Tuesday, July 27, 2010

မွေးနေ့


(ရ)လပိုင်း (၂၇)ရက် နံနက်(ရ)နာရီအချိန်မှာ
ကျနော် 
လူ့ဘဝထဲရောက်ခဲ့တာ
စက္ကန့်ပေါင်း (၁၁၆၆,၈၃၂၀၀၀)ပြည့် မွေးနေ့ပေါ့။

သုခမြို့တော်မှာ
မွေးနေ့အမှတ်တရ
သံဃာ(၆)ပါးကို နေ့ဆွမ်းကပ်ဖြစ်တယ်။

ရလာတဲ့ဘဝတစ်ခု
စုစရာ ဆောင်းစရာများ
ရှာဖွေနေကြရင်း
ကောင်းမှုတွေလား
မကောင်းမှုတွေလား 
သေချာ ရေရာခဲ့ပြီလား။

နေပျော်တဲ့ဘဝလား
ပျော်နေတဲ့ဘဝလား
စဉ်းစားမိပေါ့ အကြိမ်ကြိမ်
စိုးရိမ်ရတဲ့ နေပျော်တဲ့ဘဝများ
ကျော်လွှား ဖြတ်သန်းကြရင်း
ပျော်နေတဲ့ဘဝများသို့
ထဲထဲဝင်ဝင် လျှောက်လှမ်းနိုင်စေ
အားလုံးအတွက် မေတ္တာပို့သပါကြောင်း။

Wednesday, July 21, 2010

သုခမြို့တော်ရောက် အမှတ်တရ(၂)


အနှုတ်အသိမ်းများခဲ့တဲ့
သုခမြို့တော်လမ်းပေါ်
လျှောက်ကြည့်ခဲ့တယ်။

လမ်းပေါ်မှာ ဆင်ခြေရာတွေ့ပေမယ့်
လမ်းဆုံးမှာ ကြွက်ခြေရာဖြစ်နေတာ
တွေ့ခဲ့တယ်။

တစ်ကောင်ကျွေး နှစ်ကောင်ရိုက်
ကျားကွက်စနစ်တွေလည်း တွေ့ခဲ့တယ်။

ကေဒါများလွန်းတော့
ပါးစပ်စေ့ထားတဲ့ အိမ်တွေလည်း တွေ့ခဲ့တယ်။

အခြေခံဥပဒေကို
ကွန်မြူနစ်ပါတီလမ်းစဉ်နဲ့ 
တွဲလျှောက်နေတာလည်း တွေ့ခဲ့တယ်။

အရိပ်ကို မကြောက်လေတော့
အခက်ချိုးဖို့ ဝန်းမလေးသူတွေလည်း
တွေ့ခဲ့တယ်။

ဆန့်ကျင်ဘက်တွေ့ပြီဆိုရင်
စကားလုံးတပ်ဖွဲ့နဲ့တမျိုး
ဝိဉာဉ်လှဲလှယ်ခြင်းမျိုးနဲ့တဖုံ
လှိုင်းတံပိုးလို ထိပ်တိုက်တွေ့ဆုံခြင်းတဝ
စိဉ္စမာဏဥာဉ်မျိုးစုံကို တွေ့ခဲ့ရတယ်။

လောကဆိုတာ 
စုံမှ ကြိုက်တာဆိုသူများအတွက်တော့
သုခမြို့တော်မှာ သင်္ချိုင်းမျိုးစုံလည်း
ရှိနေတယ်။

Tuesday, July 20, 2010

သုခမြို့တော်ရောက် အမှတ်တရ


အိပ်မက်တွေနဲ့ ဆန့်ကျင်ပြီး
ကျနော်
သုခမြို့တော်ရောက်နေတယ်။

နာမည်အတိုင်းဆိုရင်
ဘာမှမလိုအပ်တဲ့နေရာပေါ့
ဒါပေမယ့်
သုခမြို့တော်မှာလည်း
ကျားကြီးတော့ ခြေရာကြီးတာပါပဲ။

အစားအစာတွေက
ဗမာလျှာပေါ် ဖြတ်လျှောက်လို့ရတဲ့အစာတွေနဲ့
မြစ်ဝကျွန်းပေါ်ဘက် ရောက်နေသလားလို့
ဒါပေမယ့်
လေထုညစ်နွမ်းမှုက ပြောလောက်တယ်
မိုးမရွာရင်ပေါ့။

ဘယ်နေရာဖြစ်ဖြစ်
နာမည်ပေးဘယ်လောက်ကောင်းကောင်း
တိုးတက်ကြောင်း သတင်းစာထဲဘယ်လောက်ထည့်ထည့်
ဟာကွက်တွေဆိုတာ
သုခမြို့တော်မှာလည်းရှိပေါ့။

ဒဏ်ရာဒဏ်ချက်တွေကို
စကားလုံးတွေနဲ့ ဖုံးကွယ်မရဘူးဆိုတာ
သုခမြို့တော်ပြည်သားတွေ သိနေတယ်။

Monday, July 19, 2010

စွဲ မှတ်မိနေတဲ့ (19) JULY


နေရာမပေးလည်း နေ
ဝမ်းမနည်းဘူး
သတိရနေတာနဲ့ ကျေနပ်တယ်။

ငယ်ငယ်က သင်ခဲ့ရတဲ့ ဖတ်စာ
မမေ့သေးဘူး
အော် .............
(19) JULY ။

ရွေးချယ်ခံရပြီး
ကွင်းထဲမရောက်ခဲ့ရတဲ့ ဘောသမားတွေလို
အမေ့ခံ ဒဏ်ရာဒဏ်ချက်တွေပါ။

တကယ်တော့
သူများရေးထားတဲ့ အာဇာနည်တို့သမိုင်း
အာဇာနည်တို့ မဖတ်မိပါစေနဲ့။

လိပ်ပြာသန့်သန့်နဲ့
ရပ်တည်ခဲ့တဲ့ ဂုဏ်သိက္ခာအတွက်
ရောက်ရာအရပ်က ဂုဏ်ယူလိုက်ပါ
အာဇာနည်သူရဲကောင်းတို့။


Sunday, July 18, 2010

နောင်တတွေ မြှုပ်ထားတဲ့နေရာ


လှော်တော့ လှော်နေကြတာပဲ
တက်မပါ ဘာမပါနဲ့
လက်နဲ့လှော်လို့ ရှေ့ရောက်မတဲ့လား?

ပြောတော့ ပြောနေကြတာပဲ
အကျိုးရှိ မရှိမစဉ်းစားဘဲနဲ့
အချိန်က ဒီအတိုင်းရပ်နေမှာတဲ့လား?

နောင်တရတတ်မယ်ဆိုရင်
နောင်တနဲ့ပိ သေလို့ရရဲ့
“တစ်လက်မ”လောက်ခေတ်မီဖို့
“တစ်ပေ”မက အရင်းအနှီးများလွန်းတာ
ရင်နာလွန်းပေါ့။

တစ်ချို့က
အရင်လူထက် နောက်လူက
ကောင်းအောင်လုပ်ခဲ့တယ်
ကျန်ခဲ့တယ် မှတ်တမ်းများ။

တစ်ချို့တစ်ချို့
နောက်လူက အရင်လူထက်
ညံ့အောင်လုပ်တယ်
ကျန်တယ် ဆိုးကျိုးများ။

ငါးမရ ရေချိုးပြန်ချင်သော်လည်း
ကျနော်တို့
ဒီနေ့အထိ ကံမကောင်းသေးပါ။

Saturday, July 17, 2010

ကျနော်နဲ့ စစ်ပွဲများ


နောက်မှရောက်တော့
မဆင်မခြင်ဘဝဟာ
ရှေ့လူရဲ့အစာ(သို့မဟုတ်)နယ်ရုပ်လေးတဲ့။

ဘဝဟာ
ပြစ်ဒဏ်ဘောတွေ ခဏခဏပေးဖို့
ငါ နောက်တန်းလူ မဟုတ်ဘူး။

ချော်ရာ လဲထိုင်ရအောင်
ငါဟာ ငါ့စိတ်ဓါတ်နဲ့
သဟဇာတဖြစ်မလား။
အဲ့လို မလဲထိုင်တတ်ခဲ့တာတွေနဲ့ဘဲ
ငါ့မှာ ခုထိ ပျော်လို့။

သေချာတာ တစ်ခုက
နေရာအကြောင်းတွေ
မစဉ်းစားမိသေးတာပဲ။

တကယ်တော့
စစ်ဖြစ်တယ်ဆိုတာ
လက်နက်ရှိမှ မဟုတ်ဘူးနော်
ငါ့ခန္ဓာကိုယ်အတွင်းမှာ
င့ါစိတ်နဲ့ငါ ခဏခဏ စစ်မဖြစ်အောင်
ကြိုးစားနေရဆဲ ............။
တရားသောစစ်ပွဲဆိုတာတွေ
အင်း ...........
ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်တော့ ................။

Thursday, July 15, 2010

နိုးတဝက် အိပ်မက်ဆင်ခြေများ

ပျံတော့ပျံချင်သားပေါ့
ကိုင်းလေး လှုပ်ကျန်မှာစိုးလို့။

လှိုင်းလည်း ရိုက်ခတ်ချင်စမ်းပေါ့
ရေတွေ ကျောက်ဆောင်နဲ့တိုက်မှာစိုးလို့။

ပြေးထွက်ချင်စမ်းပေါ့
ဒိ့ထက် ဝေးသွားမှာစိုးလို့။

တကယ်တော့
မတည်ငြိမ် တွေဝေနေတာမဟုတ်ဘူး။
ဆုပ်ကိုင်ထားတဲ့ အမှန်တရားနဲ့
ဆန့်ကျင်ဘက်ဖြစ်မှာစိုးလို့။

ဆန့်ကျင်ဘက်ရေ
အိပ်မက်တွေ ဒီအတိုင်းပဲမက်နေသေးလို့
ငြိမ်သက်နေတဲ့ င့ါကန်လေးထဲ
ခြေဆော့လက်ဆော့နဲ့
ခဲ မပစ်ချလိုက်ပါနဲ့ကွယ်။

Wednesday, July 14, 2010

အိမ်အပြန်မှတ်တမ်း

ဒီမနက်
လဘက်ရည်သောက်ပြီး
အိမ်ပြန်ခဲ့တယ်။

ငါ့အိမ်နဲ့ငါ
ဝေးနေလိုက်တာ
ခုထိ အိမ်ပြန်မရောက်သေးဘူး။

နေ့နဲ့ညတွေဆိုတာ
အမှောင်နဲ့အချဉ်သိပ်ထားတာ
လိုပါတော့မလား။
(တခါတလေတော့
ဘာမှမရတော့ ဘာမှမလိုဘူး။)

လေရှူခွင့်
ပိတ်မထားတာကိုပဲ
ငါ့စိတ်ဓါတ်ကို ငါကျေးဇူးတင်တယ်။

ဘယ်ဘက်ရင်အုံက
ဒိတ် ဒိတ်နဲ့ ခုန်နေတာရှိနေရင်
ရှိနေသေးသရွေ့ .......
ယုံကြည်ရာ အဲ့ဒီလမ်းအတိုင်း။

အမေ
ကျနော် လဘက်ရည်သောက်ပြီး
တကယ် အိမ်ပြန်ခဲ့တယ်။


Thursday, July 8, 2010

ရိုးသားမှုကို ခေတ်တစ်ခေတ်နဲ့ တည်ဆောက်ခြင်း


ဘဝဟာ ခေတ္တက လာတယ်ဆိုရင်
ခေတ်တစ်ခေတ်ဟာ ခဏပါပဲ။

ဘယ်လောက်ထိ 
အဲ့ဒီခေတ်ကို ဆွဲထားနိုင်မလဲ
ဘဝကိုက
မသေချာ မရေရာမှုတွေနဲ့
ခင်းကျင်းထားခဲ့မိမှတော့။

အငှါးချထားမိတဲ့စိတ်တွေ
ကိုယ်ပိုင်ပြန်ဖြစ်ဖို့
ဘယ်လောက်ထိ ကြန့်ကြာနေအုံးမှာလဲ။

ရိုးသားတဲ့စိတ်ကို
ပြန်အဖတ်ဆယ်ဖို့
ဂုဏ်တွေလိုက်ရှာနေမှာလား
ငွေတွေလိုက်ရှာနေမှာလား
အာဏာတွေလိုက်ရှာနေမှာလား
ဒါဆို
ရိုးသားမှုတွေကို
ဘဝတွေ သေသာသေသွား
ရမှာကို မဟုတ်တော့ဘူး။