖြည့်ကြဘူးသည်နှင့် လျော်ညီစွာ
ယခုအခါ တခါတကြိမ်မျှ ညီတော်မျက်နှာပြင်ကို မမြင်မတွေ့ရဘူးသော်လည်း
၁၁၄၈ခုနှစ်တွင် ညီတော်မြတ်တို့ ရပ်ကြီးရွာနေ မောင်ကလျာဏတို့တွင် မွှေးလှစွာသောသတင်းကို
လေညှင်းယူ၍ ကျူလှာကြိုင်လှာသည်ဖြစ်၍ တွေ့မြင်ချင်သော နှလုံးနှိုက်
ရစ်ထုံးမကွာ စေတနာအလွန်ယှိပါ၍ ရောက်လှာမည်ဟု ကြံပါသည်လည်း
“အစိန္တိတမ္ပိ ဘဝတိ၊ စိန္တိတမ္ပိ ဝိနဿတိ၊ န ဟိ စိန္တာ မယာ ဘောဂါ၊ ဣတ္ထိယာ ပုရိသဿဝါ”
ဒေသနာတော်မြတ်ပြိုင်၍ ဆိုင်မိသမြင့် ကြံတိုင်းလည်းမပြီး 
တီးတိုင်းလည်း မမည် တည်တိုင်းလည်း မနေ 
စေတိုင်းလည်း မရောက် ပေါက်တိုင်းလည်း မရှင်
ရွှင်ကြည်လျက် မလွမ်းသာ ကြင်ပါလျက် မကျွမ်းသာ
မြင်ပါလျက် မစမ်းသာ ခင်ပါလျက် မဖမ်းသာ
မင်ပါလျက် မလှမ်းသာ မေးချင်ပါ၏ မမြန်းသာ
ပေးချင်ပါ၏ မကမ်းသာ ရောက်ချင်ပါ၏ မလာသာ
လာချင်ပါ၏ လမ်းမသာ လမ်းသာပါ၏ ခန့်မသင့်
အခန့်သင့်၏ အခွင့်မလျော် ခွင့်လျော်ပါ၏ စိုးမပိုင်
စိုးပိုင်ပါ၏ ခွင့်မဆိုင် ဆိုင်ချင်ပါ၏ မပိုင်သာ
ကြိုင်ချင်ပါ၏ မလှိုင်သာ.....ဟူသော လောကလက်သုံး ထုံးသာဓက ကမ္ဘာ့တန်ဆာ ဥပမာကဲ့သို့ 
ကြံပါလျက် မပြီးသေး၍ ကြာနှေးယှိရချေသည်။

ထိုသို့ဖြစ်သော်လည်း ဟဒယေ ပီယံနာမ.....စသည်နှင့်အညီ သရဒအခါ  
 အာကာသကောင်းကင်မှ ပေါ်ထွန်းသောလဝန်းဗိမာန်သည်  ယူဇနာတသိန်းခြားရာ အရပ်နှိုက်တည်သော 
ကော်ကနုဒ ပဒုမ္မာကြာခေါင်းလောင်းတို့ကို ပွင့်နိုင်စေသည် ဆိုသကဲ့သို့ နေရပ်နေရာ ဝေးကွာသော်လည်း စေ့ဆော်လေးမြတ်အပ်သောသူသည် ဝေးလေသည် မမည်ရကား
ညီတော်မြတ် ပို့သသောမေတ္တာ မလ္လာယုကျွန်းအပြင်နှိုက် 
တပင်တည်းသော ဂေါသီတ စန္ဒနနံ့သာနှင့်တူသော ကျူလှသော သြဒိဿ
ဗြဟ္မဝိဟာ ဥပေက္ခာ မေတ္တာရေမြတ်ကြောင့် 
နှောက်ယှက်အပ်သော အမင်္ဂလာ အနိဋ္ဌာရုပ် ဒုက္ခဝေဒနာ ရောဂါအန္တရာယ်တို့ မကပ်ရောက်သဖြင့်
အဆင့်ဆင့်သော ပါရမီ သမ္ဘာရ သဗ္ဗညုတဉာဏ်၏ အဆောက်အဦး
သုံးဆူသော စရိယဓမ္မတို့ကို နေ့ယှိ ညမချာ ယထာသတ္တိ စွမ်းယှိသမျှ ဖြည့်ရပေ၏
ညီတော်မြတ်၏ သန္တာန်ဝယ် တွယ်ကပ်တတ်သော အန္တရာယ်တို့သည်
ပျောက်ကွယ်ကင်းလင်း သန့်ရှင်းစင်ကြယ်သည်နှင့်အညီ
ပါရမီအပေါင်းတို့သည် ကိုယ်စိတ်ရွှင်လန်းစွာ စွန့်စားတော်မူသမျှ ဖြစ်ရကြောင်းများကို ကြားသိချင်ပါသည်
နောက်နောင်အခါ လူကြုံလာတွင် စာပေသဝန် ပြန်ကြားလိုက်စေချင်သည့် အကြောင်းတို့ကို 
တသောင်းတိုင်သာ ဝေးရပ်ကွာက မေတ္တာစကား ကြားရောက်ပါသည် အကြည်တော်သူမြတ်။


(မူရင်းသတ်ပုံအတိုင်း)

Monday, October 11, 2010

ချစ်စရာပဋိပက္ခများ


နားလည်မှုဆိုတာ လွဲချင်ရင် ရှာကြံပြီးလွဲတာ။ 

လက်ဖဝါးနှစ်ခုစုံတီးလို့ “ဖြောင်း ဖြောင်း” ဆိုတာ ထွက်ပေမယ့် နားလည်မှုက အဲ့လိုထွက်မလာတတ်ဘူး။ နားလည်မှုဆိုတာ တစ်ဘက်သားကို နားလည်ပေးလိုက်တာ အဲ့ဒီလိုပါလားဆိုတာ ကိုယ့်ကိုယ်ကို သိခွင့်ရ လိုက်တဲ့သဘောပါ။ ကိုယ့်ဘက်က ဘယ်လောက်နားလည်မှုပေးပေး တစ်ခြားတဘက်က အနေအထားကို သိမထားဘူးဆိုရင် တစ်ခါတစ်ရံ စေတနာက ဝေဒနာတွေ အလိပ်လိုက် အလိပ်လိုက်ထပ်ကုန်ရော။ ဖြစ်စေချင်တာနဲ့ ဖြစ်ချင်တာပဲဆိုရင်တော့ မုန်တိုင်းဆိုတာ လေရှိမှ မဟုတ်ဘူးဆိုတာ အဲ့ဒီအချိန်မှာ နားလည်မိတယ်။ 

တစ်ဘက်သားရဲ့သဘောသဘာဝကို စောကြောနားလည်ခြင်းမရှိရင် သားအဖချင်းကို ဆန့်ကျင်ဘက် ဖြစ်ဖြစ်သွားတယ်။ ကျနော့်အဖေနဲ့ ကျနော့်ကြားမှာလည်း အဲ့ဒီလိုလေးတွေ ရှိခဲ့ဖူးတယ်။ ရှိနေသေးတယ်။ အဖေ့ဘက်က ကြည့်တော့လည်း ဟုတ်နေတာနဲ့ ကျနော်ကပဲ အဖေအလိုကျ ဖြည့်ပေးလိုက်တယ်။ ကျနော်တို့ငယ်ငယ်က ဒီဟာမကြိုက်ဘူး ဟိုဟာမကြိုက်ဘူးဆိုတာတွေကို မငြီးမညူလုပ်ပေးခဲ့တာလေ။ ကျနော့်တို့အလှည့်ကျတော့ အဖေတို့ အမေတို့မကြိုက်ဘူးဆိုတာကို ဇွတ်ကြိုက်စေချင်တယ်။ နားလည်မှု ရပ်ဝန်းဟာ ကျနော်တို့အလှည့်ကျတော့ အဖေတို့ အမေတို့လောက် စိတ်မရှည်ကြတော့ဘူး။ 

ခုတော့ ကိုယ်ဆန္ဒရှိရာ ကိုယ်ဝယ်ပေးထားတာလေး ဝတ်စေချင်တယ် သုံးစေချင်တယ်။ ဒါပေမယ့် ကျနော့်အဖေက မသုံးဘူး။ အဖေမသုံးရင်လည်း သူများပေးလိုက်လားဆိုတော့လည်း မပေးချင်ဘူး ခက်တာက။ ဒါ ငါ့သားပေးထားတာလေ ဆိုတာကို သိမ်းထားချင်တာ။ အဖေ့အတွက် အသုံးတည့်မယ့် ပစ္စည်းလေးတွေ ကျနော် အဖေ့ကို ဝယ်ပေးလေ့ရှိတယ်။ တခါတရံတော့ အဖေ့ကို စမိတယ်။ အဖေမသုံးရင်တော့ လူလေးကို ပြန်ပေးလိုက်နော်ဆိုတော့ ခု သုံးနေပါတယ် လူလေးရာတဲ့။ 

