Monday, May 10, 2010

ကျေနပ်စွာ စိုက်ပျိုးထားတဲ့ သစ်ပင်


စိတ်ဓါတ်တွေ နားနားနေနေရှိချင်တာ
တခါလည်း မဟုတ်
နှစ်ခါလည်း မဟုတ်
အခါပေါင်းများစွာ
စိတ်ဓါတ်တွေ လှဲကျင်းဖို့
ရောက်ရောက်လာကြ။

စိတ်ဓါတ်ကို အကဲလာစမ်းတာက
သံပရာသက်သက်သောက်ပြီး
သကြားမျိုထားတဲ့မျက်နှာနဲ့
ပြောပုံက လွတ်တော့ မလပ်
လပ်တော့ မလွတ်
ရှင်တော့ မသန်
သန်တော့ မရှင် ဆိုတာတွေ 
ဟင့်အင်း မလိုချင်ဘူး။

သိပ်သိပ်သည်းသည်းနဲ့
လွတ်လပ်ရှင်သန်ခွင့်
ရှိနေပြီးသား 
ဒါပေမယ့် တွေ့ထိခွင့်တော့ ပျောက်ဆုံးဆဲ
ဖြစ်ရမှာက အနားကို ခေါ်
ကြည်ကြည်နူးနူးလက်ဆွဲ 
နှုတ်ဆက်ချင်သေးလို့
ရင်ဘတ်ထဲ
ရေချမ်းစိမ့်လေး သောက်ရသလို   
ခံစားနေချင်တာပါ။

ဒီလိုမျိုး အတွက်
ယုံကြည်ထားတဲ့ စိတ်ဓါတ်တွေက
အလေ့ကျပေါက်နေတဲ့ အပင်မဟုတ်ဘူး
ဝန်းကျင်ပြောင်းလို့
လိုက်ပြောင်းနေရရင်
အစကတည်းက စိုက်မထားဘူး။

မနီးစပ်သေးတဲ့ သစ္စာတရားတွေ
မခံစားရသေးလည်း နေ
သစ္စာတရားကို မြတ်နိုးထားတာ
လုံလုံလောက်လောက်ပါပဲ
ရှင်သန်လို့ရသေးတယ်။

လျှောက်
ဆက်လျှောက်
ကြိုးစားပြီး လျှောက်
မယိုင်မလဲ တိုးပြီး လျှောက်
လွတ်လပ်ရှင်သန်းခြင်းပန်းတိုင်အထိ။


1 comment:

ကိုနော said...

ဝန်းကျင်ပြောင်းလို့
လိုက်ပြောင်းနေရရင်
အစကတည်းက စိုက်မထားဘူး။