Saturday, August 28, 2010

နေထွက်နေဝင်


ပတ်စာမပါတဲ့
ဗုံတီးသံတွေ ကြားလာရပြီ။

ဆွံ့အ လက်စ နားတွေ
ဒီလိုပဲ ကြက်ခြေခတ်ကြ။

ပါးစပ်နဲ့နား
ပိတ်လက်စအတိုင်း
အေးဆေး။

Friday, August 20, 2010

လျှောက်ရမယ့်လမ်း


ချစ်ခြင်းတရားတွေလေ
အချိန်တွေနဲ့ ပေးဆပ်မှုတွေများခဲ့မိပေါ့။
(နောင်တမှိုင်းတွေနဲ့ မူးချင်လည်းမူးတော့)

ချည်နှောင်မှုတွေဟာ
ရစ်ပတ်မှုသက်သက်နဲ့ပဲ 
ငါတို့ချစ်ခြင်းတရားတွေ
အားလုံး.............အားလုံး......
ဗြဟ္မစိုရ်တရားထိ မရောက်ခဲ့ဘူးနော်။

ချစ်ခြင်းတရားတွေ
အထားအသိုမတတ်တာနဲ့
လွဲချော်မှုတွေ ဒုနဲ့ဒေး။

တစ်ကယ်ဆို
ချစ်ခြင်းတရားဟာ
အားလုံးတို့ရဲ့ Feeling တွေပါ
အာရုံစိုက်မှုတွေ အားနည်းတာနဲ့
လွတ်လပ်မှုတွေလည်း ဝေးရင်းနဲ့ ဝေး........။ 

အစကတည်းက
ချစ်ခြင်းတရားဟာ
ဗြဟ္မစိုရ် ဖြစ်ခဲ့မယ်ဆိုရင်
ဒီလောက်ထိ စကားလုံးတွေ  ဖောင်းပွနေမှာ မဟုတ်ဘူး။
ဒီလောက်ထိ လွတ်လပ်ခြင်းတွေ ဝေးနေမှာမဟုတ်ဘူး။

ဖြတ်ကျော်ခြင်းမဟုတ်တဲ့ ဖြတ်သန်းမှုများ


ဖြတ်ကျော်ဖို့
ငါ့ဂုဏ်သိက္ခာက စဉ်းစားထားတာမဟုတ်ဘူး
ဖြတ်သန်းဖို့သက်သက်နဲ့
အိပ်မက်တွေ ခုထိ ဆက်မက်နေတာ။

နားလည်ထားဆဲ
အပြောင်းအလဲဆိုတာ
အဝတ်အစားပြောင်းပြီး
ဒီလူနဲ့ ဒီလူဆိုတာကတော့
ခုနစ်ထွေအက ထက်မပိုပါဘူး။

အလွမ်းအဆွေးစုံခဲ့ပေါ့
ဇာတ်မသိမ်းနိုင်သေးတာ
ဇာတ်ကိုက မျောလွန်းတယ်။
ရာသီတွေသိမ်းဆည်းထားတဲ့
ငါတို့မျက်ရည်တွေ
နွေမှာ ခမ်းခြောက်
မိုးမှာ ရေနဲ့ရော
ဆောင်းမှာ အေးခဲ
အသဲနှလုံးတွေ ရဲရဲနီနေသေးတာ
ဂုဏ်ယူမိ။

ဒါပါပဲ
ဂုဏ်သိက္ခာအတွက်
နှလုံးသားတွေ နီရဲနေဖို့
ဖြတ်သန်းဆဲ.......
ဖြတ်သန်းရင်းနဲ့.............။

Monday, August 16, 2010

မုန့်လုံးရေပေါ်လူစားများ


သူတို့မှာ
ဟိုး.......တုန်းက 
ဘယ်နေလို့ ဘယ်ရောက်နေမှန်းမသိ
အခွင့်အရေးဆိုတာနဲ့
ကောင်းသလား ဆိုးသလားမတွေး
ဘယ်ချောင်က ဘယ်လိုထွက်ရ ထွက်ရ
ဒါရိုက်တာမောင်ဝဏ္ဏပြောသလို
နှစ်တုံးစားဖူးခဲ့တာတောင် အမှတ်မရှိဘူး။

ရောက်ရောက်ချင်း ရေစိမ်ခံ
ပြီး အထောင်းခံ
ပြီး အမှုန့်အကြိတ်ခံ
ပြီး အနှိပ်အနင်းခံ
ပြီး အလှိမ့်အလုံးခံ
ပြီး အပူထဲထဲ့ခံ
ပြီး ရေအမွန်းခံ
ပြီး နာမည်ပျောက် ပေါ်လောပေါ်
ပြီး အစားခံရ။

အဲ့ဒါပဲ
အခွင့်အရေးဆိုတာနဲ့
မုန့်လုံးရေပေါ်တွေဆိုတာ
တစ်လုံးပြီးတစ်လုံး
တစ်လုံး.....ပြီး....တစ်လုံး။
ဟော ဘာတဲ့  “ပလုံ
ပေါ်လာတာလား?
နစ်သွားတာလား?

Thursday, August 12, 2010

ဘလော့ဘ်ဂါ တနှစ်ပြည့် အမှတ်တရ


လက်ရှိကို ပစ္စုပ္ပန်အနေအထားဖြစ်ဖို့ အတိတ်ကို စစ်ကူခေါ်နေရမြဲ။
ကျနော်လား? 
ကျောက်စိမ်းစကားနဲ့ပြောရရင် အရိုင်းတုံးစစ်စစ်ပါ။ ကျနော်ပြောခဲ့တဲ့စကားတွေ ခံစားခဲ့တဲ့ခံစားမှုတွေ အားလုံး အရိုင်းသက်သက် မြင်ကောင်း မြင်နေမှာပါ။ ဒါလည်း ကျနော့်ခံစားမှုဟာ အရိုင်းသက်သက်ပါပဲ။ 

အရိုင်းဆိုတာ မြို့ပြယဉ်ကျေးမှုမပါတဲ့ အရိုင်းသက်သက်ပဲ ဖြစ်နေတာပါ။ ခံစားမှုအားလုံးဟာ ကျနော်နဲ့ထပ်တူမကျတောင် ကျနော်နဲ့နည်းပါး ခံစားမှုရှိကောင်း ရှိနေမှာပါ။ ဒီလိုထင်တာလည်း ကျနော့်ရဲ့အရိုင်းစစ်စစ်ပါ။ ကျနော့်စစ်စစ်တွေ ဖတ်ပေးဖော်ရတဲ့အတွက် ကျနော်ကျေးဇူးတင်ပါတယ်။ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်။

မရှိညစ်ကျယ်ရေးဖို့အတွက် တွန်းအားပေးခဲ့တဲ့ ကျနော့် ဓမ္မဂင်္ဂါကြီးကို ကျေးဇူးတင်ရမှာပါ။ သူနဲ့ကျနော့်အကြား ဟိုစပ်စပ် ဒီစပ်စပ်နည်းတူ သူကမှတ်အားပိုသာခဲ့တယ်။ သူ့ရဲ့ဖန်တီးမှုနဲ့ ဒီဘလော့ဂ်ပေါ်လာတာပါ။ ကျနော့်ဘလောဂ်အတွက် သူက အဓိကတွန်းအားပါ။ ဒီလိုနဲ့ ကျနော်ရေးဖြစ်ခဲ့တယ်ဆိုပါတော့။ ကိုယ့်အကြိုက် ကိုယ့်ခံစားမှုရေးရတာ ဆိုတာကတော့ အားလုံးထပ်တူ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒီအတွက်လည်း ငြင်းခုံစရာအကြောင်းမရှိပါဘူး။ တစ်ကိုယ်ရေ တစ်ကိုယ်ရအတွက် ကျနော့်မှာ အငြင်းပွားမှုမရှိပါဘူး။ ဒီအတွက်လည်း အရိုင်းစစ်စစ်ပါပဲ။

comments တွေရေးပေးတဲ့သူတွေလည်း ကျနော် ကျေးဇူးတင်ပါတယ်။  comments ပေးခဲ့တဲ့သူတွေကို သီးသန့်မဖေါ်ပြတော့ပါဘူး။ နားလည်မှုအတွက် စကားလုံးနဲ့ဖေါ်ကျူးဖို့ကို ဘဝင်မကျမှုတွေ ဖြစ်မလာစေချင်ဘူး။ ဒီအတွက် နားလည်မှုဟာ နားလည်မှုသက်သက်ပဲလို့ ဖြစ်နေစေချင်ပါတယ်။ ကျေနပ်ပျော်ရွှင်ပါစေ။ 

ကျနော်ရေးတိုင်း လိုက်ပြီးနှစ်သက်ဖို့ဆိုတာ ဘယ်လိုမှညှိလို့မရတဲ့ ခံစားမှုပါ။ comments ပေးခြင်းဆိုတာကတော့ သီးသန့်ခံစားမှုပါပဲလေ။ တကူးတကန့် လာဖတ်ပေးဖေါ်ရတာကိုပဲ ကျေးဇူးတင်စရာပါ။ စကားရှည်ရှည်ပြောရတာထက် စကားတိုတိုပြောရတာကို နှစ်သက်မိတော့ ကဗျာအမည်တပ်ထားတဲ့ အရာတွေပဲ ကျနော့်မှာ တခုတ်တရဖြစ်လို့။ ဒီအတွက်လည်း ကျနော်ဟာ အရိုင်းစစ်စစ်ပါ။

ဒီလိုနဲ့ ဒီနေ့(သို့မဟုတ်)မနက်ဖြန်ဆို ကျနော့်ဘလော့ဂ် တစ်နှစ်ပြည့်ခဲ့ပြီပေါ့။  ပျော်ရွှင်မှုတွေ လိုလားမှုတွေ အားလုံး (အစစအရာရာ)ပေါ့ ဝေဘန်သုံးသပ်ရင်း မနက်ဖြန်ဟာ ကျနော်မျှော်မှန်းထားတဲ့ မနက်ဖြန်ဖြစ်နေမလားလို့။ 

ကျနော် အရိုင်းစစ်စစ်နဲ့ပဲ ရှေ့ဆက်ချင်ပါသေးတယ်။ 
ကျနော့်ဘလော့ဂ်ဖတ်ဖြစ်သူအားလုံး ကံတရားနဲ့မဆန့်ကျင်ဘဲ ဖြစ်ချင်သလို ဖြစ်ခွင့်ရပါစေ။ 
ဘလော့ဂ်ရေးစက ကဗျာလေး ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ 

 အစွန်းရောက် လိုချင်တပ်မက်မှု
ကိုယ်တို့ဆီ
သူ ၀င်လာပြီဆိုရင်....
အပေါင်းက အနှုတ်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရင်ဘတ်က နောက်ကျောဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
မိတ်ဆွေက ရန်သူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ချစ်သူက မုန်းသူဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
အစုအဝေးက အထီးကျန်ဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
စည်းလုံးမှုက သွေးကွဲမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ရိုးသားမှုက လိမ်ညာမှုဖြစ်သွားတယ်။

သူ ၀င်လာပြီဆိုရင်...
ပေးသူက ယူသူဖြစ်သွားတယ်။

သူ ၀င်လာ
သူ ၀င်လာပြီ..
သူ ၀င်လာပြီဆိုရင်....။

Wednesday, August 11, 2010

အငြိမ်(သို့မဟုတ်)တစ်ကိုယ်ရေညများ


မှားယွင်းဖို့ သက်သက်နဲ့တော့
ကိုယ့်ဘဝကို 
ဘယ်သူမှ မှားယွင်းဖို့ မစဉ်းစားထားဘူး။

ရပ်တည်မှုဟာ
အရိုးသားဆုံး ရပ်တည်မှုပဲ
လှိုင်းဆိုတာတွေလာအုံး
ငါ့ရပ်တည်မှုနဲ့ ငါပဲ။

ဝေရမဏိတွေ ထုပ်ပိုးသိမ်းဆည်းနေချိန်
သိက္ခာချမယ့် ဝိုးတဝါးပြစ်ချက်တွေ
ခပ်ခွါခွါက လှမ်းမပစ်ပါနဲ့
ငါ့ အတိုင်းအတာနဲ့ငါ မစိုးရိမ်တတ်ဘူး။

အငြိမ်ဆိုတာ
ဘယ်သူမှ အမြဲတမ်း ဆောက်တည်မထားဘူး
သွေးအေးလို့ ချွေးသုတ်နေတာပဲ ရှိမယ်
ကိုယ့်ဘဝ ကိုယ် ရပ်တည်ထားမယ်ဆိုရင်ပေါ့။

Tuesday, August 10, 2010

လှေအတူ စီးမိသူများအကြောင်း


သူငယ်ချင်း
မင်းမှာလည်း
လိပ်စာမတပ်ထားတဲ့ ရောဂါတွေနဲ့
လုံးချာလိုက်လို့။

မင်းမရှိလည်း ဖြစ်တယ်တဲ့
သူငယ်ချင်းက ပြောတယ်
ငါ့မှာဖတ်စရာစာအုပ်တွေ ရှိနေရင်တဲ့။

ထပ်ပြောတယ်
မင်းမရှိတော့ရော ဘာအရေးလဲတဲ့
ငါ့မှာ စိုက်ပျိုးစရာ မြေကွက်လေးရှိရင် ဖြစ်တယ်တဲ့။

ဟော
ပြောပြန်ပြီ
မင်းမရှိတော့လည်း ငါနေတတ်တယ်တဲ့
ငါ့စိတ်ကို ငါ ပန်းချီပြန်ဆွဲမယ်တဲ့။

ဖြစ်တယ်ဆိုလည်း ဖြစ်တယ်ပေါ့
အစာကြေခြင်း မကြေခြင်းဆိုတာ
စားမိတဲ့အစာနဲ့ အစာအိမ်နဲ့ဆိုင်ပါလိမ့်မယ်
မင်းနဲ့ငါကြား
နာမည်မတပ်ထားတဲ့ ရောဂါတွေနဲ့တော့
မရှုပ်ထွေးစေချင်ဘူး။

မှတ်ချက်။   ။ မကြာခဏ စိတ်အစာမကြေတတ်သော ကျနော့်ဘော်ဘော် ပုစဉ်းရင်ကွဲများသို့

Monday, August 9, 2010

မှိုင်းခံစက္ကူ နေ့စွဲများ


ဆင်းရဲလွန်းသူဟာ
အစစ အရာရာ
ဈေးကြီးတယ် ထင်တယ်တဲ့။

ရှာဖွေနေကြဆဲ
ဘယ်မှာလဲ ချမ်းသာခြင်းရေ။

ကြည့်...
အဝေးကဖြစ်ဖြစ်
အနီးကပ်ကြည့်....
လွတ်လပ်မှုလည်း ဆင်းရဲတာပဲ။

ပြောဆိုမှုလည်း ဆင်းရဲတာပဲ။

ပညာရေးလည်း ဆင်းရဲတာပဲ။

အစားအဝတ်လည်း ဆင်းရဲတာပဲ။

အလင်းရောင်လည်း ဆင်းရဲတာပဲ။

အသိပညာလည်း ဆင်းရဲတာပဲ။

ဆက်သွယ်မှုလည်း ဆင်းရဲတာပဲ။

ငဲ့ညှာမှုလည်း ဆင်းရဲတာပဲ။

မေတ္တာတရားလည်း ဆင်းရဲတာပဲ။

အဆင်ပြေမလားလို့
မြေရောင်း တွင်းထွက်ရောင်း
ရောင်း ရောင်း ရောင်း
အင်း........ဆင်းရဲတာပဲ။

တကယ်တော့
တစ်ခု(သို့မဟုတ်) အရာအားလုံးအတွက်
ဆင်းရဲတာနဲ့ အချိန်ကုန်ခဲ့ပါလား။

Friday, August 6, 2010

သိနေခြင်း၏ နောက်ဆက်တွဲများ


စကားလုံးတွေ လွယ်ခြင်းဟာ
ခိုင်ခိုင်မာမာ ဂတိတွေမဟုတ်ဘူးနော်။

ပြေးပြေးလွှားလွှားစကားလုံးတွေနဲ့
ဘဝကို ဒီအတိုင်း ရပ်တန့်မိမှာစိုးလို့။

ကဲ.......... ပြောကြည့်မယ်
အလင်းတွေ 
တစ်ဝတစ်ပြဲ ဝါးမြိုထားတဲ့ အဲ့ဒီနေရာ
ဘာအတွက် လင်းနေတာလဲ
လမ်းတွေအတွက်တဲ့
ဒီလိုဆို
ဖြတ်သန်းလို့ သွားပါရစေ
ဆိုတော့..............
တားမြစ်နယ်မြေတဲ့။
လင်းတဲ့ အလင်းဆိုပေမယ့်
ဖြစ်နေတာက
အရောင်ဟာ အမှောင်ပါပဲလေ။

တကယ်တော့
တံဆိပ်တပ် နားလည်မှုတွေနဲ့
နားလည်ခဲ့တာ ကြာပါပြီ။
ကြာပါပြီလေ။

သတင်းစာနဲ့ခရီးသွားနေသူများ


သတင်းစာအဟောင်းတွေ ဖတ်ဖတ်ပြီး
မိုးလေဝသသတင်းလွဲမှားလို့
ဆဲဆိုနေတဲ့ ပညာတတ်အရူးက
နွေခေါင်ခေါင်ကြီးမှာ နေရာယူ
 အသံကျယ်ကျယ်နဲ့
“ဒီနေ့ နေရာအနှံ့ မိုးထစ်ချုံးရွာမည်
ရွာရန်ရာခိုင်နှုံး(၆၀)” တဲ့။

သေချာခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

ယတြာချေခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

ဝန်မခံခြင်းတွေနဲ့အတူ
သတင်းမှားနေတာကြာပြီ။

သူတို့ရဲ့ တာဝန်မဲ့ခြင်းတွေနဲ့အတူ
ပြည်သူတွေ လူမှုရေးနားလည်သွားကြပြီ။

ဒီလိုနဲ့
မိုးရွာတဲ့နေ့
အရူး ထအော်သလို
“ဒီနေ့တော့ သတင်းက မှန်သားပဲ” ဆိုတာလို
အမှန်တရားတိုင်း နေရာမှန်ရောက်သင့်ပြီလေ။


Thursday, August 5, 2010

မွေးနေ့အလွန် ထာဝရလွမ်းချင်း


ဝေးတာတော့ ဝေးခဲ့ပါပြီ
စိတ်ကူးနဲ့နီးစပ်ပါ့ရစေ အမေ။

အမေ့စိတ်ဓါတ်နဲ့ ရပ်တည်ခဲ့တာ
ခုထိပါပဲ။
ငါ့သားရယ် 
အစွဲအလမ်းတွေ ကြီးပါ့လို့
ဆိုကောင်း ဆိုမယ်ပေါ့
ဒီလိုမှ မဟုတ်ရင် အမေ့သားလို့
ကျနော် ဘယ်လိုရပ်တည်ထားမလဲ အမေရယ်။

အမေရယ်
ရုပ်ရည်မလှပတော့
လ သာနေလည်း ဘာထူးမှာလဲပေါ့။

 အမေ ပြုံးနေခဲ့တယ်
အဲ့ဒီလိုလေး
ပြုံးနေတတ်အောင်လေ
ကျနော်မှာ ကြိုးစားနေရဆဲပါ အမေ 
ကြိုးစားနေရဆဲ..........
ကြိုးစား........။

အိပ်မက်တွေပဲ အမေရယ်
အမေနဲ့ကျနော် တွေ့မှာပေါ့
ကျနော့်အတွက်
အမေပျော်ရွှင်ပါစေလေ
ဟိုး .................. တစ်နေရာက။
  
မှတ်ချက်။    ။ ကျနော်ထက် တစ်ဖြည်းဖြည်း အသက်ငယ်သွားတဲ့ ကျနော့်အမေသို့ ထာဝရလွမ်းချင်း။