ကျနော်ရန်ကုန်က ပြန်လာရင် အဖေကကြားကြားချင်း ကျနော်ဆီလာတယ်။ အဖေနေတဲ့ရွာနဲ့ ကျနော် တည်းတဲ့ရွာက တခြားစီကိုး။ အဖေလာနေအတိုင်း ကုန်းကြောင်း(ခြေလျင်)များတယ်။ အဖေရာ ထွေလာ (လယ်ထွန်စက်နောက်ဆွဲ)နဲ့ လာရင်ပြီးရော အဖေ့အတွက်ပင်ပန်းလိုက်တာဆိုတော့ “ပိုက်ဆံလည်း ပေးရသေး၊ ကိုယ်နားချင်တဲ့နေရာလည်း မနားရဘူး၊ ခြေလျင်က ကိုယ်နားချင်တဲ့နေရာ နားပြီး ပါလာတဲ့ ရေနွေးလေး ကျိုက်လို့ရသေးတယ်”တဲ့။ အဖေပင်ပန်းမှာစိုးလို့ပါဆိုတော့ ကိုယ့်အကြောင်းကိုယ်သိတယ် ဆိုတာနဲ့ ကျနော်ဘာမှဆက်မပြောဖြစ်ဘူး။ ခုထိ အဲ့ဒီအတိုင်းသွားနေတုန်း။ ဟိုတစ်ခေါက်ပြန်တုန်းက သူ့တူ တရုပ်ဆိုင်ကယ်လေးဝယ်ထားလေတော့ သူ့မြေးတွေမောင်းခိုင်းပြီး “လူလေးရေ မကြာပါဘူး ဖွတ် ချွတ်ပဲ” ဆိုပြီး သကျဲ(သွားကျဲ)လေးနဲ့ ပြောလေရဲ့။ ဒီလိုတော့ အဖေက ချစ်စရာ။

တခါက အဖေ့ကို စမိတယ်။ အဖေ ကျနော်မြို့သားနော်လို့။ “လူလေးရ ငါ့သား မြို့သားစစ်ချင်မှစစ်လိမ့်မယ်၊ ငါ့သားမြို့သားဖြစ်တိုင်း အဖေမြို့သားမဖြစ်ပါဘူး။ အဖေက တောသားစစ်စစ်ပဲ။ အဖေမြို့သားဖြစ်လည်း ကိုယ့်တောက လူတွေကိုသိသလို မြို့မှာသိဖို့မလွယ်ဘူး။ လွယ်လည်း လူလေးတို့ မြို့သားဆိုတာတွေက ခပ်ထယ်ထယ်တွေရယ်”တဲ့။ ဟုတ်တော့လည်း ဟုတ်မယ်။ တစ်နှစ်က အဖေ့ကို မြို့မှာ အကြာကြီးခေါ်ထား တော့ အဖေပျော်ရဲ့လားဆိုတော့ “ပျော်ပါဘူး လူလေးရာ လူတွေများသလောက် ကိုယ့်နဲ့သိတဲ့သူ တစ်ယောက်မှမရှိဘူး”တဲ့။ နောက်များတော့ အဖေပျော်သလောက်ပဲ။

ခု ပြောပြချင်တာက အဖေပြောတဲ့ ဖိနပ်ကိစ္စ။ ကျန်တာ ပြန်တိုင်းကျနော်ဝယ်ပေးထားခဲ့တဲ့ အင်္ကျီ နဲ့ပုဆိုးကိုဝတ်တယ်။ ဖိနပ် ကျတော့ သူလိုချင်တာမှာတယ်။ ကျနော်ဝယ်ပေးတာ မစီးဘူး။ ရန်ကုန်မှာ ခေတ်စားနေတဲ့ ဖိနပ်ဝယ်သွားတယ်။ မစီးဘူး။ ကိုယ့်တော ဗွက်နဲ့ အိုင်နဲ့ မဖြစ်ဘူးတဲ့။ ဆင်ကြယ် မြင်းကြယ်ဖိနပ်ဝယ်ပေးတယ် မစီးဘူး။ ခြေထောက်ရုန်းတိုင်း လိုက်နေတယ် ကီးမကိုက်ဘူးတဲ့ လူလေး ဖိနပ်က။ အဖေမှာတာလည်း ကြည့်အုံး ကားတာရာဖိနပ်ကောင်းကောင်းတဲ့။ အဖေ့နယ်ဗျာဆိုတော့ “အိုး လူလေးရဲ့ ဖိနပ်ကောင်းကောင်းတွေက ဆူးရှည်ရင်ကိုယ့်ထိသေးတာ၊ မိုးရွာရင်ပိုဆိုးတယ်၊ လူကြီးဆိုတော့ ချော်လဲ မှာလည်းကြောက်သေးတာ၊ နောက်ဆုံး တရားနာသွားရင်တောင် ကောင်းကောင်း တရားမနာရဘူး။ ကားဖိနပ်ဆိုတော့ တရားနာရတာကို ဖြောင့်လို့” တဲ့။ 

ဘာပဲဖြစ်ဖြစ် အဖေ့အကြိုက်ပေါ့။ ကျနော်က အဖေ့ ချစ်တာကိုး။

Sunday, October 10, 2010

ဟိုတုန်းက


တရံရောအခါက ဆိုပါစို့။ အဲ့ဒီရွာလေးကို ဟိုက ဒီက ဆရာဆိုသူတွေ လက်တဲ့လာစမ်းကြတယ်။ အတုလည်း ပါရဲ့၊ အစစ်လည်းပါရဲ့။ ခက်တာက ဘယ်သူမှ တံဆိပ်တပ်ပြီး အဲ့ဒီရွာလေးကို မလာကြဘူး။ ကြေညာသံ တွေနားထောင်ပြီး မှားရင်ခံ မှန်ရင်ကောင်းဆိုတဲ့ နိယာမလေပြေထိုးလေးနဲ့အတူပေါ့။ 

ကံမကောင်း အကြောင်းမလှသူကတော့ ဆရာကတော့ ပြောသား ငါတို့က ကံမကောင်းတာဆိုပြီး ဆူးပုံပေါ်တက်နင်းပြီး ကံကို ရိုးမယ်ဖွဲ့ကြလေရဲ့။ ဆေးကုလို့ကောင်းသွားသူကလည်း ဒီဆရာရောက် လာလို့ ငတို့ ကံကောင်းတာလို့ တွေးထင်ကြလေရဲ့။ 

ခက်တာက ရွာရှိ ကာလသားတွေပဲ။ လူငယ်လည်းဖြစ် အဲ့ဒီလိုယုံကြည်နေတာကိုလည်း လက်မခံနိုင်ဘူး။ ဆရာဆိုသူတွေလွဲတာထက် ရွာသားတွေခံနေရတာကို မကျေနပ်နိုင်ဘူး။ တောသူတောင်သားဆိုတော့ ဆရာဆိုရင် အမှားအယွင်းကင်းမယ်ထင်တာကိုး။ ဖြစ်ကာမှဖြစ်ရော ကံတရားက ကိုယ့်ဘေးနားမှာ ကိုယ့်လက်သုံးလို ဆွဲသုံးလို့ ရနေတာကိုး။ ဒီလိုနဲ့ အတိမ်းအစောင်းတွေ များမျာလာတော့ ကာလသား လူငယ်တွေ စဉ်းစားလာပြီ။ 

ဘာပဲဖြစ်ဖြစ် ရပ်ရွာအနေနဲ့ အရင်းအနှီးက များလာပြီ။ ဆရာတစ်ယောက်အတွက် လူနာတစ်ယောက် ဆုံးပါးတာ မစားသာပေမယ့် ရပ်ရွာက ဒီဆရာတစ်ယောက်တည်းမဟုတ်ဘူးဆိုတော့ နောက်ဘယ်လောက် ဘယ်အတိုင်းအတာထိ ဆရာတွေလာမလဲဆိုတာ မသေချာသေးဘူး။ ဆရာတွေကတော့ လာနေမှာပဲ။ ကွင်းစမ်းတာလား ဆေးစမ်းတာလား လူစမ်းမှာလားဆိုတာတွေ။

ဒီလိုနဲ့ အဲ့ဒီရွာလေးမှာ ကာလသားတွေ ခေါင်းချင်းဆိုင်ကြပြီ။ အတုလား အစစ်လားဆိုတဲ့ ဆရာ ဆိုသူတွေကို။ လာသမျှလက်ခံနေရင် ငတို့ရွာက စမ်းသပ်ကွင်းဖြစ်နေမယ်။ လာသမျှ ဆရာတွေ အတု အစစ်ခွဲကြစို့ရဲ့။ ဆရာအစစ်ဆို လက်ခံထား အတုဆို အနားမကပ်အောင် ငတို့ စမ်းသပ်ပြီးလက်ခံစို့။ အဲ့ဒီလို ဆွေးနွေးတာက ငါးယောက်နဲ့တစ်ဝိုင်းဖြစ်တာ။ ကျန်တဲ့သူတွေမသိဘူး။

လူငယ်တွေဆိုတာက ကိုလှရွှေ၊ ကိုစံရွှေ၊ ကိုသိန်း၊ ကိုမောင်မောင်၊ ကိုညွှန့်တို့ဆိုကြပါဆို့။ 
ဆရာတစ်ယောက်ရွာထဲဝင်လာပြီဆိုရင် တစ်ယောက်က ဗိုက်နာ ကျန်လေးယောက်ကလူနာစောင့် ဆရာ့ အရိပ်အကဲကြည့်ပေါ့။ ဆရာစစ်ဆိုရင်တော့ အဲ့ဒီဆရာ သက်သာမှာ၊ အတုဆိုရင်တော့ လာထားပဲ။ ညှာမှာ မပါဘူး။ ဘာမှမသိတဲ့ အတုဆရာက ဟိုဟာလုပ် ဒီဟာလုပ်ဆိုတော့ လူနာအတုလုပ်ထားတဲ့သူက ဘယ်သက်သာမှာတုံး။ လူနာလုပ်ထားသူက မသက်သာလေ ဆရာအတုခံရလေပေါ့။ သူတို့က အဲ့ဒီလို ရပ်ရွာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ။ ကိုယ့်အသိနဲ့ကို ဘယ်သူက ပြောလို့မဟုတ်ဘူး။

အဲ့ဒီတုန်းက ပျော်လည်းပျော် ရပ်ရွာအတွက် စိတ်လည်းချရတယ်တဲ့။ ခုတော့ရောဆိုတော့ အင်း...........တဲ့ သံရှည်ဆွဲပြီးငြီးရှာတယ်။ ဟိုတုန်းက ခေတ်မမှီလို့ လုပ်ရတာတဲ့။ ခုခေတ်မှီတော့ ဆေးရုံက ဆေးဝါးမစုံလင် ဘူးတဲ့။ ဆေးရုံလို့တော့ ပြောတာပဲတဲ့။  အပ်ပုန်းတွေက လက်စွမ်းထက်နေပြန်ရောတဲ့။ ကိုယ်လုပ်ခဲ့တာ လေးတော့ ကိုယ့်ရပ်ရွာအတွက် ခုထိ ကြည်နူးနေတယ်တဲ့။ သူတို့အသက်တွေ ပြန်မေးကြည့်တော့ လွတ်လပ်ရေးရပြီး ဆယ်နှစ်ဝန်းကျင်လောက်မှာလုပ်ခဲ့ကြတာလေ။ ခု လွတ်လပ်ရေးရတာ ဘယ်လောက် ကြာပြီလဲ။ အဲ့ဒါတွေ သူတို့ စိတ်ဝင်စားမှာမဟုတ်ဘူး။ သူတို့လုပ်ခဲ့တာတွေတော့ သူတို့ခုထိ ကျေနပ် နေတုန်း။တဆင့်စကားပြန်ပြောနေတုန်း။  အဲ့ဒီတုန်းက ဆရာအတု မလာရဘူးဆိုတာကို။
ခုတော့................။

Saturday, October 9, 2010

မုဒိတာကွက်လပ်


သူသူ ကိုယ်ကို 
ကရုဏာတရားတွေ
မေတ္တာတရားတွေ
ဥပေက္ခာတရားတွေ
ဘယ်လို ဘာကြောင့်ဖြစ်ဖြစ်
လက်လွယ်လွန်းတယ်။

