Sunday, February 28, 2010

Happy Holi Hey

“ဝုန်း”

“ဟေး”

“ဒိုင်း”

“ဟေး”

“ရူး........”

“ဟေး”

မနေ့ညက ကြားခဲ့ရတဲ့ အသံဗလံတွေပါ။ အိန္ဒိယ “Holi” ပွဲတော်ရဲ့ ဗြောက်အိုးဖေါက်တဲ့အသံတွေက နားကွဲမတတ် ဝန်းကျင်တစ်ခုလုံး  ဆူညံနေတယ်။ ကလေးလူကြီး အားလုံးပျော်နေလိုက်ကြတယ်။ စိတ်ကို ထွက်ပေါက်ပေးလိုက်ကြတာလားမသိဘူး။ ဗြောက်အိုးတစ်ခုကို မီးရှို့လိုက် ပေါက်ကွဲသွားရင် “ဟေး” လို့အော်လိုက်ကြနဲ့ ကျနော့်စိတ်က ဟိုး....အဝေးကြီးကို ပြန်ရောက်သွားပြီး အတွေးထဲမှာ ပြန်ငယ်သွား သလိုပဲ။ စိတ်က ဘယ်ကို သတိရနေမှန်းမသိဘူး။ 

ငယ်ငယ်ကတော့ ဒီလို အသံတွေ ကြားဖူးနေတယ်။  ကြားမှာပေါ့။ ကိုယ်တိုင်ဆော့မြူး ပျော်ခဲ့ဖူးတာကိုး။ သီတင်းကျွတ်ဆို သီတင်းကျွတ်မို့၊ တံခူးသင်္ကြန်ဆို သင်္ကြန်မို့ ကလေးဘဝက ပျော်ခဲ့တာတွေ ငယ်သူချင်းတွေ ပြန်တွေ့လို့ ပြန်ပြောရင်း ပြန်ပျော်ရတာ အမော။ 

ရာသီတွေ အလီလီပြောင်းခဲ့။
နာရီတွေ မရေတွက်နိုင်အောင် လည်ပတ်ခဲ့။
သူငယ်ချင်းတွေလည်း ဟိုရောက် ဒီရောက်။ 
နေရာအသစ်ရှာကြတာတဲ့။ ရေကြည်ရာ မြက်နုရာပြောင်းဆိုသလိုပေါ့။ စာစောင်တစ်ခုမှာ သပိတ်အိုင် ဆရာတော် သီတဂူဆရာတော်သြဝါဒကို ဖတ်လိုက်မိတယ်။ ရေကြည်ရာ မြက်နုရာတွေ လိုက်လိုက်မပြောင်းကြဖို့၊ လက်ရှိနေတဲ့ နေရာမှာ ရေမကြည်ရင် ရေကြည်အောင်လုပ်ဖို့၊ မြက်မနုသေးရင်လည်း မြက်နုအောင် ကြိုးစားကြဖို့ သြဝါဒပေးတာ လိုက်နာစရာအတော်ကောင်းတယ်။ ဆရာတော်ကိုယ်တော်တိုင်လည်း နမူနာ ယူထိုက်အောင် လုပ်ပြထားတာ မနောမနဲလေ။

နေရာတစ်ခုပြောင်းတိုင်းအထူးအဆန်းတစ်ခုမကတွေ့ရစမြဲပဲမဟုတ်လား။ 

ဟိုး............အဝေးက 
ပျော်မြူး အော်သံတွေ ကြားလိုက်ရတယ်။
“Happy Holi” တဲ့။

“Holi” ရဲ့အဓိပ္ပါယ်ကိုတော့ ကိုနောဘလော့ဘ်မှာ ဖတ်လိုက်ပါ။

Saturday, February 27, 2010

နားနှစ်ဖက်ရဲ့ အရင်းအနှီး

ဟိုး ............အဝေးကြီးက
အကိုင်းကြီးကြီးမှာ နားနေလိုက်ပါ
ဒါမှ
မင်းအတွက် သေချာမှာဆိုတော့။
အနာအဆာလို့တော့
ဘယ်သူမှ မင်းကို မပြောပါဘူး။
မင်းသိက္ခာ မင်းလုံခဲ့ရင်ပေါ့။

