Monday, May 31, 2010

ခြေလှမ်းများ


တချို့က 
သူတော်ကောင်းစိတ်မွေးမြူဖို့
ရှေ့သို့ ခြေတလှမ်းတိုးလိုက်တယ်

တချို့က
လူယုတ်မာဖြစ်ဖို့
ရှေ့တလှမ်း တိုးလိုက်တယ်။

တချို့က
ပရဟိတအတွက်
ရှေ့တဆင့် ခြေလှမ်းထက်တိုးလိုက်တယ်

တချို့က
ငါ့အတွက်နဲ့
ခြေတလှမ်း ဆက်တိုးပြန်တယ်

တချို့က
မှတ်တမ်းကျန်ရစ်ဖို့
ဆက်လှမ်းနေကြတယ်

တချို့က
မှတ်တမ်းဖျောက်ဖျက်ဖို့
ဖြတ်လှမ်းနေကြတယ်

နံပါတ်မပါတဲ့
စာမျက်နှာတွေနဲ့
ဆက်လှမ်းနေကြတာပဲ
စာမျက်နှာနံပါတ်တပ်ဖို့
နောက်လူတွေ 
လိုက်ဖတ်ပြီး စာမျက်နှာတပ်ပါလိမ့်မယ်။
မသေချာမှုနဲ့
ဘယ်လောက်ပဲ စာမျက်နှာတပ်ခဲ့ပေါ့
မရေရာခြင်းတွေဟာ
မှတ်တမ်းစာမျက်နှာမှ မဟုတ်တာလေ။


Saturday, May 29, 2010

ကြယ်တွေစုံမယ့် ညများဆီသို့


စိတ်ကို စိတ်က
ပြန်ထမ်းနေရတာလောက်
မောပန်းတာမရှိဘူး။

ထမ်းထားလိုက်
ကျသွားလိုက်
ပြန်ကောက်လိုက်
ဒရွတ်တိုက်ဆွဲလိုက်
နေသားတကျဆိုတာထက်
မခုတ်ရတဲ့ဓါးတွေလို
သမိုင်းဝင်ပြန်တမ်းဝင်ဆိုပြီး
လိုက်လျောညီထွေဖြစ်ဖို့
အများနဲ့အတူ ယိမ်း မကလိုတော့။

ဒီလိုနဲ့ 
အသစ်တွေကို အဟောင်းလုပ်
အဟောင်းတွေကို အသစ်ပြန်စနဲ့
အသံကပဲ မပီတော့တာလား
နားကပဲ လေးထိုင်းသွားတာလား
ဖြစ်နိုင်ရင် နားထောင်ကြည့်
ကြယ်တွေစုံတဲ့ည သီချင်း
ထူးအိမ်သင်ဆိုခဲ့တယ်။

စိတ်ကို စိတ်က 
ပြန်ထမ်းနေတာခြင်းအတူတူ
မြတ်နိုးမှုစိတ် စစ်စစ်လေးဆိုတဲ့
လွတ်လပ်ခြင်းတရား
ထမ်းသာထမ်းထား
ပျော်ရွှင်မှုပန်းတိုင်အထိ
ဟိုမှာ
ကြယ်တွေစုံတဲ့ည။



Wednesday, May 26, 2010

လောင်မီးကျခြင်း


အဆင့်နိမ့်ရင် သိဖို့
မင်္ဂလာဈေး သက်သေပါ 
ပြန်ပြောနေရရင် 
မသမာတာ လူပိုသိပါတယ်

ဒီလောက် မီးလောင်နေတာ
ငြိမ်းနေတာက သင်္ကြန်ရေပွတ်နှစ်ခုနဲ့
ဆင်ပါးစပ် နှမ်းပက်သလိုပါပဲ
ခံစားမှုတော့ရှိတယ်
လူတွေကိုး
နေရာပျောက်မှာတစ်ခုနဲ့
ခြေကို စုံကုပ်ထားရတာ
မင်္ဂလာဈေးရေ 
လောင်လက်စနဲ့ ဆက်လောင်။

ခုတော့ 
အင်း 
အင်း ပေါ့လေ
နိမ့်နေတာ မြှင့်ပေးဖို့
လုပ်နေကြတာ 
(ထုံးစံအတိုင်း)
တကယ့်ကို ကျေးဇူးတင်စရာပါ။ 

Tuesday, May 25, 2010

အမေ့ကို လွမ်းတယ်


အမေ
 အမေ့ကို လွမ်းနေရလို့
ကျနော် လွမ်းတယ်။

ဒီလိုလေး ပြုံးနေနိုင်တာ
ဘယ်သူက အပြစ်ပြောနေမှာလဲ
ဘာမထီအပြုံးစစ်စစ်ကို 
အမေပဲ ပြုံးနိုင်နေတာ
ခုထိ မမေ့ပါဘူး။

အမေ ရိုက်တော့
ကျနော် ငိုပေါ့ဗျာ
ဒါပေမယ့်
အမေ နေနိုင်ပါဘူး
ကျနော် နို့ချိုချို စို့ခဲ့ရတာချည်းပဲ။

အမေ့လိုပဲ
ဘာမထီအပြုံးမျိုး
ကျနော် တွေ့နေရပြန်ပြီ အမေ ။

အမေရယ်
အမေ့ကို လွမ်းနေရရုံသက်သက်နဲ့
အမေ့ကို မလွမ်းပါဘူး
ကျနော် လွမ်းနေတာ
အမေ သိနေမှာပါ
အမေ့ရဲ့ ထုံးစံအတိုင်း
ဟုတ်လောက်ပါဘူး လူလေးရယ်လို့
အမေ ပြောအုံးမှာလား
ပြုံးပြုံးနဲ့ပြောနေမယ့်အမေ့မျက်နှာ
ကျနော် ပြန်ကြည့်ချင်လိုက်တာ အမေ။

အဲ့ဒီလို 
အမေက ဘာမထီအပြုံးမျိုး ပြုံးတော့
လွမ်းတယ် အမေ
ပိုလွမ်းတယ်ဗျာ
လွမ်းတယ်။ 


အချိန်စောင့်နေသူများ


တောင် ဖြိုချဖို့
ငါ မပြောလိုဘူး။

တောင်ထိပ်မှာ ပင်လယ်ရောက်ဖို့
ပင်လယ်က မြှင့်ပေးရမှာလား
တောင်က နှိမ့်ပေးရမှာလား။

နာရီပျက်ပတ်ထားပြီး
ဘယ်အချိန်ရှိပြီလဲ 
လူတွေတွေ့တိုင်း 
မေးနေရတာထက်စာရင် ......။

အချိန်တန်ပြီ
တောင်ဖြိုချဖို့
ငါ မပြောချင်ဘူး။


Monday, May 24, 2010

နောက်ကြည့်မှန်ကို လှည့်ကြည့်မိခြင်း


လက်ရှိ ရောက်နေတဲ့ နေရာ
လုပ်နေရတဲ့ အဆုံးအဖြတ်
ဖြစ်သွားတဲ့ အကျိုးကျေးဇူး
ရင်းထားလိုက်ရတဲ့ ဘဝနဲ့ 
ရောင်ပြန်တွေ ပြန်ခံစားကြည့်
တန် ...ရဲ့ ...လား ...လို့ ... ။ 
ပေးဆပ်ခြင်း စိတ်စစ်စစ်နဲ့
အားမနာတမ်း ပြန်စစ်ကြည့်။

ဖြစ်စေချင်တာတွေ
မဖြစ်လာတာနဲ့
မဖြစ်စေချင်တာတွေ
ဖြစ်လာတာနဲ့ သံသရာလည်ရင်း
မနစ်ချင်တဲ့ဘဝတွေလည်း
နှုတ်ရင်း နစ်ရင်း
နစ်ရင်း နှုတ်ရင်းနဲ့
နောင်တနဲ့ အပူတွေထမ်းထားမိပေါ့။

ရှေ့ဆက်ဖို့ သံသရာအတွက် တွေးထားရင်
အမှားဟာ အမှန်ဖြစ်ဖို့ 
နောက်တလှမ်းပေါ့
အဲ့ဒီ တလှမ်းဟာ
အများအတွက်လား
ကိုယ့်အတွက်လား  ............လို့
ရှေ့ဆက်ဖို့ သံသရာရှိသေးတယ်ဆိုတာ
 စိတ်ရှိလက်ရှိနဲ့
အတွေးနူးညံ့မှုလေး တွေးထားရင်။


Saturday, May 22, 2010

လျှောက်ခဲ့တဲ့လမ်း


နွေကောင်းကင်မှာ
ပိုးဆိုးပက်စက်ပူလည်
အောက်ကျို့ခံပြီးမတောင်းဆိုနဲ့
နွေအိပ်မက်မှာ နွေလိုပူတာ မဆန်းဘူး
ဆောင်းနဲ့မိုး အားမကိုးနဲ့
ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားထား။

ပြိုင်တူမက်ခွင့်မရတဲ့ အိပ်မက်တွေ
ပြိုင်တူမက်ကြလော့
ရိုးအခြင်းကို သမိုင်းမတင်ထားဘူး

အငှါးကျောင်းပေးရမယ့် နွားတွေမှ မဟုတ်တာ
ကိုယ်တိုင်ရေးထားတဲ့စာမျက်နှာ
ဘယ်သူဖတ်ဖတ် လှနေဖို့ပဲ အရေးကြီးတယ်

ရာသီစောင့်နေဖို့လည်းမလိုဘူး
လျှောက်ရမယ့်လမ်းကတော့
နောက်ပြန်မြှား ပြကိုမပြထားဘူး
အမှန်တရားဟာ မြှားဦးပဲ။


Thursday, May 20, 2010

ရွေးချယ်ခြင်းစစ်စစ်များ


ကဗျာဆရာမောင်ချောနွယ်ရဲ့
သွေးစက်နဲ့ရေးထားတဲ့အပိုင်းအစ
အသေအချာကမ္ဗည်းတင်ထား
“ဘဝမှာ
လေးငါးခြောက်ခုမလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ရန်သူစစ်စစ်
ဒီနှစ်ခုပဲ”

တချို့က
ရန်သူယောင်ယောင်နဲ့

တချို့က
ချစ်သူယောင်ယောင်နဲ့ 

တချို့က
ရန်သူတဝက် ချစ်သူတဝက်

တချို့က
ရန်သူမဖြစ် ချစ်သူမဖြစ်

နေသားတကျလောကထဲ
ဘာပဲဖြစ်ရ ဖြစ်ရ
စစ်စစ်ပဲဖြစ်ချင်တယ်။


Sunday, May 16, 2010

ဟိုတုန်းက ကျေးလက်ယဉ်ကျေးမှု


အဘရယ်
ဘာဖြစ်လို့ ဒီလို
သစ်ပင်တွေစိုက်နေရသလဲ
ငါ့တူရယ်
အဘ နားခိုခဲ့တာ
သူများစိုက်ထားခဲ့တဲ့ 
သစ်ပင်အရိပ်တွေချည်းပဲ
နောက်လူတွေ နားခိုဖို့သက်သက်ပါ။
(နောက်လူတွေကတော့
နားခိုချွေးသိပ်ပါရဲ့
အပင်ကိုလှဲ ရောင်းစားနေကြတာ
အနှစ်သုံးဆယ်မကတော့။)

အဘရယ်
ရေသန့်ဗူးတွေ ခေတ်စားနေတာ
ဘာဖြစ်လို့ ဒီလို
ရေချမ်းစင် တည်ရတာလဲ
ငါ့တူရယ်
ကိုယ်ကြုံရတဲ့ ခေတ်အတိုင်းပေါ့
မောမောပမ်းပမ်းနဲ့ ရေချမ်းစင်က
ရေအေးအေးလေးက
ဘယ်လောက်ထိအရသာရှိသလဲဆို
ခုထိ အေးမြနေဆဲ။
ရေသန့်ဗူးက နေရာတိုင်းရှိလို့လား
လူတိုင်းရော သောက်နိုင်ကြလို့လား။

အဘရယ်
ဘာဖြစ်လို့ ဒီလို
နားခိုဇရပ် ဆောက်နေတာလဲ
ဟိုတယ် မိုတယ် အင်း များပြီး
ဧည့်စာရင်းတိုင် မှတ်ပုံတင်စစ်နဲ့
ဒီခေတ်စစ်ကြီးထဲမှာ
လိုအပ်သေးလို့လား
ငါ့တူရယ်
စစ်တော့လည်းစစ်ပေါ့လေ
အိပ်ဖို့မရတော့လည်း 
နေ့ခင်း နားခိုဖို့တော့ ရလောက်ပါရဲ့
ဈေးကြီးကြီး တည်းခိုဖို့
တို့တောသားတွေအတွက်
ဟုတ်မယ် မဟုတ်လောက်ပါဘူး
ကျေးဇူးကို ကျေးဇူးတင်ပါတယ်ဆိုတာနဲ့
မကျေနပ်နိုင်သေးလို့ပါ
တကယ်တော့
ပေးဆပ်ခြင်းဆိုတာ ကျေးဇူးတင်တာစစ်စစ်ပါ။



မှတ်ချက်။     ။ ပျောက်ကွယ်လုလု ကျေးလက်ယဉ်ကျေးမှုဂေဟစနစ်လေးသို့

Tuesday, May 11, 2010

ဂေါတမဘုရား၏ ကြွေးကြော်သံ


လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းတန်တဲ့အရာ
စပြောကြည့်မယ်
ဘာတွေပဲ ဖြစ်နေနေ
ဖြစ်ပြီးရင် ပျက်မှာပဲ။

လေးအသင်္ချေနဲ့ကမ္ဘာတသိန်းတန်တဲ့အရာ
 ကလေးလည်း အစိုးမရဘူး
လူကြီးလည်း အစိုးမရဘူး

သားသမီးလည်း အစိုးမရဘူး
မိဘလည်း အစိုးမရဘူး

ကျောင်းသားလည်း အစိုးမရဘူး
ဆရာလည်း အစိုးမရဘူး

ဘုန်းကြီးလည်း အစိုးမရဘူး
ဒကါ ဒကါမလည်း အစိုးမရဘူး

တောသူ တောင်သားလည်း အစိုးမရဘူး
မြို့နေ မြို့သားလည်း အစိုးမရဘူး

ဆင်းရဲသားလည်း အစိုးမရဘူး
သူဌေးလည်း အစိုးမရဘူး

ပြည်သူလည်း အစိုးမရဘူး
အစိုးရလည်း အစိုးမရဘူး

အရာအားလုံးဟာ
အစိုးမရတာနဲ့အတူ
ဆင်းရဲခြင်းလည်း ဖြစ်မယ်
မမြဲခြင်းလည်း ဖြစ်မယ်
အဲ့ဒါ
လေးအသင်္ချေနဲ့ကမ္ဘာတသိန်းတန်တဲ့တရား။


Monday, May 10, 2010

ကျေနပ်စွာ စိုက်ပျိုးထားတဲ့ သစ်ပင်


စိတ်ဓါတ်တွေ နားနားနေနေရှိချင်တာ
တခါလည်း မဟုတ်
နှစ်ခါလည်း မဟုတ်
အခါပေါင်းများစွာ
စိတ်ဓါတ်တွေ လှဲကျင်းဖို့
ရောက်ရောက်လာကြ။

စိတ်ဓါတ်ကို အကဲလာစမ်းတာက
သံပရာသက်သက်သောက်ပြီး
သကြားမျိုထားတဲ့မျက်နှာနဲ့
ပြောပုံက လွတ်တော့ မလပ်
လပ်တော့ မလွတ်
ရှင်တော့ မသန်
သန်တော့ မရှင် ဆိုတာတွေ 
ဟင့်အင်း မလိုချင်ဘူး။

သိပ်သိပ်သည်းသည်းနဲ့
လွတ်လပ်ရှင်သန်ခွင့်
ရှိနေပြီးသား 
ဒါပေမယ့် တွေ့ထိခွင့်တော့ ပျောက်ဆုံးဆဲ
ဖြစ်ရမှာက အနားကို ခေါ်
ကြည်ကြည်နူးနူးလက်ဆွဲ 
နှုတ်ဆက်ချင်သေးလို့
ရင်ဘတ်ထဲ
ရေချမ်းစိမ့်လေး သောက်ရသလို   
ခံစားနေချင်တာပါ။

ဒီလိုမျိုး အတွက်
ယုံကြည်ထားတဲ့ စိတ်ဓါတ်တွေက
အလေ့ကျပေါက်နေတဲ့ အပင်မဟုတ်ဘူး
ဝန်းကျင်ပြောင်းလို့
လိုက်ပြောင်းနေရရင်
အစကတည်းက စိုက်မထားဘူး။

မနီးစပ်သေးတဲ့ သစ္စာတရားတွေ
မခံစားရသေးလည်း နေ
သစ္စာတရားကို မြတ်နိုးထားတာ
လုံလုံလောက်လောက်ပါပဲ
ရှင်သန်လို့ရသေးတယ်။

လျှောက်
ဆက်လျှောက်
ကြိုးစားပြီး လျှောက်
မယိုင်မလဲ တိုးပြီး လျှောက်
လွတ်လပ်ရှင်သန်းခြင်းပန်းတိုင်အထိ။


Saturday, May 8, 2010

ပွင့်လင်းနှစ်ခြိုက် ရယ်ခြင်းများ


ဟား ဟား ဟီး ဟီး ရယ်ပြီး
ဘယ်သူ လူဖြစ်လာခဲ့လို့လဲ?

အငိုနဲ့စခဲ့ရတဲ့ ဒီဘဝ
ပျော်အောင် မြူးနေရတာကိုပဲ
ကိုယ့်ရယ်သံ ကိုယ်မကြားချင်ဘူး
ဝမ်းတွင်းရူး ရယ်သံမျိုးနဲ့
ကျန်ခဲ့တဲ့အတိတ်ရာသီတွေ 
အိပ်မက်ကပါ ခိုးခိုးခစ်ခစ်ရယ်(ရီ)လို့
အရယ်(ရီ)မစစ်ခဲ့ပုံများ။

ဘယ်သူဖြစ်ဖြစ်ပေါ့
ကိုယ့်ရယ်သံစစ်စစ်
ကိုယ်ကြားချင်တာပေါ့
အဓိပ္ပါယ်ဖွင့်စရာမလိုတဲ့
တိတ်တခိုးမဟုတ်တဲ့ ရယ်(ရီ)ခြင်းမျိုးနဲ့။

မဲ့တဲ့တဲ့ ရယ်(ရီ)သံတွေ
သရော်မျက်နှာထားနဲ့ ရယ်(ရီ)သံတွေ
မချိနဲ့နဲ့ ပြုံးထားတဲ့ ရယ်(ရီ)သံတွေ
ကိုယ့်သိက္ခာကိုယ်မလုံတဲ့ ရယ်(ရီ)သံတွေ
လာရာလမ်း မလှပတဲ့ ရယ်(ရီ)သံတွေ
စိုးထိတ်လို့ မရယ်(ရီ)ပါနဲ့။

ဝမ်းနည်းဝမ်းသာတွေ ရောမထားပါပဲ
အားရကျေနပ်ခြင်း ရယ်(ရီ)ခြင်းမျိုးရော
ကိုယ့်သိက္ခာ ကိုယ့်ရယ်(ရီ)ခြင်းကို
အပြုံးစစ်စစ်ပါတဲ့ ရယ်(ရီ)ခြင်းမျိုးပါ
ဟားတိုက်ပြီး ရယ်(ရီ)လိုက်ပါတော့။

ကဲ  စပြီ 
ဟား ဟား
ဟား ဟား ။ 


Thursday, May 6, 2010

တိမ်တွေမရှိတဲ့ ဘဝကို ရှာဖွေခြင်း


တိမ်တွေကို ဖမ်းမိဖို့
လိုက်ဖမ်းနေရတာအမော
တိမ်လိုချင်လို့တော့မဟုတ်ဘူး
ကောင်းကင် ရှင်းလင်းတာကို ကြည့်ချင်လို့ ။

ငါ့ဘဝကို လွမ်းမောတာ မလိုချင်ဘူး
ပါရမီအဖြစ် ဖြည့်ရမယ်ဆိုရင်
တကယ်ပြောတာ
ငါ လွမ်းမောခြင်းကို မရင်းနှီးချင်ဘူး
လွမ်းပြီး မောရမယ့်ဘဝတွေရယ်
မောပြီး လွမ်းရမယ့် ရာသီတွေရယ်
အဲ့ဒါကို
ငါ တခြားလမ်းကပဲ သွားပါရစေ။

ငါ့အတွက် မကြည့်တတ်တဲ့
အဲ့ဒီ ဘဝတွေကို 
ငါ 
ကိုကျော်သူ မဖြစ်ခဲ့တာကို
သိပ်သိပ်သည်းသည်းနဲ့ ဖြေဆည်ကြည့်တယ်
အလွမ်းဟာ 
ခုထိ အလွမ်းပါပဲကွယ်။

အပြင်ကြည့်နဲ့ အတွင်းမြင်


ကြည့်သူ။  ။ ဘာဖြစ်လို့ လူမျက်နှာနဲ့ တိရိစ္ဆာန်ပုံတွေ ပန်းပုထုထားလဲ?

မြင်သူ။    ။ လူမျက်နှာနဲ့ တိရိစ္ဆာန်စိတ်တွေချည်းပဲ တွေ့မြင်နေလို့ပါ။

Tuesday, May 4, 2010

ကျောက်စာထွင်းခြင်းမလိုတဲ့ နာမည်များ


တမ်း တ တတနဲ့ သတိရနေဖို့
အဲ့ဒီ စာမျက်နှာမှာ
ဘယ်နှစ်မျက်နှာ တွေ့လို့လဲ။

ကိုယ်ထားခဲ့သမျှ
နောက်လူသိမ်းထားမယ်လို့
ရင်ခွင်ထဲ လာတိုးခွင့်မရှိတာတွေ
ဘယ်သူက မက်မောလေမလဲ
လှပခြင်းဟာ စကားလုံးမရှိလဲ
လှလွန်းပါတယ်။

ခေါ်ရင်လာ
ခိုင်းရင်လုပ်
ခံမပြောနဲ့
ခွေသွားမယ်
ကိုယ်ဖြစ်ကိုယ်ခံ ဒါပဲဆိုပြီး
ရင်ကော့ခံခဲ့တာနဲ့ 
ကျောက်စာတွေ မထွင်းထားခဲ့လေနဲ့။

ငါ့အတွက်မဟုတ်ခဲ့တာတွေနဲ့
ငါ့အတွက်ပြန်ဖြစ်နေတာကပဲ
လောကကြည်နူးနေရင်
ကောင်းကင်က ကြယ်တလုံးကို
မင်းနာမည်ထိုးပြီးသားပေါ့။

နာမည်တူရင်နေတောင်
နာမည်ရှိခဲ့ဖို့
နာမည်တွေနဲ့ သီးခြားဖြစ်အောင်
စကားလုံးရှာမနေပါနဲ့
နှလုံးလှခဲ့သူတိုင်း
နာမည်လှပြီးသားပါလေ။


Sunday, May 2, 2010

ငါ မြတ်နိုးထားတဲ့ အိမ်


ထွေရာလေးပါးတွေ ပြောနေချိန်မှာ
တလေးတစားပဲ
ငါ့အိမ်ကို ငါလွမ်းတယ်။

တခုတ်တရတွေ ချီးမွမ်းကြပေမယ့်
ငါ အားမကျဘူး
အမှန်တရားက စိတ်ခံတွင်းမတွေ့ဘူး။
  
ဖြစ်စေချင်ပါတယ်
ကိုယ်ယုံကြည်လမ်း အလှမ်းဖြောင့်ဖို့
ငါတို့အားလုံး သွားနေတယ်ဆိုတာကို
ငါ့လိပ်ပြာ ငါပြန်မမွေးချင်ဘူး။

တကယ်ဆို
အမှန်တရားက သိက္ခာမဲ့စေဖို့
ကောက်ကျစ်ညဉ်နဲ့ လာမကျီစားနဲ့
စာမျက်နှာတွေ ချိတ်ပိတ်ထားတာကြာပြီ။

ငါ လွမ်းတယ်
ငါ ယုံကြည်ထားတဲ့ ငါ့အိမ်ကို
အမှန်တရားတွေက အမှန်လို့
မြတ်နိုးထားသရွေ့ပေါ့။



Saturday, May 1, 2010

ပဋိပက္ခလှည့်စားမှု


အလှတရားတွေ ဆိတ်သုဉ်းခဲ့တာ
မနေ့က သတင်းစာအထိပါပဲ။

ဥပေက္ခာတရားတွေ
ဘယ်သူမှ မွေးမြူမထားဘူး
အလှအပတွေ ပျက်ဆီးမှုက
ဥပေက္ခာကို လာလှုပ်နိုးနေတာ။

လိပ်ပြာသက်သက်တွေလား
တန်ဖိုးထားမှုသက်သက်တွေလား
လောကသဘာဝက
သီးခြား မေးမထားဘူးလေ
မြတ်နိုးမှုနဲ့
နဂိုအတိုင်း လှပနေစေချင်တာ။

ပန်းစားဘီလူးတွေ များတဲ့ခေတ်မှာ
နယ်ရုပ်ကလေးတွေ များလွန်းတာ မုန်းတယ်။

ရင်နာလွန်းပေါ့
အဲ့လို ဖြစ်ခဲ့တာ
အလှတရားတွေ ဆိတ်သုဉ်းခဲ့
မနေ့က သတင်းစာအထိဆိုတာကိုပါ။