Wednesday, March 31, 2010

ဧပြီ (၁)ရက်နေ့ ဘာမှမရေးပါ


ဧပြီလ ရောက်ပြန်ပြီ
ကျနော် ဘာမှမရေးချင်ဘူး
ဒါပေမယ့်
ဒါတွေကိုတော့
ဒီလိုပါလားဆိုတာတော့
ဒီအတိုင်းပဲ
စောင့်ဖတ်ဖို့တော့ လိုလိမ့်မယ်။

မှတ်မှတ်ရရ
ဒီနေ့ ဧပြီ (၁)ရက်လေ
အငြင်းပွားစရာရှိနေလို့လား
ထားခဲ့ပါ။ 

ကျနော် 
ဘာမှမရေးဘူး။
ဧပြီ(၁)ရက်နေ့မှာ။

ဖတ်ချင်ရင်
ကိုနော ကိုစောင့်ဖတ်။
ဓမ္မဂင်္ဂါ ကိုထိုင်ဖတ်။
မော်ကွန်းသစ် ကိုအိပ်ဖတ်။
ကိုပိန် ကိုတစောင်းဖတ်။
ရှင်သစ္စာ ကိုတရေးနိုးထဖတ်။

မစ္စတာပါရဂူကို မဖတ်နဲ့။
ဧပြီလ (၁)ရက်နေ့
ဘာမှမရေးဘူး။


အဝေးက မေးတဲ့ပုစ္ဆာ


ကောင်းကင်က
ဘာ အလိုမကျတယ် မသိဘူး
မြေပြင်က မြစ်ကို 
 ခိုးယူသွားခဲ့တယ်။

ဘာမဆိုင် ညာမဆိုင်
ဗိုလ်ချုပ်ကို ငါမသိဘူး

ဗိုလ်ချုပ်မှုးကြီးဆိုတဲ့ ဦးသန်းရွှေကို ငါမသိဘူး

အောင်ဆန်းဆုကြည်ကို
ငါမသိဘူး

ဗိုလ်ချုပ်ကြီးမောင်အေးကို
ငါမသိဘူး

NLDက ဦးတင်ဦးကို
ငါမသိဘူး

ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်ကြီး စသည် စသည်
အားလုံး အားလုံး ငါမသိဘူး။

ဦးဝင်းတင် ငါမသိဘူး

တစညပါတီကို ငါမသိဘူး

NLD ကို ငါမသိဘူး
ဘယ်သူ့မှ ငါမသိဘူး

ငါ ဘာသိလည်းလို့
မေးလိမ့်မယ်
(မေး မမေးတော့ ငါမသိဘူး)

ငါသိတာက
သူတို့ရဲ့အရိပ်
(ရှင်းရဲ့လား)
သူတို့ရဲ့ ကုသိုလ်လုပ်ရပ်နဲ့
သူတို့ရဲ့ အကုသိုလ်လုပ်ရပ်တွေကိုပါ။

တကယ်ပြောတာ
သူတို့ကို ကျနော်မသိဘူး
တကယ့်ကို မသိဘူး။

ကျနော်သိခဲ့တာက
ကောင်းကင်က
ဘာ အလိုမကျတယ် မသိဘူး
မြေပြင်က မြစ်ကို 
တကယ့်ကို ခိုးယူသွားခဲ့တယ်။




အသားလည်းဖြစ်တဲ့ သတ်သတ်လွတ်ဟင်း

`အဟမ်း´ `အဟမ်း´
(အတွေးက.... ချောင်းဟန့်တာကိုက ဆီမပါတာ စားတာများလွန်းတော့ သိပ်မရှင်းဘူး)

`အမိန့်ရှိပါဘုရား´
(အတွေးမှာ.....စီမံရတာခက်တဲ့အရာ မိန့်ရင်တော့ ဒုက္ခ)

`အဟမ်း.... ဒကာကြီး အရင်ဆရာတော်ကြီးက တသက်လုံး သတ်သတ်လွတ်ဘုဉ်းပေးသွားတာလား?
(အတွေးက ..... ရောက်တာတပါတ်ရှိပြီ ရုက္ခဗေဒဥယျာဉ်ထဲ ရောက်နေသလိုပဲ)

`မှန်ပါ´
(အတွေးမှာ..... အရင်ဘုန်းကြီးလို ဖြစ်ရင်ကောင်းမှာ အင်း သေချာတော့ မသိရသေးဘူး)

`အဲ့ဒါဆိုရင်တော့ ခက်ပြီ´
(အတွေးက..... ငါက အမဲသားတအားကြိုက်နေတော့ ဒုက္ခပဲ)

`ဖြစ်ချင်တာကို ဘွင်းဘွင်း မိန့်တော်မူပါဘုရား´
(အတွေးမှာ.... သတ်သတ်လွတ်ဘုဉ်းပေးမယ့်အကြောင်းများလား)

`ဒကာကြီး ဦးပဉ္စင်းက အရင်ဆရာတော်ကြီးရဲ့ တပည့်မဟုတ်ဘူးနော်´
(အတွေးက...... ဥပါယ်တံမျဉ်နဲ့ပြောကြည့်အုံးမှ)

`တပည့်တော်တို့ ပင့်ထားတာပါပဲ သိတာပေါ့ဘုရား´
(အတွေးမှာ...... လမ်းကြောင်းတော့ခင်းနေပြီ အရင်ဘုန်းကြီးလိုပဲ ဖြစ်မှာပါ)

`ဟင်းခွက်တွေက ခြေထောက်တွေမပါတာချည်းပါလား ဒကာကြီး´
(အတွေးက........တည့်တည့်ပြောလိုက်မှ အဆင်ပြေလောက်တယ်)

`ကိုရင် ကပ္ပိယတွေက စားပွဲနဲ့မကပ်ဘူးလား ဘုရား´
(အတွေးမှာ.... အ ချင်ယောင်တော့ ဆောင်လိုက်အုံးမယ်)

´ကျုပ်လည်း အရင်ဆရာတော်ကြီးလိုပဲ သတ်သတ်လွတ်ပဲ ဘုဉ်းပေးပါတယ်´
(အတွေးက .......တတ်နိုင်တော့ပါဘူး၊ အခြေအနေက)

´မှန်ပါ ဦးပဉ္စင်းဆန္ဒအတိုင်း ဖြစ်စေရပါမယ်ဘုရား´
(အတွေးမှာ ......ခုမှပဲ အလုံးကြီးကျသွားတော့တယ်)

´ဒါပေမယ့် ဒကာကြီး သတ်သတ်လွတ်လည်းဖြစ် အသားလည်းဖြစ်တဲ့ ဆွမ်းဟင်းရရင်တော့ ကပ်စမ်းပါ´

`တပည့်တော် မသိလို့ ဘယ်လိုဟာလည်းဘုရား´

`နွားအချင်းကို ချက်ထားတဲ့ ဆွမ်းဟင်း´ ပါ။

Tuesday, March 30, 2010

မတူ ပြိုင်မျဉ်းများ၏ ဖြစ်စဉ်


 ငါပြန်မက်မယ်
မင်းအိပ်မက်တွေ ငါ့ပေးစမ်းတဲ့။

ပြန်ခေါ်လို့ရတဲ့အိပ်မက်တွေ
ပြန်ခေါ်ပေးမိတယ်။
ဦးရာအိပ်မက်တွေ အရင်လာခဲ့။
အစဉ်အတိုင်း မက်ဖို့ဆိုတာ
ဖြစ်မတဲ့လား?
ဖြစ်သလို မက်လိုက်မယ်ဆိုရင်
ရကောင်း ရမှာပေါ့။

ငါ့တေးထားခဲ့တာက
နေ့စဉ် ဒိုင်ယာရီတွေပါ
မတားပါဘူး လိုက်နိုင်ရင် လိုက်ခဲ့လေ။

ဒါပေမယ့်
ငါ့သမိုင်းမှတ်စဉ်တွေ
ဖြောက်ဖျက်ဖို့တော့ 
မင်း .........
ယောင်လို့ မဖျက်မိလေနဲ့
ငါ့လမ်းကြောင်းဟာ
မင်းဖြစ်စဉ်တွေ မဟုတ်ဘူးဆိုတာ
သိထားဖို့လိုတယ်
ဒါပေမယ့် 
ခက်တယ်
မင်း မသိတာခက်တယ်။

နားလည်ရင် တစ်မျိုးပေါ့
ပြောပြရတာက
ခုတော့
ရှင်းရှင်းပြောရရင် 
သူများရေးတဲ့သမိုင်းမှာ
ခြေချော် လက်ချော်နဲ့
ဝင် မဖတ်မိပါစေနဲ့။

ခေတ်အလိုက် နားလည်ခံစားမှုမရှိခြင်းကို နားလည်အောင် ခေတ်သစ်ဘာသာဗေဒများနဲ့ ဆွဲဆောင်ပေး ကြည့်ကြပါစို့။

စမိသူတစ်ယောက်အကြောင်း


အစကတော့ ဘာညာမဟုတ်
ငုတ်တုပ်ထိုင် တရေးတည်းရေးမယ်
အားတင်း မောင်းတင်ဒေါင်းတင်နဲ့
လာထားစမ်း 
အတွေးတွေ အခေါ်တွေ။

ခုတော့ 
နွေ စမ်းရေတွင်းလို
ရိုးရိုးခပ်လို့လည်း အဆင်မပြေ
ဒူးထောက်ခပ်တော့ သဲကျွံ
ရေနောက်မှာစိုးသလို
ဆံပင်သုံးချောင်းတော့ ဖြူသွားပြီ။

စမိတော့ အပိုအလုပ်လည်း
မထင်မိ။
ကိုယ်တွေးတာ ကိုယ်ရေးမယ်ပေါ့။
တွေးတိုင်းရေးရရင်
အကျိုးမများ အချိန်ကုန်စေမှာ
တွေးပူတာတစ်ဒုက္ခ။

မီးပျက်ရင် အေးမယ်လို့ထင်သလား
ထွေးတင်တို့အမေ ပြောသလို
“ယပ်တောင်ရှာပေးစမ်း
ယပ်တောင်”။

မရေးတော့ဘူးကွာဆိုတော့
စိတ်က တစ်နုံ့နုံ့။
မျက်လုံးက ပေကလပ် ပေကလပ်နဲ့
ပြူးပြဲကြည့်ချင်သေးတာ။
(ရှင်ကြီးမော်-ရှင်လေးမော်တို့ မျက်မှန်နဲ့
ခန့်နေတာကြည့်တော့)

တစ်တက်စားလည်းကြက်သွန်ဖြူ
နှစ်တက်စားလည်း ဖြူ
တခေါင်းလုံးဖြူသွားတော့လည်း
သူတို့နဲ့အပြိုင် ခန့်လို့ရတာပေါ့။
(မစရသေးတဲ့သူတွေ အားကျစရာမလို)

တနှစ်မပြည့်သေးတဲ့
ဘလော့ဘ်မှိုင်း မိနေသူတယောက်ရဲ့
ခေါင်းဖြူစကားနဲ့ အတွေးပါ။



Monday, March 29, 2010

ဟိုတုန်းကလေ ဟိုတုန်းက


၂၆၁၇၈၉
အဲ့ဒါ ဖုံးနံပါတ်မဟုတ်ဘူး။ 
သွားမခေါ်နေနဲ့။ 
ဆက်လိုက်ရင် 
နားရှိရင်လည်း ကြားရမယ်
အဲ့ဒါ 
ငယ်ငယ်က ကျက်မှတ်ဖူးတဲ့
အမိမြေရဲ့အတိုင်းအတာ
အကျယ်အဝန်းပ။ 

ခုတော့ ဒီအတိုင်း
ရှိနေသေးလားဆိုတော့
မတိုင်းတာချင်ဘူး။
သိသွားရင်
စိတ်ဆင်းရဲမှာ အဖတ်တင်မယ်။

နောက်လူတွေက
ဘယ်လောက်မှတ်ထားကြလည်း
မသိတော့ဘူး။ 
ရှေ့ကအတိုင်းနဲ့ 
နောက်မှတိုင်းတဲ့အတိုင်း
ကွာတော့ကွာမှာပေါ့။
(ဒါ.... ရတာကိုး)

ကျနော်သိထားက 
 ဒါ
ဖုံးနံပါတ်မဟုတ်ဘူးနော်
၂၆၁၇၈၉။ 
နှစ်သိန်းခြောက်သောင်း
တစ်ထောင့် ခုနှစ်ရာ
ရှစ်ဆယ့်ကိုး။

ရည်ညွှန်း။       ။ မြန်မာဆိုတဲ့ မြန်မာများ လေးလေးနက်နက်သိထားစေဖို့

တွေးလက်စ နံနက်ခင်းအတွေးများ(၆)


ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံမင်္ဂလ မုတ္တမံ။
ကံဆိုးခြင်း ကံမကောင်းခြင်းဆိုတာ မထင်ထားတဲ့ဖက်က ထိုးနှက်တတ်တဲ့ ဝှိုက်လက်သီးပြင်းပြင်းတွေပဲ ဖြစ်မယ်ထင်ပါတယ်။ လောကဓံ(ဒဏ်)လှိုင်းတွေ အတိုက်ခံရပေါင်းများလာရင် ဖြေသိမ့်စရာလက်ဆုပ် လက်ကိုင်တရားမရှိထားရင်တော့ စိတ်ဓါတ်တွေကျလာရော။ ဖြေတွေးတတ်ဖို့ဆိုတာ ဒီလိုဖြစ်နေတာ ငါ တစ်ယောက်လား? အများလည်း ငါနဲ့အတူတူပဲ ဖြေတွေးလိုက်ရင် ဖြေသာပါတယ်။ 

သဘာဝဘေးအန္တရာယ်ဆိုတာ လာမယ်လို့ လက်တို့ထားတာမဟုတ်ဘူးလေ။ လာမှန်းသိထားတော့လည်း အများကြီးကြိုမတွက်ထားတော့ အရင်လို သိပ်ထိမှာ မဟုတ်ပါဘူးလို့ ပေါ့ဆမှုအတွေးတွေဟာ တစ်ခါတစ်ရံ အသက်များစွာကို ဝါးမျိုသွားတတ်တာ နာဂစ်သက်သေပါ။ 

လာမယ်ဆိုတာသိထားပေမယ့် မနက်မိုးလင်းတော့ ပိုသေချာသွားတယ်။ အဲ့ဒီအပင်ကြီးက အပေါ်က ဖိအားကို မနိုင်လို့ထင်ပ။ (လူတွေလည်း ဒီလိုပါပဲ။ အပေါ်လူက ဖိအားကို အောက်ကလူတွေ ဆုတောင်း သံများ အားကိုးရာအဆောင်တွေကိုင်ထားပေမယ့် ကြာတော့ဘာတတ်နိုင်တော့လို့လဲ)။ အောက်ခြေက လည်း ယိမ်းယိုင်နေတော့ အားများရာဘက်သို့ ကမ္ဘာမြေကြီးဆွဲအားနဲ့ လဲတော့တာပဲ။ အပင်မြင့်တဲ့ အမျိုး အစားဖြစ်လေတော့ အပင်ရဲ့ခါးလယ်လောက်မှာ လျှပ်စစ်ဓါတ်ကြိုးတွေ တယ်လီဖုံးကြိုးတွေ ရှိနေပေမယ့် တင်းမခံထားနိုင်ဘူးလေ။ ဒီကြားထဲ ကလေးတွေက သစ်ကိုင်းတွေကို ဟီးလေးခိုကစားကြလေတော့ ဗူးလေး ရာ ဖရုံဆင့်ပေါ့။  ရုတ်တရက်လဲကျလာရင်တော့ ဒီကလေးတွေပဲ ဘုမသိ ဘမသိအရင်သေမှာပဲ။

ဒီလိုနဲ့ မနေ့က နေ့ရက်တွေ ရေချိုးဖို့မရေရာ ရေကပြတ်နေပြီ။ စားဖို့မသေချာလေတော့ သူငယ်ချင်း တစ်ယောက် ထမင်းချက်ပေးဖို့ အကူအညီလှမ်းတောင်းရတယ်။ မီးကလည်း မလာတော့ ပို့စ်အသစ်တင်ဖို့ သူများရေးထားတာတွေ ဖတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မီးပျက်တာက မြန်မာပြည်ကတည်းက ကျင့်သားရထားလေတော့ ဖြေသာပါတယ်။ ရေမရှိတာက တော်တော်ခက်တယ်။ အဝင်လက်ခံထား လေတော့ အထွက်ကိစ္စကို ဘယ်လိုရှင်းရမလဲဆိုတာ လွတ်ခက်နေတယ်။ အတူနေသူငယ်ချင်းကတော့ ပြောတယ် သူကကိစ္စမရှိဘူး။ ဒီနေ့ ဝမ်းပိတ်ဆေးစားထားတာ အတော်ပဲတဲ့။ ကိုယ်ကသာ ခါးတောင်းကျိုက် နေတာ ကံကောင်းတဲ့သူက အဲ့လိုမျိုး ဖြစ်တတ်နေတာ။ 

အိမ်သာကိစ္စကို ကုလားတွေလို ရှင်းလိုက်ဖို့ စဉ်းစားကြည့်တော့ လေတိုးမခံနိုင်ဘူးဖြစ်နေတယ်။ (ဟီး ဟီး .. စိတ်ကူးနဲ့တွေး ကြည့်တာကိုပဲ မျက်နှာက ပြုံးဖြီးဖြီး ဖြစ်လာတယ်)။ 

ဒါလည်း မျိုးကြီးရဲ့ နိစ္စဓူဝ သီချင်းကို ကြားယောင်ရင်း။ 

ထင်မထားတဲ့ အခိုက်အတန့်လေး တဒင်္ဂနဲ့အဆင်ပြေသွားပါပြီ။

ကိုယ့်အတွက် ဆုတောင်းမနေတော့ဘူး။ သူများအတွက်တော့
မီးပျက်သောဘေး
ရေခက်ခဲသောဘေး
လူလုပ်သောဘေးတို့မှ ကင်းဝေးကြပါစေ။

Saturday, March 27, 2010

မြန်မာဖြစ်သောကြောင့်



မပြင်ချင်တော့ပါဘူး
တွေ့ဆုံရင် အပြုံးလေးလှပဖို့
ပြုံးတတ်နေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

မဆင်ချင်တော့ပါဘူး
ရင်းနှီးရင် လှိုက်လှိုက်လှဲလှဲရှိဖို့
ဖော်ရွေတတ်တာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

မကြင်ချင်တော့ပါဘူး
တခြားယဉ်ကျေးမှုကို
ငါ့ရှိပြီးသား တခမ်းတနားများ
ဒီ့ထက်သိမ်မွေ့စေဖို့
နေသားကျနေတာကို။
အဲ့ဒါ
ငါ မြန်မာဖြစ်သောကြောင့်။

အားလုံးကို
မြတ်နိုးနေဆဲ
အဲ့ဒါ 
ငါ မြန်မာဖြစ်သောကြောင့်။


ကမ္ဘာမြေကြီး အားတင်းထား


အေးဆေးနေပါရစေ
လာမနှောင့်ယှက်ပါနဲ့
သေနတ်ကိုင်ပြီး
ကမ္ဘာကြီးကို ဖျက်ဆီးမလို့
သူတို့လေ သူတို့ပေါ့။

အေးဆေးနေပါရစေ
လာမနှောင့်ယှက်ပါနဲ့
နည်းနည်းနဲ့ကျဲကျဲဝိုင်းမယ့်
ဗုံးကိုင်ပြီး
ကမ္ဘာကြီး ဖျောက်ဖျက်ဖို့
သူတို့လေ သူတို့ပေါ့။

အေးဆေးနေပါရစေ
လာမနှောင့်ယှက်ပါနဲ့
သေနတ်မဟုတ်
ဗုံးမဟုတ်
အယုတ်တမာတွေပြောဖို့
သတင်းဋ္ဌာနတွေ
မီဒီယာတွေအားလုံး
အားကိုးတကြီးများစွာ
ကမ္ဘာကြီး တညည်းညည်းဖြစ်ဖို့
သူတို့လေ သူတို့ပေါ့။ 

သူတို့အတွက်
အရေးကြုံလို့
အားကိုးတကြီး နိဗ္ဗာန်ဆိုတာ
ရှိပါ့မလား။

ဟင့်အင်း...
တကယ့်ကို
ရှိကို ရှိခွင့် မရှိဘူး။

ပြန်သိမ်းဆည်းနေရတဲ့ မောင်းကွဲသံများ


ငြိမ်းငြိမ်းနေချင် ငြိမ်ငြိမ်နေ။
ငြိမ်ငြိမ်နေမှ ငြိမ်းငြိမ်းနေရ။

လိုက်နာဖို့  ဆုံးမတဲ့
ဒီစကားလုံးများ
ငယ်ရွယ်စဉ်က နားခါးခဲ့ပေါ့။

တခါ တခါ
သူများအပူ ကိုယ်ယူ
ကိုယ့်အပူက သောင်းခြောက်ထောင်မက
အငြိမ်မနေတတ်ခဲ့ပုံများ။ 

အလှမ်းမတော်ခဲ့တာတွေ
အသွားရှော်ခဲ့တာများ
အပြောလွဲခဲ့တာတွေ
အလုပ်မှားခဲ့တာတွေ
များခဲ့ဘူးပြီ။ 
နှစ်ခဲ့လို့ နစ်နာခဲ့ပြီ။

ခုတော့လည်း 
အဲ့ဒီ ..... ဆုံးမစကားသံ
နားထဲမှာ 
နှလုံးသားထဲမှာ
နေရာတကျ လိုက်နာမိ။
 နေရာတကျ သိမ်းဆည်းတတ်ပေါ့။



Friday, March 26, 2010

ဓါတ်ပြားဟောင်းများ မှားဖွင့်မိခြင်း


အလွန်အကျွံမက်ထားတဲ့
အိပ်မက်တွေကိုပဲ
ငါ စိုးရိမ်တကြီး အားနာနေမိ။

တစ်ခါ ဖတ်ပြီးသား စာမျက်နှာတွေ
နောက်တခါပြန်ဖတ်တော့
အရင် စာမျက်နှာတွေ
ဘယ်ရောက်သွားတာလဲ။
သေသေချာချာ နံပါတ်မတပ်ခဲ့တော့
အဲ့ဒီ မျက်နှာနဲ့များ
ဝမ်းနည်းနေရသေး။ 

မွေးစာရင်းမပါဘဲ
အလိုလို အောင်မြင်နေချင်သူက 
ငါ ဖြစ်နေပါလား။ 
အင်း .............
စဉ်းစဉ်းစားစားပြောရရင်
အားတော့နာတယ်
သေလိုက်။

ငါသည် ငါသာလျှင်  ငါဖြစ်ပါစေ။ ငါ့အစား သူတပါးကို ငါ့နေရာအစားထိုးခြင်း မဖြစ်မနေသီးခံပါ။



Thursday, March 25, 2010

လိုက်နာကျင့်သုံးဖြစ်သော ........ (၃)


ကိုပါရဂူတို့လုပ်လိုက်ရင် တိုးလို့တန်းလန်းတဲ့။ ကိုးယိုကားယားဖြစ်ချင်တယ်လို့ ပြောချင်တယ်လို့ထင်ပ။

ခေတ်နဲ့အညီ မွေးလာတဲ့သူတွေဆိုတော့လည်း ဒီအတိုင်းပဲ ဖြစ်လာသလားမသိပါဘူး။ ရှေ့ကလူ လုပ်ခဲ့တာ ကို နောက်ကလူက အနေအထားအရ ရေတိုစီမံကိန်းတွေပဲ လုပ်နေကျတာလေ။ သူလုပ်ခဲ့တာ ငါမလုပ်ဘူး ဆိုတဲ့ အယူအဆတွေက လွှမ်းမိုးတဲ့ စိတ်တွေများလွန်းတော့ ဒီလောက်တော့ရှိမှာပေါ့လို့ တွေးမိသား။

ဘ၀နဲ့ ပတ်သက်ပြီးပဲ ပြောပြော၊ ဒေသတခု၊ နိုင်ငံတစ်ခု အားလုံးခြုံပြီး ပြောရရင် ရေတို ရေရှည် စီမံကိန်းဟာ ရှိသင့်ရှိထိုက်တဲ့ သဘောတရားပါ၊ စိတ်နေစိတ်ထားပါ။ လုပ်ပိုင်ခွင့် ရှိတဲ့အနေအထားမှာ ငါ့သမိုင်း ငါရေးတာ မှန်ပေမယ့် ငါလုပ်ခဲ့သလောက် ကျန်ခဲ့တာ ကျန်ခဲ့မှာလားဆိုတာ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ ထားရှိခဲ့ရမယ့် သဘောတရားပါ။ ပြီးအောင်တော့ ပြောခဲ့ ရေးခဲ့မှာပါ။ 

မြန်မာလိုတော့ ရေတဲ့။ တတ်ကျွမ်းတဲ့သူတွေက water ပေါ့။ တနည်းပြောမယ်ဆိုရင် ပါနီပေါ့။ အရေးကြီးတာ က သောက်လို့ကောင်းမယ့် သန့်ရှင်းတဲ့ အာပေါဓါတ်ကိုပါ။

ရွှေဟင်္သာဆရာတော်ကြီးကတော့ ဆီးတခါသွားပြီးရင် ရေတခါ ပြန်သောက်တဲ့။ ဒါ လိုက်နာကျင့်သုံးမိတဲ့ ကျန်းမာရေးလမ်းညွှန်ပါ။ ခုအချိန်အထိတော့ ဆီးနဲ့ပတ်သက်တဲ့ရောဂါ မခံစားသေးပါဘူး။ အထိုင်များတဲ့သူ များ၊ အကို အမ ညီ ညီမဘလော့ဘ်ဂါများ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းညွှန်ပါ။

နောက် ရေနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးနေတာကတော့ မနက်ဆိုရင် မျက်နှာကို အရင်သစ်ပါ တယ်။ ပြီးမှ သွားတိုက်ပါတယ်။ ပြီးရင် ရေအ၀သောက်ပါတယ်။ မျက်နှာအရင်သစ်ရတာက တညလုံးရှိထားတဲ့ အပူတွေ က ရေထိတဲ့နေရာကို တန်းလာပါတယ်။ သွားအရင်တိုက်လိုက်ရင် အပူ အထိများလာတော့ သွားနာ သွား ကိုက်ဖြစ်လာမယ်။ အကောင်းဆုံးကတော့ အပူများလွန်းရင် ဒူးအောက်ကို ရေအရင်လောင်း ပြီးမှ မျက်နှာ သစ်၊ သွားတိုက်လုပ်တာအကောင်းဆုံးပါ။ ဘယ်လောက်ခေတ်မီတယ်ပြောပြော ကိုယ့်ခန္ဓာက မလိုက်နိုင်ဘူး ဆိုရင် ခေတ်မီတာတွေလည်း နှမြောစရာပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်လောက် နည်းကျ တာမရှိပါဘူး။ 

ကျန်းမာဖို့ဆိုတာကတော့ ဘုရားဟော ပဋ္ဌာန်းဒေသနာကတော့
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။

ပဋိပက္ခ နတ်သုဒ္ဓါ



ရည်ညွန်း။     ။ လျှာကို နေရာနဲ့ အစားထိုးခြင်း၊
                       လျှာကို လူနဲ့ အစားထိုးခြင်း၊
                       ဘ၀နဲ့အစားထိုးခြင်းမရည်ညွန်းပါ။ လျှာကို လျှာအတိုင်းထားစေချင်ပါသည်။

 အစပ်အဟပ် မတည့်လိုက်ပုံများ
အမြီးဖြတ် ခေါင်းဖြတ်နဲ့
ဒန့်ဒလွန်သီးအတောင့်လိုက်
အရည်သောက်တစ်ခွက်။

ခါးချင်ရင်
ကြိုက်သလောက်ခါး
ကဲ  ....
ကြက်ဟင်းခါးအလုံးလိုက်
ပုဇွန်ခြောက် နည်းဘူးကြီးထည့်။
အဲ့ဒါက တစ်ခွက်။

လေးစိပ်ခွဲ ခရမ်းသီးနဲ့
အာလူးသေးသေးအလုံးလိုက်
(အခွံမသင်)
သားစိုးတစ်ခွက်။

(ဟိုလူတွေလိုမျိုး)
ငရုပ်သီးလို့
အသံပြဲပြဲနဲ့ 
မခေါ်ရဲလောက်အောင်စပ်မယ့် 
ငရုပ်သီးဆားထောင်းတခွက်။

အကောင်းကြိုက်လွန်းတဲ့ လျှာ
ဒီနေ့  ဒီလောက်ဆို
မှတ်ပလား။

Tuesday, March 23, 2010

ငါတစ်ယောက်တည်းလား?

ပို့စ်အသစ် မတင်ဖြစ်တဲ့အချိန်မှာ ဂီတကို တစိမ့်စိမ့် ဖတ်ဖြစ်ပါတယ်။ နားထောင်တာ အားမရလို့ စာသား တွေကို နောက်ကလိုက်ရေးပြီး သံစဉ်မပါဘဲ ဖတ်ဖြစ်နေတဲ့ စာသားတွေကိုပါ။ နားထောင်ဖြစ်တဲ့သီချင်းက ကိုလေးဖြူရဲ့သီချင်းလေးပါ။ တွေးလိုက်တိုင်း စဉ်းစားလိုက်တိုင်း နေသားတကျ ဖြစ်နေတဲ့ ရေလိုက် ငါးလိုက် ဘဝတွေက သံစဉ်မပါဘဲ တေးသားကို ဖတ်နေရသလိုပါပဲ။ တေးသားက ဒီလိုပါ........

ဒီလို ငါ ယုတ္တိမရှိတဲ့ အဖြစ်ကို
ယုတ္တိရှိဖို့ မွန်းမံနေရင်း
သေချာအောင် အသေးစိပ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိဘဲ
ငါတစ်ယောက်တည်း မဖြစ်တော့
ဒီအတိုင်း နှုတ်ပိတ်။

တိတ်ဆိတ်မှုတွေနဲ့ ပေါင်းဖက်ကာ 
နှုတ်ပိတ်။

ဆွံ့အမှုတွေကြားထဲမှာ 
နှုတ်ပိတ်။

ခါးသီးမှုတို့ စားသုံးပါ 
နှုတ်ပိတ်။

ဘယ်လူကို အားကိုးပြီး ရှေ့ဆက်မယ်
မင်းမရှိတော့ ငါ အားအင်တွေမဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့နေ့တွေက
ဘာတစ်ခုမှ
မင်းမသိနိုင်တော့ဘူး။

ငါ တစ်ယောက်တည်း
နှုတ်ပိတ်။

ဒီ ............နှုတ်ပိတ်။
တိတ် ............နှုတ်ပိတ်။
ဆွံ့ ............နှုတ်ပိတ်။
ခါး ............နှုတ်ပိတ်။
............နှုတ်ပိတ်။
............နှုတ်ပိတ်။


Monday, March 22, 2010

ဆိုရာဝယ် .............။


ဘဝဆက်တိုင်း
(ပြောကြည့်တာပါ)
သာသနာပြုပုဂ္ဂိုလ်
ဖြစ်လိုပါ၏။ 

ကိုယ့်ကိုယ်ကို
ဒိဋ္ဌိမဖြစ်သွားအောင်
အကြိမ်ကြိမ် သာသနာပြုနေရတာ
(ဘယ်သူမှ မသိ)  
အမောပါ... တကယ့်အမောပါ။

ကာယကံသာသနာပြုခြင်းဟာ
အကောင်းဆုံးပါ။
စကားလုံးမရှိ၊ ပြောစရာမရှိ၊
မရှိ
တကယ့်ကိုမရှိ။
နှစ်သက်ရင် အားလုံးဖြစ်
အသစ် .... အသစ်
မြင်သူ အသစ်
အဆန်းဖြစ်သူအတွက်။

ဝစီကံသာသနာပြုခြင်း
ဘုရားဟော ကျမ်းဂန်
အဋ္ဌကထာစသည်
အထွေထွေအပြားပြား
အငြင်းအခုံပြုလုပ်
ကြိုက်ခြင်း မကြိုက်ခြင်းရွေးချယ်
ဝိရောဓိတွေကို
အခမ်းအနားနဲ့ ဆုံးဖြတ်
မပြီးမချင်း သာသနာပြုကြ။
အားမကျဘူး။

ကဲ
မနောကံသာသနာပြုခြင်း
ဘယ်တရားနဲ့ ဆုံးဖြတ်မလဲ။
ခက်
ခက်
ခက်............။
(အရှိ  အသိတွေ မဝေခွဲနိုင်သရွေ့)

Sunday, March 21, 2010

ပန်းဝင်နေချင်သူများ


ကိုယ်ပစ်တဲ့ မြှား
ကိုယ့်ဆီပြန်လာတဲ့အချိန်မှာ
ပြေး ..... အားပါးတရ ပြေးပါ။
နေ့ရော ညပါ ပြေး
နောက်မဆုတ်တမ်း ပြေး။

လွတ်ချင်လို့ ပြေးတာဆိုပေမယ့်
လွတ်မှာ မဟုတ်ပါဘူး။
နေ့လည်းအရိပ်ထင်
ညမှာလည်း အရိပ်မြင်
တကယ်တော့
စိတ်အရိပ်မည်းက 
နောက်က တို့ တို့ ပေးနေတော့
ပြေးနေအုံးပေါ့။  

ပြေး ......
ပြေးသာပြေး .......
မြှောက်ပေးတာမဟုတ်ဘူး။

တကယ်တော့
ဝဋ်ဆိုတာ အဲ့ဒါပဲလို့ 
နာမည်မတပ်ချင်ဘူး။

ပြေး ......
ပြေးသာပြေး ...........။
သုသ်,သင်း ဆိုတဲ့ သောကြာဂြိုဟ်ထိ။
 (ဘေးက လက်ခုပ်တီးပေးနေတယ်)

Saturday, March 20, 2010

တန်ခူးရဲ့နောက်ကြည့်မှန်အလွမ်း


ငါ့ဘဝမှာ အနာအဆာပါရင်
ကျော်ဖတ်ပေးပါ။ 

မဖြစ်ချင်ခဲ့ပါဘူး
သူသူကိုယ်ကိုယ်လေ။
ဒီခံစားမှုကို မနက်ဖြန်ထိ
ဘဝဆုံးတဲ့အထိ ...........
ငါသိမ်းထားချင်တာပါ။

တကယ်ဆို
ဒီနှစ်မှာမှ
ပွဲတော်မဲ့ရတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
ဦးတန်ခူး နှောင်းတန်ခူး မရှိတော့တာလည်း ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုမျှော်လင့်မိ နေပေမယ့်
ပိုင်ဆိုင်ခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုတောင့်တနေမိပေမယ့်
ရယူခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုလွမ်းဆွတ်နေမိပေမယ့်
တွေ့ဆုံခွင့်မရှိတဲ့သူဟာ ငါပါ။ 

ငါခံစားနေရတာက
ဟိုး............အဝေးက
ဥသြတွန်သံ ငါမကြားချင်ဘူး။

အဲ့ဒီအချိန်ဆို
မိုးက ပိတောက်မျှော်
ပိတောက်က မိုးကိုတမ်းတ
ရာသီလွန် အိပ်မက်အလွမ်းကိုတော့
ငါ .........
တကယ် ...
တကယ်ပါ .....
မလွမ်းချင်တော့ပါဘူး။

Friday, March 19, 2010

လိုက်နာကျင့်သုံးဖြစ်သော ..........(၂)