အပြင်မှာ နေသိပ်ပူတယ်
ကလေးဘဝက ဖေတို့မေတို့
ပြောခဲ့တဲ့စကား
ခုတော့........
အပြင်သွားမှာရမှာကို
စိတ်က ထင့်ထင့်။

ဖြစ်တတ်တယ်လို့
အဝေးကပဲ ထင်ထင်
အနီးကပဲ မြင်မြင်
ပြောတဲ့ ပါးစပ်အတွက်
နားက ခါးခါးသီးသီးမဖြစ်သေးသမျှတော့
ချစ်ချစ်ခင်ခင်နဲ့
သည်းခံလိုက်ပါ။


Friday, February 26, 2010

မှန်ချင်ရင် မှန်

ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။

(ဘယ်မဆိုင် ညာမဆိုင်
လက်ညှိုးတစ်ချောင်းမရှိတာကိုက
တော်တော် ကသိကအောင့် နိုင်လွန်းတယ်)
လက်ခလယ်ပြတော့လည်း
ဘာလဲလို့ ပြန်မေး မေးတတ်လို့။

ပျက်ယွင်းမှုတွေက
တစ်- အချစ်မေတ္တာ
နှစ်- အကျင့်သိက္ခာ
သုံးလေးငါး- စည်းစိမ်၊ ဥစ္စာနဲ့ရိက္ခာ (စိုင်းစိုင်းခမ်းလှိုင် သီချင်း)
ဒီတော့
ရှိခြင်းလား
သိခြင်းလား
ဟန်ဆောင်ခြင်းလား
မာန်စောင်ခြင်းလား
မြဲခြင်းလား
လွဲခြင်းလား
သိတော့ဘူး။
မိုးလင်းရင်တော့ မနက်တော့ ရောက်လာမှာပဲ။

ထားခဲ့တော့
ဟိုမှာ.......
သတင်းစာတစ်စောင်
ကော်ဖီတစ်ခွက်
ပြီးတော့ ဘေးနားမှာ
ကိုယ့်သိက္ခာ ကိုယ်ထိန်းပေးမယ့်။

ပြောခဲ့ပါပကော
ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။



နာမည်မရှိတဲ့ ကဗျာ

ခေတ်က မကောင်းသေးဘူးတဲ့။
အခိုက်အတန့်တော့
ရူးချင်ယောင် ဆောင်ထားလိုက်ကြမယ်။
ကြည့်......
အတုံးအရုံးပဲ။

စည်းလွတ်ဝါးလွတ်တွေ
များလွန်လွန်းတော့လည်း
နေရာဆိုတာ
ကျပ်တဲ့အထဲကို သပ်ရိုက်ထားသလို။

ရူးချင်ယောင်တော့
အများနဲ့အတူ သရုပ်ဆောင်မနေပါနဲ့။

အခမ်းအနားနဲ့
ရူးမယ်ဆိုရင်တော့
ပဒိုင်းသီးစားပြီး ရူးလိုက်တာမှ
ဟုတ်တုတ်တုတ်ရှိသေး။


Tuesday, February 23, 2010

သူငယ်ချင်းတွေကို သတိရလိုက်တဲ့ အစားအစာ

မနေ့က မြန်မာပြည်မှ ဗီဇာနိုးဆွမှုကြောင့် သူငယ်ချင်းတွေ ပြန်ရောက်လာကြတယ်။ သူငယ်ချင်းတွေ ပြန်လာရင် မြန်မာပြည်အလွမ်းပြေစားရအုံးမယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းအူတွေက ဝမ်းနှုတ်ထား ကြလေရဲ့။ ဖုံးဆက်ပြီး မှာထားတော့လည်း လုပ်မယ်ဆို လုပ်လို့ရမယ့်အနေအထားပါ။ မနေ့က သူငယ်ချင်း ပြောသွားတာက မနက်ဖြန်နေ့လည်စာအမှီ ပြန်လာမယ်တဲ့။ ဆိုတော့ ကျန်ခဲ့သူ ကျနော့်မှာ အားလုံး အစစ အရာရာ စီစဉ်ပေါ့။ နေ့လည်စာအတွက်။ နေ့လည်စာအတွက် ထမင်းကို မနက်မီးမပျက်ခင် ကျိုတင် ပေါင်းအိုးနဲ့ တည်ထားလိုက်ရတယ်။ ကျနော့်သူငယ်ချင်းက စိတ်တိုတတ်တယ်ဆိုတော့ လာမှ ချက်နေမယ် ဆိုရင် နောက်ချန် ခံစစ်မှုးကို အပြစ်ပြောစရာပေါ့။