ပေးစရာ ပေးလိုက်တာပဲ
ကျွေးစရာ ကျွေးလိုက်တာပဲ
အလှူဆိုတာ 
သိပ်မက်မက်စက်စက်ရှိတဲ့ လူမျိုးကိုး။

တစ်ခါတစ်ရံနဲ့
တစ်ချို့နေရာတွေမှာတော့
မုဒိတာပွါးဖို့
လက်နှေးလွန်းတယ်(သို့မဟုတ်)
မရှုစိတ်နိုင်လွန်းတယ်။

လူတစ်ယောက်က 
အများအတွက် လုပ်ဆောင်တယ်
အများအတွက် ကူညီတယ်
အများအတွက် စဉ်းစားတယ်
ခုထိ
ကိုယ်မလုပ်နိုင်တာကို သူများလုပ်ခြင်းအတွက်
ကိုယ့်မှာ သူ့အတွက် မုဒိတာမပွါးနိုင်သေးဘူး။

မေတ္တာတရားတွေ
ဥပေက္ခာတရားတွေ
ကရုဏာတရားတွေ 
တွင်တွင်လုပ်နိုင်ပါရက်နဲ့
အရင်းမစိုက်ရတဲ့ မုဒိတာတရားအတွက် 
ချို့တဲ့ ခေါင်းပါးလွန်းတယ်။

ဘယ်လိုကြည့်ကြည့်
လှတော့လှပါရဲ့
ယဉ်တော့ မယဉ်ကျေးသေးဘူး
ခုထိ
မုဒိတာတရားတွေ။

Thursday, October 7, 2010

အိပ်မက်စမ်းရေ စီးချောင်းများ


သိထား
သံကုန်ဟစ်နေရအောင်
ငါတို့ဟာ
ကိုယ်ပိုင်ကတဲ့ ဇာတ်မဟုတ်ဘူး။

အငှါးဆိုရင်
အကြွေးဆပ်ရတော့မယ်
နည်းနည်းလား
များများလား။

ကိုယ့်ဆုတောင်းကို
ကိုယ့်ကိုယ်ကို အားငယ်နေရမယ့်အနေအထားလား
ဒီလိုဆို
ငါ 
အိပ်မက်ကို စည်းမချတော့ဘူး။

ကိုယ့်ဝပ်ကျင်းနဲ့ ကိုယ်
ဝေးဝေးမပြေးကြပါဘူး
သံယောဇဉ်ဆိုတာ
သတ်ရင် သေရဲကြတာကိုး
ယုံကြည်မှုနဲ့။

တကယ်ပါ
အသံမကြားစေရဘူး
ကျနော့် အိပ်မက်ကို
လှပအောင် မက်ပါ့ရစေ။

Tuesday, October 5, 2010

ဖြတ်ဇာတ်


အနာအကျင်တွေကိုပဲ
တေးအဖြစ် သီဆိုနေကြမှာလား။

အခိုက်အတန့်
သောင်တင်နေခြင်းကို
ကြည့်ချင်ပွဲလို စောင့်ကြည့်နေကြ။

ဇာတ်သိမ်းခန်းဆိုတာ
ဟိုတုန်းက ပြောနေကြ
ရွှေဘလက်သီးပဲ လိုတာပါ။

တကယ်တော့
ငိုချင်းရှည်ဆိုတာ
မိုးလင်း မကနိုင်မှတော့
ဘာလို့ ဆက်ငိုနေအုံးမှာလဲ။

ကဲ...........
အိပ်ရေးပျက်ပေါင်းများပြီ
မိုးလင်းကြပါတော့။

Sunday, October 3, 2010

မိန်းခေးရေ


အဲ့ဒီနေ့က မိန်းခေးဆီ
ဖုန်းဆက်ဖြစ်တယ်
“စိမ်းဖန့်ဖန့် မျက်နှာတွေကြား
ပျော်ရဲ့လား အစ်ကို” တဲ့
မေးလိုက်တဲ့ မေးခွန်းပါ။

မိန်းခေးရေ
အစ်ကို ပျော်ပါဘူး
မိသားစုနဲ့ ဝေးနေရတဲ့ဘဝ
ဘယ် နေသားကျတယ်ဆိုတာ ရှိပါ့မလဲ။

