Monday, September 14, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၅)


ကနေ့မနက်တော့ စောစောထပြီး ပုံမှန်လုပ်နေကျ ကိစ္စများပြီးစီးလို့ ၈နာရီထိုးတာနဲ့ အိမ်ကထွက်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်နေမကောင်းဘူးဆိုလို့ သတင်းသွား မေးတာပါ။ နာလန်ထမှာ ထမင်းစားလိုက်တာ ပြန်ဖြစ်တာပါ။ အားနည်းတာက အသံ တောင်မထွက်နိုင်ဘူး။ ဟဲ ဟဲနဲ့ မောနေလိုက်တာများ။ ဒါနဲ့ ဆေးခန်းလိုက်ပို့ကျ၊ ဟို ရောက်တော့ ဆရာဝန်က ဆေးထိုးရမယ် ပြောလိုက်တော့ သူငယ်ချင်းမျက်နှာက ကြောက်သလိုဖြစ်တာ မြင်လိုက်ရတော့ တစ်ချိန်က ကျနော်ခံစားရသလိုပါလားလို့ လွန်ခဲ့သော ၅နှစ်လောက်ဆီက အဖြစ်အပျက်ကို ပြန်သတိရမိတယ်။

သီတင်းကျွတ်ပြီးလို့ ဆွေမျိုးများရှိရာ ရွာလေးသို့အလည်သွားဖြစ်ခဲ့တယ်။ ရောက်ရောက်ချင်း ဆွေမျိုး တွေနဲ့စကားပြောပြီး ရေချိုးလိုက်တဲ့အချိန်ကအကောင်းသား။ ရေချိုးပြီးတာနဲ့ ရေနွေးပူပူလေး မှုတ်သောက် လိုက်တော့ ချွေးတွေ တဒီးဒီးထွက်လို့ အဆင်ပြေလိုက်တာ။ နေ့လည်စာစားနေချိန် လေကတဟူးဟူး တိုက်လာရော။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဆက်စားနေလိုက်တယ်။ ထမင်းစားပြီးလို့ ခဏကြာတော့ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်လာရော။ ဖျားတော့မယ်ထင်တယ်ဆိုပြီး ရေနွေးနွေးပူပူနဲ့ ငန်းဆေးတခွက် သောက်လိုက်တယ်။ ဆေးကလည်း တည်းခိုတဲ့အိမ်ရဲ့ ခေါင်းရင်းကအိမ်က ဆေးဖေါ်ပြီးရောင်းတဲ့ဆေးပါ။ သက်သာသလိုရှိပေမယ့် ညနေခင်းရောက်တော့ အဖျားကတက်ပါလေရော။ ဆေးထပ်သောက်လိုက်တော့ သက်သာသွားတယ်။ ကံဆိုးချင်တော့ ညပိုင်းရွာလိုက်တဲ့မိုးဟာ မနက်ကျမှရပ်သွားတော့တယ်။ ၃နာရီ လောက်တော့ တစ်ခါထပ်ရွာပြန်ရော။ ၅နာရီထိုးလောက်တော့ အဖျားကပြန်တက်ပြန်တယ်။ ငှက်ဖျားဖြစ်ဖူး လေတော့ ငှက်ဖျားတော့ ပြန်ဖြစ်ပြီလို့တွေးလိုက်တယ်။

ဖျားနေတာ ၃ရက်ရှိပြီဆိုတော့ ရွာကဆွေမျိုးတွေက စိတ်ပူတာနဲ့ ရွာမှာရှိတဲ့ တပ်ထွက် ဆေးသမား သွားခေါ်တာ မအားတာနဲ့ သူ့သားလိုက်လာရော။ လိုက်လာတဲ့သူ့သားကတော့ တောအခေါ်အပ်ပုန်းဆေး သမားပေါ့။ သူ့အဖေမအားရင် ဒီလိုပဲ လိုက်ကုနေတာနဲ့တူပါတယ်။ ဆေးထိုးမယ်တဲ့၊ ခဏနေပါအုံးလို့ ကျနော်က ပြောလိုက်တယ်။ ဒါနဲ့ ငါ့ညီက အသက်ဘယ်လောက်ရှိပြီလဲလို့မေးလိုက်တော့ ၂၀တဲ့။ လုပ်နေ တာကြာပြီလားဆိုတော့ ၁နှစ်ခွဲလောက်ရှိပြီတဲ့။ ကျနော်လည်း အထက်ကပြောခဲ့တဲ့ သူငယ်ချင်းကြောက် သလို ဖြစ်သွားတယ်။ ငါ့ညီရာ ဆေးတော့မထိုးတော့ဘူးကွာ စားဆေးလေးပေးခဲ့ပါလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲတဲ့ ဆေးမထိုးဖြစ်တာ တော်တော်ကြာပြီဖြစ်လို့ပါ ငါ့ညီရာ။ သူက ဘာမှမဖြစ်ပါဘူး လို့ပြောပေ မယ့် စားဆေးပဲတောင်းလိုက်တယ်။ ဒါနဲ့ အဲ့ဒီဆေးဆရာလေးလည်း ပြန်သွားရော ဘာလို့ဆေးမထိုး တာလဲလို့ အဒေါ်တစ်ယောက်က မေးတယ်။ သမားဆိုတာ အိုမှတဲ့ ခုတော့ သူက ကျနော့်ထက်ငယ်နေ တာရယ် တစ်ခုခုဖြစ်မှာလည်းစိုးလို့ပါ လို့ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ အဖျားကမကျဘူး ပုံမှန်ကို ဖျားနေတော့ မြို့ပေါ်က အစိုးရ လက်မှတ်ရအပြင်ဆေးခန်းက ဆရာဝန်ဆီမှာ တက်ကု လိုက်တယ်။ ၂ရက်ဆက်ကုတော့ ဆေးရုံတက်လိုက်ပါလို့ ပြောတာနဲ့ ဆေးရုံတက် လိုက်ရတယ်။

ထမင်းနဲ့ဝေးနေတော့ အားကလည်းတော်တော်နည်းနေပြီ။ ဆေးရုံလည်းရောက်ရော ဆရာဝန်ကြီးက နည်းနည်းပါးပါးစမ်းသပ်ပြီးတာနဲ့ နပ်စ်မတွေကို ပုလင်းကြီးချိတ်လိုက်ပါတယ်တဲ့။ ဆေးနဲ့တဲ့ရင်ကောင်းမယ် မတဲ့ရင်သေမှာပဲတဲ့။ ဒီလိုကြားလိုက်ရတော့ သွားပြီနဲ့ထင်ပါတယ်ပေါ့။ အားငယ်ငယ်နဲ့ နပ်စ်မ ဆေးလာ ချိတ်တော့ “ဆရာမ ရှေ့ကလူတွေအကုန်ကောင်းသွားလား” လို့ မေးလိုက်ရော ၅ယောက်လောက်တော့ သေသွားတယ်တဲ့။ အင်း ကျနော်လည်း ဘုရားတရားသာ တ နေလိုက်ရတော့တယ်။ ဆုတောင်းတာလည်း အမောပေါ့။ ၅၀ ရာခိုင်နှုံးက လက်မှတ်ရနေပြီဆိုတော့လေ။

လက်မှတ်မရတဲ့သူရဲ့လက်ကြောင့်သေမှာကြောက်တာနဲ့ လက်မှတ်ရဆရာကို အားကိုးမိပါတယ် လက်မှတ်ရ ဆရာကြောင့်သေရတော့မယ်ထင်ပါတယ်လို့လည်း တွေးလိုက်မိတယ်။ တော်သေးတယ် ဆေးကတဲ့သွားလို့။ ကံကောင်းသွားတယ်ပေါ့။ အဲ့ဒီ ဆရာဝန်ကြီးဆုံးဖြတ်ချက်ကိုတော့ မသေခဲ့လို့ ကျေးဇူးတင်ခဲ့ရတယ်။ နောက် တစ်ခါဆိုရင်တော့ ထပ်မတွေးရဲတော့ပါဘူး။ မဖျားအောင်တော့ အမြဲသတိထားနေရမယ်လို့ ကျနော်ဆုံးဖြတ် လိုက်ပါတယ်။

ဒီနေ့ သူငယ်ချင်း ခံစားမိတာလည်း ကျနော်လိုပဲထင်ပါတယ်။

ဘဝမှာ ဘာမှအားမခံချက်မရှိတဲ့ နေရာမျိုးမှာရောက်နေရင်တော့ ဒီလိုပဲ ခံစားနေရအုံးမယ်ထင် ပါတယ်။
အားလုံးကျန်းမာကြပါစေ

No comments: