Thursday, August 5, 2010

မွေးနေ့အလွန် ထာဝရလွမ်းချင်း


ဝေးတာတော့ ဝေးခဲ့ပါပြီ
စိတ်ကူးနဲ့နီးစပ်ပါ့ရစေ အမေ။

အမေ့စိတ်ဓါတ်နဲ့ ရပ်တည်ခဲ့တာ
ခုထိပါပဲ။
ငါ့သားရယ် 
အစွဲအလမ်းတွေ ကြီးပါ့လို့
ဆိုကောင်း ဆိုမယ်ပေါ့
ဒီလိုမှ မဟုတ်ရင် အမေ့သားလို့
ကျနော် ဘယ်လိုရပ်တည်ထားမလဲ အမေရယ်။

အမေရယ်
ရုပ်ရည်မလှပတော့
လ သာနေလည်း ဘာထူးမှာလဲပေါ့။

 အမေ ပြုံးနေခဲ့တယ်
အဲ့ဒီလိုလေး
ပြုံးနေတတ်အောင်လေ
ကျနော်မှာ ကြိုးစားနေရဆဲပါ အမေ 
ကြိုးစားနေရဆဲ..........
ကြိုးစား........။

အိပ်မက်တွေပဲ အမေရယ်
အမေနဲ့ကျနော် တွေ့မှာပေါ့
ကျနော့်အတွက်
အမေပျော်ရွှင်ပါစေလေ
ဟိုး .................. တစ်နေရာက။
  
မှတ်ချက်။    ။ ကျနော်ထက် တစ်ဖြည်းဖြည်း အသက်ငယ်သွားတဲ့ ကျနော့်အမေသို့ ထာဝရလွမ်းချင်း။

No comments: