Friday, February 26, 2010

မှန်ချင်ရင် မှန်

ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။

(ဘယ်မဆိုင် ညာမဆိုင်
လက်ညှိုးတစ်ချောင်းမရှိတာကိုက
တော်တော် ကသိကအောင့် နိုင်လွန်းတယ်)
လက်ခလယ်ပြတော့လည်း
ဘာလဲလို့ ပြန်မေး မေးတတ်လို့။

ပျက်ယွင်းမှုတွေက
တစ်- အချစ်မေတ္တာ
နှစ်- အကျင့်သိက္ခာ
သုံးလေးငါး- စည်းစိမ်၊ ဥစ္စာနဲ့ရိက္ခာ (စိုင်းစိုင်းခမ်းလှိုင် သီချင်း)
ဒီတော့
ရှိခြင်းလား
သိခြင်းလား
ဟန်ဆောင်ခြင်းလား
မာန်စောင်ခြင်းလား
မြဲခြင်းလား
လွဲခြင်းလား
သိတော့ဘူး။
မိုးလင်းရင်တော့ မနက်တော့ ရောက်လာမှာပဲ။

ထားခဲ့တော့
ဟိုမှာ.......
သတင်းစာတစ်စောင်
ကော်ဖီတစ်ခွက်
ပြီးတော့ ဘေးနားမှာ
ကိုယ့်သိက္ခာ ကိုယ်ထိန်းပေးမယ့်။

ပြောခဲ့ပါပကော
ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။



2 comments:

ဓမ္မဂင်္ဂါ said...

“ ငါနေထိုင်လာတဲ့အနှစ်ကသုံးဆယ်
မယုံချင်ဘူး
ရုပ်ရှင်ကြည့်ရသလို
ဘ၀ကဆန်းကြယ်”
(ဇော်ဝင်းထွဋ်)
ဒီလိုပါပဲ
ဖြစ်တတ်ပါတယ်.။

ကိုနော said...

မှန်ကြီးကြီးဝယ်မယ် စိတ်ကူးထားတာ၊ တော်ပြီ..၊သေးသေးလေးဆို လုံလောက်ပြီ