ဒါနဲ့ မစားရတာကြာတဲ့ နာမည်ဖော်လို့မရတဲ့ ဟင်းတစ်မျိုးတော့ ဒီနေ့တော့ လက်စွမ်းပြလိုက်အုံးမယ်ဆိုပြီး ဖောဖောသီသီ ပေါများလှတဲ့ ဟင်းသီးဟင်းရွက်တွေကို အကောင်းဆုံးဖြစ်အောင် ချက်လိုက်တယ်။ သူငယ် ချင်းကတော့ ပြောပါတယ်။ ဒီဟင်းမျိုးနဲ့ သူငယ်ချင်းအားလုံးကို ခေါ်ပြီး စားစေချင်လိုက်တာတဲ့။

ဟင်းကလည်း ဟင်းပဲ။ ကောင်းချက်က စားတော်ချက်ကျမ်းမှာမပါတဲ့ နည်းနဲ့ချက်ထားတာဆိုတော့ ကိုယ့် ကိုယ်ကိုတောင် အထင်ကြီးသွားသေးတယ်။ ဒီဟင်းမျိုးချက်စားမယ်ဆိုရင် ထည့်လိုက်တဲ့အစာပလာတွေ ပြောပြလိုက်မယ်။ အဖိုး အဘတွေက ရပ်ရွာမှာ စားတော်ချက်များဆိုတော့ အဲ့ဒါတွေပဲ အခြေခံရတာပေါ့။ ဘမျိုး ဘိုးတူဆိုတဲ့ တေးသွားနဲ့ ရမ်းလုပ်လိုက်တဲ့ ဟင်းလျာလေးပါ။ ဟိုတယ်မှာ ဒါမျိုးစားဖို့ မရနိုင်ဘူးတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ မရနိုင်ဘူး။

တောင်ပို့မှိုခြောက် လက်တစ်ဆုပ်
ချဉ်စော်ကားသီးခြောက် ၂လုံးစာ
ဝက်သားအတုံး၂၀
ပန်းမှုံလာပွင့် ၁ပွင့်
ပန်းမှုံလာဥ ၄ ဥ
ခရမ်းသီး ၂ လုံး
အာလူး ၄လုံး
နံနံပင်၊ ငရုပ်သီးစိမ်း စသည်ကတော့ ကိုယ်ကြိုက်သလိုပေါ့။ အကောင်းကြိုက်တဲ့ကျနော်ကတော့ အဲ့ဒီဟင်း ကို စားလိုက်တဲ့အချိန်မှာ အားလုံးကို သတိရလိုက်တာပါပဲ။ အတူတူ လက်ဆုံစားလိုက်ရရင် ဘယ်လောက် ကောင်း လိုက်မလဲလို့။

Monday, February 22, 2010

မနက်ဖြန်မှာ ငါမက်မယ့် အိပ်မက်

မနက်ဖြန်တွေ အရောအနှောမဖြစ်ချင်တာနဲ့
ဒီနေ့ပဲ ရင်ဘတ်က
ပုဂံခေတ် ရောက်သွားတယ်။
သဲသဲကွဲကွဲမသိကြဘူး
ရင်ခွင်မသိဘဲ လွမ်းနေကြတာက
မနက်ဖြန်မှာ နှင်းတွေကျမယ်ဆိုပဲ။