 အစားအစာ
လူတိုင်းကင်းကွာလို့မရတာက အစားအစာပါပဲ။ ကျန်းမာရေးအတွက် စားမယ်ဆိုရင် မိမိစားဖူးတဲ့အစားအစာ ကပဲ အကောင်းဆုံးပါ။ မစားသေးဘူးတဲ့ စားနေကျမဟုတ်တဲ့ အစားအစာဆိုရင် ခန္ဓာကိုယ်အတွင်းက ဓါတ်ခံကို နိုင်အောင် များများစားဖို့အရေးကြီးပါတယ်။ ဖတ်ဖူးတဲ့ တိုင်းရင်းဆေးဆရာရဲ့အလိုကတော့ မိမိခန္ဓာကိုယ်နဲ့ ဘယ်လိုမှ မသင့်တဲ့အစားအစာတွေကတော့...........
မတဲ့စာ
အားနာစာ
နှမြောစာတွေ ရှောင်ဖြစ်အောင် ရှောင်နိုင်ရင် ကျန်းမာဖို့ ရောဂါမတိုးစေဖို့ သိပ်မပူရတော့ဘူးလို့ဆိုပါတယ်။ မိမိနဲ့မတဲ့သော အစားအစား ရှောင်ဖြစ်အောင် ရှောင်ပါ။
အားနာပြီး စားရမည့်အစားအစာရှောင်ပါ။
ထားတော့လည်းမကောင်းတော့တဲ့ နှမြောလွန်းတဲ့စိတ်နဲ့ စားမည့်အစားအစာလည်းရှောင်ပါ။ ဒါဆိုရင် အစား နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး။

ကျနော်တို့လူမျိုးက အကြွားလေးနဲ့ အစားအစာကို စားတတ်တဲ့အလေ့အကျင့်ရှိတယ်လေ။ သူများအရင် ရှားပါးတဲ့အစားအစာကို စားလိုက်ရရင်ပဲ မိမိခန္ဓာကိုယ်နဲ့ တည့် မတည့်မသိဘူး။ ကြွားလိုက်မယ်ဆိုတဲ့ စိတ်နဲ့ စားလိုက်တော့ ဒီလိုနဲ့ ရောဂါတွေ ဖြစ်လာကြရော။

မစားဖူးတဲ့အစားအစာကို စားရမယ်ဆိုရယ် ဝအောင်သာ စားလိုက်ပါ။ မစားနိုင်ရင်လည်း လုံးဝကို မစားပါနဲ့။ 

ရာသီဥတုနဲ့တွဲပြီး ပေါ်ထွက်လာတဲ့အစားအစာဟာ အကောင်းဆုံးအစားအစာပါ။ 

ပေါ်နေကျမဟုတ်ဘဲ ရာသီဥတုနဲ့ဆန့်ကျင်ပြီးပေါ်လာမယ်ဆိုရင် သတိထား၍  စားပါလေ။ 

ရာသီဥတုနဲ့အကြောင်းတရားကို စဉ်းစားပြီး အစားအစာတွေကို စားမယ်ဆိုရင် ဘုရားဟောတဲ့ ဥတုဘောဇန မ္ပိ ဥပနိဿယပစ္စယေန ပစ္စယော ဆိုတဲ့ တရားနဲ့ညီလေတော့ ကျန်းမာဖို့ သေချာပါပြီ။

Thursday, March 18, 2010

လူ့စည်းကမ်းနဲ့ သေမင်း


ဘဝတလျှောက်လုံး
အရင်းအနှီးနဲ့ ကြည့်ခဲ့ရတဲ့ပွဲ
ပြီးကိုမပြီးနိုင်သေးဘူး။
ကြာပြီပဲ

လက်

တစ်

လုံး

ခြား။ 


လှုပ်ရှား။ 

ခုတော့ 
ဇာတ်သိမ်းခန်းရဲ့နောက်ဆုံးအခန်း
မီးစာကုန် ဆီခန်း
မလွမပ ဒီပုစ ၦာ
အဖြေ ၁၉ မှာပဲ ပေါင်းဖြေတော့မယ်။  


Wednesday, March 17, 2010

လိုက်နာကျင့်သုံးဖြစ်သော .......(၁)


ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ)

ဆေးပညာအကြောင်းသိလို့တော့မဟုတ်ပါ။ လေ့လာဖတ်မိသမျှကို လက်တွေ့ကျင့်သုံးဖြစ် အကျိုးများတာ တွေရှိတော့ အကြိုက်ချင်းမတူကြတဲ့လောကမှာ ဆေးမသောက်ရဘဲ အဆင်ပြေနိုင်မယ့် ကျန်းမာရေး လမ်း ညွှန်များအကြောင်း ပြောပြချင်တာပါ။ ပိုသော်နုတ် လိုသော်ဖြည့်ပြီး မိမိကျန်းမာရေးအတွက် တစိတ်တဒေ သ စာဖတ်သူများအကျိုးရဖို့ရည်ရွယ်ပြီး ပို့စ်တင်လိုက်တာပါ။

လူတစ်ယောက်အတွက် ကျန်းမာခြင်းသည် အကောင်းတကါ့အကောင်းဆုံး ဆုလာဘ်ပါ။ လူတိုင်းကြားဖူး နေကျ စကားလည်းဖြစ်ပါတယ်။ မကျန်းမာချင်တဲ့ လူဆိုတာ ဘယ်သူမှမရှိလောက်ပါဘူး။ ငယ်ငယ်ကတော့ ခဏ ခဏ နေမကောင်းဖြစ်ချင်တယ်။ ကိုယ်ကြိုက်တာ ပူဆာလို့ရတယ်လေ။ အရွယ်ကလေးရလာတော့ နေ မကောင်းဖြစ်မှာ မကျန်းမာဖြစ်မှာကို ကြောက်တတ်လာတယ်။ ငွေပြတ်တဲ့အချိန် နေမကောင်းဖြစ်မှာ ပိုလို့ တောင် ကြောက်ကြောက်နေတယ်။ တန်ခိုးအာဏာတွေ လုပ်တိုင်း ဖြစ်နေတဲ့အချိန်မှာ မကျန်းမာမှာကို ပို ကြောက်နေမယ်ထင်ပါတယ်။ အသက်ကိုလည်း သူများထက် ပိုရှည်ချင်ကြတာလေ။ 

ကျန်းမာဖို့ဆိုတာ ..........
ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။ 

ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။ 

အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။ အပူထဲ ထွက်လိုက် အအေးခန်းထဲ ပြန်ဝင်လိုက်နဲ့ ကြာတော့ ခန္ဓာကိုယ်ထဲက အပူတွေက အရင်ဆုံး မျက်လုံးကို ထိ ခိုက်ရော။ ရန်ကုန်မြို့တော်ကြီးမှာ တွေ့ရတာက ခုနောက်ပိုင်း အတော်အများများ တတ်နိုင်တဲ့ကလေးလေး တွေ မျက်မှန်လေး တဝင်းဝင်းနဲ့။ ကျောင်းစာတွေလုပ်ရတာလည်း ပါတာပေါ့လေ။ မိဘတွေက ရာသီဥတုနဲ့ အလိုက်အထိုက်မနေတတ်တော့ ဘာမှမသိသေးတဲ့ ကလေးလေးတွေမှာ သနားစရာပါ။

ကိုယ်ရောက်နေတဲ့ အရပ်ဒေသမှာ ရာသီဥတုနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ဒါဆို နေကောင်းပြီ ကျန်းမာပြီ လို့ တစိပ်တဒေသ အားဖြင့် မှတ်ယူထားပါ။ 

ရွာက ဦးကုလားဆိုတဲ့အဖိုးကြီးရဲ့ ကျန်းမာရေးလမ်းညွှန်ချက်က ဒီလိုပါ။ သူက နွေရာသီဆိုရင် စောင်ပါးပါး ကို  ခေါင်းခြုံပြီး နေ့လည်နေ့ခင်း တရေးတမောအိပ်လေ့ရှိတယ်။ အိပ်ရာက နိုးပြီဆိုရင် ရေနွေးပူပူကို မှုတ် သောက်နေတော့တာပါ။ တရုပ်ကြီးတစ်ယောက်ပြောသလို နီတို့ ဗမာတွေ ရေနွေးပူပူသောက်ပြီး ဒီနေ့ အိုက် ပြုတ်ပြုတ်ကြီးနဲ့ မိုးရွာမလားမသိဘူးလို့ ပြောတယ်။ နွေရာသီ ရေနွေးသောက်မှတော့ ဟင်း..........။ 


သူက ကျနော်တို့ငယ်ငယ်က အပျော်အပျက် အော်အော်နေတဲ့စကားလေးကို ပြောပြတယ်။ 
အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ချမ်းရင် ရေချိုး နှင်းတောတိုး။
မောရင် တောင်တက် ကျောက်ခဲရွက် ဆိုတာလေး သိပြီးသားဖြစ်မှာပါ။ 


အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
 ဒါဟာနယ်နယ်ရရစကားမဟုတ်ဘူးတဲ့။ ကျန်းမာအောင် နေတတ်ဖို့ လမ်းညွှန်တဲ့။ ခန္ဓာကိုယ် အပြင်မှာပူနေ ရင် အတွင်းမှာ အေးနေတယ်တဲ့။ အပြင်မှာပူနေရင် ချွေးစို့အောင် နေတတ်ရတယ်၊ ခန္ဓာကိုယ်ထဲက အအေး ဓါတ်ကို ရေနွေးပူနဲ့လှမ်းလှမ်းစရတယ်၊ ဒါမှ ချွေးစို့ပြီး နေလို့လည်းကောင်းတာ။


ချမ်းရင် ရေချိုး နှင်းတောတိုး။
ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်ရဲ့အပြင်မှာ အေးနေပြီး အတွင်းထဲမှာ ပူနေတယ်။ ချမ်းလို့ ရေမချိုးရင် ကြာတော့ ရေအေးအေးလေးထိလိုက်ရင် ဟပ်ချိုး ဟပ်ချိုးနဲ့ ဖြစ်လာလိမ်မယ်တဲ့။ ချမ်းလို့ ရေချိုးတဲ့အခါ ခန္ဓာ ကိုယ်အောက်ပိုင်းကနေ ရေလေးနဲ့ပွတ်ပေး။ အဲ့ဒီကနေ အထက်ပိုင်းကို တဖြည်းဖြည်းပွတ်ပေးလိုက်ရင် နွေး လာလိမ့်မယ်။ အငွေ့တွေထွက်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ချိုးပေတော့။ ဆောင်းတွင်းမှာ ရေအေး သောက်။ အထဲကအပူကို ရေအေးနဲ့ တွေ့ထိပေးတော့ ဓါတ်က မျှတသွားတော့ နေလို့ထိုင်လို့ကောင်းသွား တာပဲတဲ့။


မောရင် တောင်တက် ကျောက်ခဲရွက်။

ဘာလေးလုပ်လိုက် လုပ်လိုက်ရင် အမောမြန်နေရင် မောတာနှေးသွားအောင် လမ်းများများလျှောက်၊ တောင်တက် လေ့ကျင့်ခန်းများများလုပ်ပေးဖို့ ပြောတာတဲ့။ အမောမြန်တာကို မြန်နေတဲ့အတိုင်း ထားထား ရင် ကြာတော့ ရောဂါရလာရော။ နာတာရှည်ဖြစ်လာရောတဲ့။ ဒါတွေဟာ ကျနော် လိုက်နာကျင့်သုံးနေတဲ့ ကျန်းမာရေးလမ်းညွှန်များပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ စိစစ်၍ ကျင့်သုံးကြပါကုန်။
ဆက်လက်ရေးပါအုံးမယ်။

Monday, March 15, 2010

အဝေးက ကဗျာရွတ်ဖတ်သံ


သစ်မယ်ဆိုရင် သစ်ချင်တိုင်း 
သစ်ဆန်းကြလော့။
အဟောင်းကိုတော့
အသစ်မလုပ်မိစေနဲ့။

လွမ်းမယ်ဆို လွမ်းချင်တိုင်း
လွမ်းနေကြလော့။
အပြစ်ကိုတော့
အလွမ်းလို့ မလုပ်မိစေနဲ့။

ချစ်မယ်ဆို ချစ်ချင်တိုင်း
ချစ်မြဲ ချစ်ကြလော့။
ဘေးဖြစ်မှာကိုတော့
အချစ်လို့ မလုပ်မိစေနဲ့။

တကယ်တော့
ကမ္ဘာမြေကြီးက
မင်းယူနိုင်လို့ မင်းယူသွားတာ
အပြစ်ပြောနေမှာ မဟုတ်ပါဘူး။
ဘယ်အတိုင်းအတာထိ ယူနိုင်မှာလဲ...
လဲ ............
လဲ ............
လဲ ...........။

မင်းယူသွားတယ်ဆိုတာ
မင်းသိက္ခာတွေထားခဲ့ရတာပါ။

သမိုင်းဝင်ခြင်း
သမိုင်းတွင်ခြင်းဆိုတာ
မင်းသိက္ခာတရားအတွက်
မင်းဘယ်လောက်ထိန်းထားခဲ့သလဲဆိုတာ
ငါတို့ မင်းစာမျက်နှာတွေ
တခမ်းတနား ဖတ်ချင်စမ်းပ။

မွေးနေ့ဆိုတာက
မှတ်မှတ်ရရ
နောင် မွေးနေ့ဆီသို့ပေါ့။


ရည်ညွှန်း။     ။ မနက်ဖြန်မှာ ကျရောက်မယ့် ရှင်လေးမော်မွေးနေ့သို့

Saturday, March 13, 2010

တန်ခူးလွန်မယ့် သင်္ကြန်


အတာတန်ခူးက
သူ့လမှာ ဒီနှစ်သင်္ကြန်မဲ့သွားလို့
နှစ်ကုန်အောင်အလွမ်းသည်(သယ်)လိမ့်မယ်တဲ့။

ပန်းပိတောက်က
မိုးမမိဘဲနဲ့တော့
ဟန်ဆောင်အပြုံးနဲ့
နှာမစေးတတ်ဘူးတဲ့။
မင်းလက်သီးပြင်းပြင်းတွေ
ငါ့ပါးလျှလျှကို မထိမချင်း
ရွှေအိုရောင်တွေနဲ့
“အား” လို့ ငါမအော်ချင်ဘူး။

(ဆန္ဒစောသူတို့ရဲ့)
ရှိသမျှရေတွေ
ရေလောင်းပြီး ပွင့်စေချင်တာ
အားနာပေမယ့်
သေတောင် မပွင့်ပေးဘူး။
မိုးမျှော်တာ ရေမျှော်တာမဟုတ်
ငါ့သိက္ခာ ငါ့မူကိုတော့
ဆုပ်ထားတဲ့လက်သီးအတိုင်း
နေဝင်သွားလည်း နောင်တမရဘူး။

သစ္စာမဲ့သူလို့ ထင်ချင်လည်းထင်ကြ
ပန်းမပွင့်လည်း
နာမည်ပျောက်မသွားဘူး။

လလွန်သွားပေမယ့်
မိုးမိတဲ့နေ့
သင်္ကြန်အမီတော့ နှာစေးပါ့ရစေ။
 

Wednesday, March 10, 2010

စိတ်တူ ကိုယ်တူ

အဲ့ဒီ နေ့လည်ခင်းပေါ့
မျက်နှာစုံညီနဲ့ တွေ့ခဲ့ခြင်းပါ။
အပူတွေလည်း မပါ
အယူတွေလည်း မပါ
ဘယ်လောက် ခမ်းခမ်းနားနားရှိသလဲဆိုတာ
ရင်ဘတ်တွေကို ဇစ်ဆွဲပြီး 
ဖွင့်ကြည့်စရာ မလိုဘူး
မျက်နှာချင်းဆိုင် အပြစ်ပြောလို့ရတဲ့
ရင်းနှီးမှုများ။

အသေအချာပါပဲ
နောက်နေ့လည်း ဒီရင်ဘတ်နဲ့
ဒီခံစားမှုပဲဆိုတာ။
 
သူသူကိုယ်ကိုယ်တော့
သူ့ရင်ဘတ် ကိုယ်ဖတ်
ကိုယ့်ရင်ဘတ် သူဖတ်
ရှိခဲ့ဖူးမှာပါ။ 
အစွန်းအထင်းတွေနဲ့အတူ
ဘာပြောမှာလဲ 
ရင်ဘတ်ကို ရင်ဘတ်နဲ့ ဖတ်ခဲ့မယ်ဆိုရင်ပေါ့။

ရင်ဘတ်တွေ ငါ့ရင်ဘတ်မှာ နားခိုဖို့
မတောင်းဆိုဘူး
ရိုးရိုးသားသားနဲ့
ရင်ဘတ်ချင်း နားခိုတတ်ဖို့ပါပဲ။ 
အဝေးကြီး မဟုတ်ပါဘူး
နီးနီးလေး ရှိနေတတ်မယ်ဆိုရင်ပေါ့။

တကယ်ပဲ 
တယုတယ လွမ်းတယ်။


ရည်ညွန်း။ ။ ရင်ဘတ်ချင်း နီးတတ်လွန်းတဲ့ သူငယ်ချင်းများသို့

Monday, March 8, 2010

စီရင်ချက်များ၏ နောက်ကွယ်

 

အကြားရော အမြင်တွေမှာပါ
ဝင်လိုက် ထွက်လိုက်နဲ့
ဖြစ်ပျက်နေလိုက်ကြတာ
တကယ်
တရားကျစရာ ကောင်းပေါ့။

ကိုယ့်တရား ကိုယ့်စီရင်ချက်တွေနဲ့အတူ
ရောင့်ရဲခြင်း မရှိသရွေ့
လိုချင်မှုတွေ အားကြီးလွန်းသူ
ကြည့်...........
လောဘထောင်မှာ။

တစ်ဦးအပေါ်တစ်ဦးက
ချစ်ခြင်းတွေ မလွှမ်းခြုံထားသရွေ့
ရက်ရက်စက်စက် အမျက်ကြီးလွန်းသူ
ကြည့်............
ဒေါသထောင်မှာ။

 ကိုယ့်ကိုယ်ကို
နှိမ့်ချခြင်းတွေ မရှိသေးသရွေ့ပေါ့
သူဘာလဲ ငါဘာလဲဆိုပြီး
မာန်ထောင်မှုတွေ များသူ
ကြည့်...........
မာနထောင်မှာ။

သူတစ်ပါး ကြီးပွားချမ်းသာမှုကို 
ဝမ်းမြောက်ဝမ်းသာမဖြစ်သေးသရွေ့
သူတစ်ပါးကြိုးစားမှုကို
မရှုစိမ့်ဖြစ်လွန်းသူ
ကြည့်..............
ငြူစူခြင်း ထောင်မှာ။

အမှား အမှန်တွေ မဝေဘန်တတ်
အစစ် အတုများ မခွဲခြားတတ်
အပ္ပမာဒတရားတွေ မထားနိုင်သရွေ့
တွေဝေလွန်းသူအတွက်
မောဟထောင်မှာ။

အကျဉ်းထောင်ထဲမှာ
ကိုယ့်တံဆိပ် ကိုယ်တပ်
ကိုယ့်တရား ကိုယ်စီရင်ပြီး
ကိုယ့်ကိုယ်ကို
ထောင် မကျပါစေနဲ့။


စိတ်ညစ်လို့ ရေးမိတဲ့ စိတ်ညစ်ခြင်းအကြောင်း

 

(၁)
မနက်မိုးလင်းလင်းချင်း
အဆုံးအမတွေ အပေးခံရ။
အိပ်ချင်မူးတူးနဲ့
ကဲ မှတ်လိုက မှတ်ကြ
ဒါ စာအုပ်ထဲ မပါသေးတဲ့
အဆုံးအမတွေ
အချင်းချင်း လေးစားရမယ့်
စည်းကမ်းတွေ
တွေ
တွေ
တွေ။

(၂)
မီးတွေဘာလို့ ပိတ်ထားတာလဲ?
ဒီမှာ အိပ်လို့မရဘူး။
မျက်လုံးပိတ် အိပ်နေပြီး
မီးပျက်နေတာ သူမသိဘူး။

(၃)
စိတ်ညစ်ညစ်နဲ့
ထိုင်ညစ်နေတာ
နှစ်နေတောင် ဝင်သွားတယ်။
ကဲ ဘယ်သူ ညစ်အုံးမလဲ။
စိတ် ညစ်တာမကောင်းဘူး။

(၄)
အင်ကြင်းပန်းတုံးတော့မှ
အင်ကြင်းတောထဲဝင်ပြီး
အင်ကြင်းပန်းတွေ မတွေ့တာခက်တယ်။
စိတ် ညစ်တာများ
တကယ်တော့
ပန်းတွေမလိုပါဘူး။

(၅)
“ မှတ်ချက်”
မနက်ဖြန် ညစ် မညစ်ဆိုတာတော့
စိတ်နဲ့တိုင်ပင်လိုက်ပါအုံးမယ်။


Friday, March 5, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၃)

ဆန်းသလားဆိုတော့ မဆန်းပါဘူး အဖေ။ 
သားတစ်ယောက်က အဖေကို ချစ်တာရယ် အဖေက သား တစ်ယောက်ကို ချစ်တာက ဘာဆန်းတာမှတ်လို့။ ချစ်ခြင်းတရားအတွက် မှတ်တမ်းမှတ်ရာတွေထားမယ်ဆိုရင် လောကကြီး ဘယ်လောက်ထိ ကြည်နူးစရာ ကောင်းလိုက်မလဲ။ 

ကျနော်တွေးကြည့်တာပါ။ ပေါင်းခြင်း နုတ်ခြင်းတွေမှာ ချဉ်းကပ်မှုလွဲနေသေးရင်တော့ အဖြေတွေ ကြက်ခြေခတ်တွေနဲ့ အလုပ်များနေအုံးမှာပါ။ အရေးကြီးတာက ဘယ်လိုအနေအထား ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် ချစ်နေဖို့ပဲ မဟုတ်လား အဖေ။ အတိုက်အခံမရှိတဲ့ အဖေနဲ့ကျနော် ချစ်ခြင်းတရားဟာ ဘယ်သူ့ကိုမှ အစွန်းမရောက်စေပါဘူး။ 

လူတစ်ဦးတစ်ယောက် ပျော်နေရင် မြင်ရသူမှာ ဝမ်းမနည်းရလို့ စိတ်မကောင်းဖြစ်မယ့်သူ တစ်ယောက်မှ မရှိလောက်ပါဘူး။ မချစ်တတ်သူက လွဲရင်ပေါ့ ။ 

ခုတော့ အဖေ ဘယ်လောက်ပျော်နေမှန်း ကျနော် အသိမ်းအဆည်းတွေ မထုပ်ပိုးထားချင်ပါဘူးအဖေ။ မရှိမဖြစ် အနေအထားမဟုတ်ပေမယ့် အဖေ့အတွက် တစ်ယောက်မရှိ တစ်ဦးတော့ အနေနီးသင့်တယ်လေ။ 

ညဦးပိုင်း ကြယ်မစုံတောင် မနက်မိုးလင်းရင် သောက်ရှူးကြယ်တော့ ကြည့်ချင်ကြသေးတာကိုး။ ကျနော် သောက်ရှူးကြယ်မဟုတ်တာတော့ သေချာတယ် အဖေ။ အဖေနဲ့ကျနော်က တောင်နဲ့မြောက် နေနေကြတာ ကိုး။ အဖေ အကို့ကို အားကိုး အားထားပြုတာ အဖေမှန်ပါတယ်။ အနီးဆုံးမှာ ရှိနေခြင်းဟာ ချစ်ခြင်းတရား အတွက် အန္တရာယ်မရှိလောက်ပါဘူး။ အဲ့ဒါတွေက အဖေနဲ့အကိုတို့ရဲ့ နီးစပ်မှု ၁၉၉၀-၁၉၉၂ ခုနှစ်တွေပေါ့။ 

အဖေဘယ်လောက်ပျော်မယ် အကိုဘယ်လောက်ပျော်မယ်ဆိုတာ အဖေ့ဘက်က ကျနော်ရှိနေပြီးသားပါ။ အဖေနဲ့ဆွေမျိုးတွေကို အနေနီးလာလေတော့ အကို့စိတ်တွေ အကိုမက်ထားတဲ့အိပ်မက်တွေကနေ ထွက်ခွါဖို့ နှလုံးသားက မီးစိမ်းပြလိုက်ပြီ ထင်ပ။ အကို သူ့ဝန်းကျင်ကို လက်ရမ်းနှုတ်ဆက်ခွင့်ရအောင် ကြိုးစား လိုက်ပေမယ့် ကျနော်နဲ့ လျှပ်တစ်ပျက်တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။

အဖေ ဘာမှမသိလိုက်ဘူးနော်။ အဖေသိတာက.................င့ါသားတွေ ငါ့အနီးမှာ လာနေကြမှာပဲလို့။ ဒါပေမယ့် အဖေ................။

Thursday, March 4, 2010

အကိုရယ် အဖေရယ် ကျနော်ရယ်(၂)

ထပ်ပြောချင်တယ် အဖေ။
ကျနော် အဖေ့ကို ချစ်တာပဲ သိတာပါ။
အကိုကလည်း ချစ်နေမှာပါပဲ။ မလာနိုင်တာက လွဲလို့ပေါ့။ အဖေ့အနေနဲ့ အကို့ကို လွမ်းမယ်ဆိုလည်း တကယ့်ကို လွမ်းနေစရာပါ။ အကိုက ကျနော်နဲ့မတွေ့တာ ဆယ်စုနှစ်ကျော်ရောပေါ့။ အကိုနဲ့ ကျနော် နောက် ဆုံးတွေ့တာက ၁၉၉၃ခုနှစ်ကလေ။ အဖေ အကို့ကို တွေ့ချင်တာ ကျနော်ကိုယ်ချင်းစာလို့ရပါတယ်။ အကိုက အဖေ့ဆီ ပြန်မှ ပြန်မလာတာကိုး။ အကို့ကိုလည်း ကျနော်နားလည်ပေးထားတယ်လေ။ စိတ်ချင်းသာ နီးနိုင် ပေမယ့် အနေအထားတွေက မျက်နှာချင်းတွေ့ဖို့ဆိုတာ အကို့အနေနဲ့ အဖေ့ဆီပြန်လာရင် လမ်းခုလတ်က နေ ပြန်လှည့် ရမယ့်အနေအထားပါ။ 

အကို အရင်နေခွင့်ရတာက ရှမ်းပြည်တောင်ပိုင်းထဲက မြို့လေးတစ်မြို့။ အဖေနေတဲ့အရပ်နဲ့ဆို ခေတ် အနေအထားအရ တွေ့ဖို့ဆိုတာ တော်တော်ခက်တဲ့အချိန်ပါ။ ဒါလည်း ကျနော်က နောက်မှသိရတာပါ။ အဖေကြိုးစားပမ်းစားနဲ့ အကို့ဆီ အဖေသွားခဲ့သေးတယ်လေ။ သားသမီးအပေါ် အဖေဘယ်လောက် ချစ်တယ်ဆိုတာ ကျနော်အဝေးကနေ အနေနီးနေရတာပါ။ အကိုနဲ့ အဖေတို့က သံယောဇဉ်တွေကို အိတ် ကပ်ပြန်ငဲ့နေရတဲ့အခြေအနေပါ။ ဆိုတော့ အကိုနဲ့အဖေတို့ရဲ့ ချစ်ခြင်းတွေ ဘယ်လောက်ထိ ဆွဲဆန့်နိုင် မှာလဲ။