မိန်းခေးရေ
နင်က အမေ့လိုပဲ
ပြတ်ပြတ်နဲ့လိုရင်းပြောတယ်
ဒါနဲ့ အမေ့ကို လွမ်းဖြစ်ပြန်ရော။

မိန်းခေးရေ
သတိရတယ်
“အဖေရော နေကောင်းလား” ဆိုတော့
“ကောင်းတယ်..........အငြိမ်မနေတာ ခက်တယ်” တဲ့
ယောက်ဖကလည်း အဲ့လို ပြောဖူးတယ်
ဟုတ်တော့လည်း ဟုတ်တယ်
အဖေက ဆွေမျိုးမက်တယ်
အလှမ်းဝေးတဲ့ ဆွေမျိုးတွေဆီ သွားရတာအမော။

“အဖေစိတ်ချမ်းသာအောင် ထားပါဟ” ဆိုတော့
မိန်းခေးက
“ဟင်း......ဟင်း” တဲ့
အမေ့လို ရွဲ့ရီ ရီတာမလားမသိ
“ထားပါတယ်....ထားပါတယ်” တဲ့
အဖေက ၇၅နှစ်ကျော်ပြီကိုး။

မိန်းခေးရေ
နင်က ကံကောင်းတယ်နော်
အဖေ့အရိပ်အောက်မှာ
အမြဲတမ်းနေခွင့်ရတယ်
ငါကတော့
ဓါးအိမ်မရှိတဲ့ ဓါးတစ်ချောင်းလို
နည်းနည်းနီးလိုက်
ဝေးဝေးရောက်သွားလိုက်
အဝေးရောက်လွမ်းနေခြင်းနဲ့
လွမ်းနေတတ်ပါပြီ။

မိန်းခေးရေ
အဖေနဲ့ မိန်းခေးကို
ငါ လွမ်းတယ်
တစ်ယောက်တည်း ခရီးလွန်သွားတဲ့
အမေ့ကိုလည်း လွမ်းတယ်။


မှတ်ချက်။        ။(ကျနော့် တစ်ဦးတည်းသော ညီမလေးနေတဲ့ရွာမှာ ကိုယ့်အောက်ကညီမလေးကို မိန်းခေး(မိန်းကလေး)လို့ ချစ်စနိုးနဲ့ခေါ်ကြတယ်)

Saturday, October 2, 2010

တစ်ခါမြင် စာမျက်နှာများ


ဟူး.............ဆိုတဲ့
သက်ပြင်းချသံတွေ
ဘယ်လောက်ထိ ကြားနေရအုံးမလဲ
ကျနော်နဲ့ ကျနော့်ဝန်းကျင်။

ပြီး...ပြည့်...စုံ ဘဝတဲ့
ဘယ်မှာလဲ
ဘယ်တော့လဲ
ဘယ်နေ့လဲ........
နေ့စွဲပြောင်းနေတဲ့ အဲ့ဒီ လဲ...တွေနဲ့ပဲ
ဘဝဟာ အဖာအထေးကိုဖြစ်လို့။

နေ့ပြန်တိုးတွေနဲ့ ရင်းနှီးထားရတဲ့ဘဝ
ဘယ်မှာ ဘယ်လို ဘယ်နည်းနဲ့
ပျော်မွေ့နေနိုင်မှာလဲ။

ကောင်းကင်ရေ
ကျေှးဇူးပြုပြီး နေဝင်မစောပါနဲ့
အမှောင် ခဏ ခဏကျနေမှာကို
စိုးရိမ်လွန်း...လွန်းလို့ပါ။

သက်တမ်းရှည်ဖို့ ကြိုးစားနေတဲ့ မြွေပွေး
အဆိပ်တွေ များမလာဖို့
တကယ်တော့ ဘဝဆိုတာ
သေမယ့်သူနဲ့
သတ်မယ့်သူ ရှိရင် ပြီးပါတယ်တဲ့
လိုမှမလိုတာ
ဘယ်အရာဟာ ဘယ်လောက်ထိ
မြဲနေမှာမို့လို့လဲ။

ဒါပါပဲ
သမိုင်းမရှိတဲ့ နေ့စွဲကိုတော့
ဘယ်သူမှ စာမျက်နှာ ကျော်မဖတ်ကြဘူး။