တရားမဲ့လွန်းတာ သိသားနဲ့
ဖတ်စာတွေ ပြန်ပြန်ဖတ်နေတာကိုက
ပြောချင်ဘူး
တကယ်ပဲ အသိမဲ့လွန်းတယ်။

လှန်ပြီးသား စာမျက်နှာတွေ ပြန်မဖတ်ပါနဲ့။
အသံမကြားဘဲ ရင်နာလွန်းတယ်။

ကြားဖြတ်သတင်း
မနက်ဖြန်အိပ်မက်တွေအတွက်
ဒီနေ့ စောစောအိပ်ကြ။

I.C ဆိုသော ကျနော့်သူငယ်ချင်းသို့

Saturday, February 20, 2010

မျှော်လုလု မော

လျှောက်နိုင်လို့ လှမ်းတာ
အမေ မတားလိုပါဘူးကွယ်။
ညနေစာ ထမင်းဝိုင်းလေးသို့
အမီ ပြန်လာစေချင်ပါတယ် သားရယ်။
အမေတို့ ထမင်းဝိုင်း
နွေးနွေးထွေးထွေးရှိလွန်းလှလို့။

စကားပြောနိုင်လို့ ပြောတာ
အမေ မပြောလိုပါဘူးနော်။
အိပ်ရာဝင် စကားဝိုင်းကိုတော့
လာနားထောင်စေချင်တယ် သားရယ်။
အမေတို့ စကားဝိုင်း
ပျော်ရွှင်ဖွယ် ကောင်းလွန်းလှလို့။

တကယ်တော့ သားရယ်
မိအို ဖအိုဆိုတာ
ဝေးဝေးလည်း မလှမ်းနိုင်ဘူး။
များများလည်း မပြောနိုင်ပါဘူး။
သိတတ်တဲ့
အမေ့သား
အိမ် .....
အိမ်အပြန်
နောက်မကျစေနဲ့နော်။

(မျှော်တတ်လွန်းလို့ စောင့်နေတတ်တဲ့ မိအို ဖအိုများသို့)

Friday, February 19, 2010

သူငယ်ချင်းပြောပြတဲ့ ငူငှက်များပုံပြင်


သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ ငူငှက်လေးများအကြောင်းပါ။
အားလုံးသိပြီးသား ဖြစ်ကောင်းဖြစ်နေမှာပေါ့လေ။ ငူငှက်လေးတွေဟာ အုပ်စုလိုက်နေတတ်ကြတယ်တဲ့။ နားရင်လည်း အုပ်စုလိုက်နားလေ့ရှိပြီး သစ်ပင်မြင့်မြင့်တွေ မှာနားလေ့ရှိတယ်တဲ့။ များသောအားဖြင့် ညောင်ပင် မြင့်မြင့်လို အပင်တွေ မျိုးမှာ နားပြီး ညောင်သီးတွေကို စားလေ့ရှိ တယ်တဲ့။ ကျနော်တော့သူငယ်ချင်းပြောတဲ့ငူငှက်တွေကို မြင်ဖူးတယ်ရှိအောင် မြင်ဘူး ချင်တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့သစ္စာတရားတွေရယ် ဘယ် တော့မှအမှား မလုပ်ခဲ့ဘူးဆိုတာတွေကို အသက်နဲ့ရင်းပြီး ပြောပြ တတ်တာ ကိုပါ။

ပြောခဲ့တဲ့အတိုင်း ငူငှက်တွေဟာ ညောင်သီး သီးတဲ့အချိန်ဆို အုပ်စုလိုက်ကျတတ်တယ်ဆိုတာကိုပါ။
အဲ့ဒီအချိန်ဆို မြန်မာတို့ထုံးစံအတိုင်း လေးခွ(ဘတ်ခွ)ကို တောဓလေ့အရ အသတ်အဖြတ်က နည်းနည်း များများတော့ ဝါသနာထုံတတ်ကြတာကို။ ငူငှက်လေးတွေလာနားပြီဆိုရင် ညောင်ပင်အောက်ကနေ ရမ်း သမ်း ပြီး ပစ်လိုက်ရင် တစ်ကောင်မဟုတ် တစ်ကောင်တော့ထိတာပဲတဲ့။ ထိလို့ အောက်ပြုတ်ကျပြီဆိုရင် သူတို့စားထားတဲ့အစာကို ပြန်အံချပြီးမှ သေကြတာဆိုပဲ။ သဘောကတော့ ခင်ဗျားတို့စိုက်ပျိုးထားတဲ့ အသီး အနှံတွေ ငါတို့မစားထားဘူးဆိုတာ ပြဖို့ အစာတွေပြန်အံချလေ့ရှိတယ်တဲ့။

ဘယ်လောက်များ ချစ်စရာကောင်းတဲ့ငှက်လေးတွေလဲ။ မတရားတာတွေ မလုပ်ဘူး။ ငါတို့လုပ်သမျှ သူတပါး ကို မထိခိုက်ဘူး။ ငါတို့ဟာ အပြစ်ကင်းကြောင်း အစာအံချပြီးမှ သက်သေပြတတ်ကြတယ်။ ကျနော်တို့ အဲ့လောက် အပြစ်ကင်းသလား။ အမှားမလုပ်ဘူးလို့ ဘယ်လောက်ထိ သက်သေပြတတ်သလဲ။ သက်သေ ပြနိုင်သလဲ။ အမှားတွေအများကြီး လုပ်ထားတာတောင် အမှားဝန်ခံဖို့ ဝေးလို့ မမှားကြောင်း ဘူးကွယ်နေတဲ့ လောကကြီး ငူငှက်တွေများ သိရင် ဘယ်လောက်ဟားတိုက်ရယ်မောနေကြမယ် မသိဘူး။

ကျနော် ငူငှက်ကလေးတွေ စိတ်ဝင်စားတာ အဲ့ဒါကိုပါ။
အမှားကို အမှားမှန်းသိဖို့ရယ်၊
အမှားကို နောင်မမှားအောင် မလုပ်မိအောင် နေတတ်ဖို့ရယ်၊
အမှားဆိုတာ မလုပ်မိဖို့ တကယ်လိုအပ်လှပါတယ်။
အမှားကင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။ တည်ဆောက်နိုင်ပါစေ။

အဘိဓါန်ကြည့်ပြီး ပုံတွေကို အင်တာနက်မှာ လိုက်ရှာကာ တင်လိုက်ပါတယ်။ ပြောပြတဲ့သူငယ်ချင်းကို ကျေးဇူးတင်လျက်။

Friday, February 12, 2010

အနီးဆုံး















ဝေးမှာပဲလို့ တွေးထားရင်
ဝေးသွားမှာပဲ
တွေးတာကိုက ဝေးသွားမှာလို့။

နီးမှာပဲလို့ တွေးထားရင်
နီးလာမှာပဲ
တွေးတာကိုက နီးလာမှာလို့။

သူသူ ကိုယ်ကိုယ်
ကိုယ့်ပန်းတိုင်ကို
နီးနီးလေး ထားချင်ကြတာကို။



မနက်ဖြန်ကောင်းတွေအတွက်


















မနက်ဖြန်မှာ နာမည်ကောင်းရချင်တာနဲ့
ဒီနေ့မှာ ရက်စက်ဖို့လိုသလား မိတ်ဆွေ
တကယ်တော့
လှပဖို့ဆိုတာ
မနက်ဖြန်ဆိုတာ မလိုအပ်ပါဘူး
ဒီနေ့က စပြီး
မနက်ဖြန်အတွက် လှပလိုက်ပါတော့
ပွင့်မည့် ပန်းကတော့ ပွင့်မှာပါပဲ။

မိတ်ဆွေသွားလည်း လမ်း
ရန်သူသွားလည်း လမ်း
လမ်းတော့ လမ်းတွေပါပဲ
နားလည်မှုတော့ လွဲသွားမှာပဲ မဟုတ်လား။

မနက်ဖြန်ကောင်းတွေ
လိုအပ်သေးတယ်ဆိုရင်
ဒီနေ့မှာ
သေသေချာချာ မမှားဖို့
လိုအပ်တယ်။