ကျနော် ရန်ကုန်ရောက်တော့ အကိုက စာရေးတယ်လေ။ ညီလေးရေ ၁၀တန်းအောင်အောင် ကြိုးစား ကွာတဲ့။ အကို ဆက်ဆံနေရတဲ့ ခံစားနေရတဲ့လမ်းကြောင်း အကိုပဲ သိမှာပါ။ အကို့ဆန္ဒကို ကျနော် မဖြည့် ဆည်းပေးနိုင်ပေးဘူးလေ။ အကိုနဲ့အဖေတွေ့ဖို့ ခက်ခဲတဲ့ ဖြစ်စဉ်တွေထဲမှာ အကိုနဲ့ကျနော် တွေ့ဖို့ဆိုတာ ဘယ်လောက် အလှမ်းကွာတယ်ဆိုတာ ကံကိုပဲ မကောင်းဆိုးဝါးအဖြစ် မြင်ခဲ့ရတာပါ။ လူငယ်ဆိုတာ အားကိုးမှားသွားရင် တသက်လုံး စွဲမိစွဲ ဆွဲတတ်တာလေ။ ငယ်ငယ်က ကျနော့်ကိုစူးထားတဲ့ဆူးတွေ ခုထိ ကျနော်ဆွဲမနှုတ်နိုင်သေးဘူး။ ကျနော် ဘယ့်သူကို အပြစ်ဆိုရမှာလဲ။ ဆွေမျိုး ချစ်တဲ့ အဖေ့ရဲ့သွေးတွေ ခုထိ ကျနော့်မှာ စီးဆင်းနေဆဲလေ။ 

ဘာတတ်နိုင်မှာလဲဆိုတဲ့ ဖြည့်တွေးနှစ်သိမ့်မှုကလွဲလို့ တခြားဖြေနည်းရှိရင် ဖြေဆည်လိုက်ချင်ပါသေးတယ်။ အဖေ စိတ်ချမ်းသာဖို့အတွက် ငယ်ရွယ်သူကျနော့်အတွက် မဖြည့်ဆည်းနိုင်တာကိုဘဲ ပြန်တွေးရင် ခုထိ စိတ် မကောင်းနိုင်ဘူးအဖေရယ်။ မှန်သောစကားကို သစ္စာဆိုဖို့ မလိုပါဘူး။

အဲ့ဒီနှစ်ကတော့ အကိုနဲ့ပတ်သက်ပြီး အဖေ စိတ်ချမ်းသာသွားတဲ့နှစ်လို့ ကျနော်ထင်ခဲ့တယ်လေ။ အကိုက အဖေနဲ့နီးတဲ့နေရာကို ပြောင်းခွင့်ရခဲ့တယ်။ နေ့ချင်းပြန်သွားလို့ရတဲ့ သံယောဇဉ်လမ်းတွေပါ။

အဲ့ဒီတုန်းက ပျော်နေတဲ့အဖေ့မျက်နှာကို ကျနော်ကြည့်လိုက်ချင်သားပေါ့ အဖေ။ ဒါပေမယ့် ကျနော်က ဟိုး...အဝေးမှာကိုး။

အဖေ့မေတ္တာကို နားလည်တဲ့ကျနော် အဖေ့ကို ချစ်နေတာ အဆန်းလား။

Tuesday, March 2, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၁)

ခံစားမှုဆိုတာ လူတိုင်း သူသူကိုယ်ကိုယ် ခံစားရတာခြင်းတူမှာမဟုတ်ပါဘူး။ ပြောရရင် တဦးနဲ့တဦးက ဦးတည်ချက်ခြင်းမတူတော့လည်း ခံစားရခြင်း တူမှာမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို သူတပါး နားလည်ဖို့ ဆိုတာ ဘယ်လိုမှ လွယ်တဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်က သူတပါးအနေအထားနဲ့ တွက်ရင် သူ့အတွက် အသေးအမွှား ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီလိုဆို ကျနော် ခံစားမိတာတွေ ဖတ်မိသူများနဲ့ သဘော ထားတိုက်ဆိုင်ချင်မှ တိုင်ဆိုင်မှာပါ။ ဒီအတွက် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ တကယ်တော့ လူတိုင်းမှာ ခံစားချက်ခြင်း မတူကြဘူးလေ။ အရာအားလုံးပေါ့။ 

ကျနော် ဒီပို့စ် ရေးဖို့အတွက် ဖတ်သူအတွက် တစ်ခုခုတော့ ရစေချင်တာ အမှန်ပဲ။ ခံစားမှုတွေဟာ တခါတရံ နားလည်မှုရဲ့ ကိုယ်စားဝင်လာတာလားလို့ ထင်မိပါတယ်။ မခံစားမိပေမယ့် နားလည်တာ ရှိသလို နားလည် ပေမယ့် မခံစားရတာတွေ ဒုနဲ့ဒေး တွေ့ဖူးလို့ပါ။ 

ကျနော့် ခံစားမှုက အဖေနဲ့ ပတ်သက်တာပါ။ အဖေကတော့ အသက်တွေ ထမ်းထားရတွေ များလာလို့ထင်ပါ့ မှတ်ဉာဏ်တွေနည်းသွားတာလား မသိဘူး။ အတိတ်တွေကို အတိတ်တွေအတိုင်းပဲ ထားလိုက်တာလား။ ဘာမှမထူးတော့လို့ ထားလိုက်တာလားတော့ ကျနော် မသိဘူး။ ဒါလည်း အဖေပဲ သိမှာပါ။ အဖေကတော့ ကျနော့်ရဲ့ အတိတ်က ပုံရိပ်တွေကို အဖေဆီမှာ မရှိတော့ဘူးလေ။ စိတ်မကောင်းဖြစ်တာတော့မဟုတ်ဘူး။ တာဝန်မကျေတဲ့ သားတစ်ယောက်လို့တော့ ဝမ်းနည်းမိတာပါ။ 

ဒီတစ်ခေါက် အဖေနဲ့တွေ့တော့ အဖေက အဖေပါပဲ။ ဇရာတွေကို မခုခံနိုင်တာက လွဲလို့ပေါ့။ 
တခါတရံ နီးခြင်းတွေဟာ ဝေးခြင်းတွေ ဖြစ်သွားတတ်တယ်။ ဝေးခြင်းတွေဟာ နီးခြင်းဖြစ်သွားတတ်တယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးဆိုတာ ကျနော် သိလိုက်ရပါတယ်။  အဖေ့စိတ်ထဲမှာ အကို့ကို တွေ့ချင်နေတဲ့စိတ်ကိုပါ။

အဖေက ကျနော်နဲ့တွေ့တော့ အဝေးက ကျနော့်အကို့ကို သိပ်တွေ့ချင်တဲ့ ခံစားမှုတွေကို အဖေ့မျက်နှာ ပေါ်မှာ ကျနော် အဖေနဲ့တွေ့တိုင်း ဖတ်နေရတယ်။ ဘာပဲပြောပြော အဖေကတော့ သူ့သားကြီးကို အားကိုး တာ နေမှာပါ။ အားကိုးမယ်ဆို ဒီအနေအထားက အားကိုးထိုက်တဲ့ အနေအထားပါ။ အကိုဘက်က အမြဲတမ်း အိမ်ပြန်နောက်ကျတဲ့သူ တစ်ယောက်ပါ။ ဒါလည်း အဖေက နားလည်ပေးထားတယ်။ ဘယ်သူမှ အပြစ်မရှိတဲ့ အနေအထားပါ။ မိဘတိုင်းရဲ့ ဆန္ဒပဲလို့ နားလည်မိပါတယ်။ အကိုက လက်ညှိုးကွေးတဲ့ ဌာနမှာ လုပ်တာဆိုတော့ အကို့အတွက် အဖေ့အိမ်ပြန်ရမှာကို ဘယ်လိုမှ လက်ညှိုးမဖြောင့်နိုင်ဘူးလေ။

ကျနော့်ဘဝထဲက အကိုထွက်သွားတော့ ကျနော်ငယ်ငယ်လေးရှိသေးတာကိုး။ဒါလည်း အကိုကြိုက်တာ နှစ် သက်တာ အကိုရွေးချယ်လိုက်တာကိုး။ အကိုရဲ့သိက္ခာကို သူပဲ ထိန်းမှာပေါ့၊ သူပဲ ဆယ်မှာပေါ့။ ကျနော့် အနေနဲ့ အကို့အတွက် ဂုဏ်ယူနေဖို့က လွဲလို့ တစ်ခြားမရှိပါဘူး။ ညီတစ်ယောက်အနေနဲ့ အကိုဟာ ရှေ့သွား လည်း ဟုတ်၊ နမူနာယူစရာလည်းဟုတ်ဆိုတော့ ကျနော်သိတတ်တဲ့အချိန်က နားလည်လိုက်တဲ့ ခံစားမှုပါ။

ကျနော်သိတာက ကျနော် အဖေ့ကို ချစ်တာတစ်ခုတည်းပါ။