Saturday, June 26, 2010

ကျနော် အရူးစစ်စစ်ပါ

ရင်နင့်အောင် ချစ်တတ်နေချင်သူပါ
ဘယ်လိုချစ်ရမယ် ကျနော်မသိ။

ရင်နင့်အောင် လွမ်းတတ်နေချင်သူပါ
ဘယ်လိုလွမ်းရမယ် ကျနော်မသိ။

အချစ်နဲ့အလွမ်း မကွဲပြား
ကျနော် သဘာဝအရူးလား။

ချစ်အောင်လည်း မနေတတ်သူ
လွမ်းအောင်လည်း မနေတတ်သူ
ကျနော် သဘာဝအရူးလား။

နာမည်ကျန်အောင်လည်း မနေခဲ့သူ
သမိုင်းကျန်အောင်လည်း မနေခဲ့သူ
ကျနော် သဘာဝအရူးလား။

အများအတွက်နားလည်ပေးသူ
ကိုယ့်အတွက် နားလည်မပေးသူ
ကျနော် သဘာဝအရူးလား။

ဖြစ်ချင်ပါတယ်
စစ်စစ်ဖြစ်ရရင်ပေါ့
တကယ်တော့
ကျနော် သဘာဝအရူးစစ်စစ်ပါ။

Thursday, June 24, 2010

အိမ်ငှါးခြင်း ဖြစ်ပျက်မှုများ


ဘယ်တုန်းကမှ မမက်ခဲ့ဖူးတဲ့
အိပ်မက်တွေပါ။

ရိုးရိုးစင်းစင်းနဲ့
နေထိုင်ခြင်းကို အသားကျနေမင့်ကိုး။

ခြေချခဲ့မှတော့
ခြေကြွဖို့ နည်းနည်းခက်သွားတယ် 
ကဗျာတော့ မဆန်ပါဘူး။ 
အနေတတ်ဖို့တော့
မြွေမသေ တုတ်မကျိုးပေါ့လေ။

မဆုံးသေးတဲ့ခရီးအတွက်
မညောင်းသေးတဲ့ ခြေထောက်နဲ့တော့
အဆင်ပြေလောက်ရဲ့။


မှတ်ချက်။       ။ နောက်လအတွက် အိမ်လိုက်ငှါးနေပါသည်။

Saturday, June 12, 2010

အိပ်မက်ကမ္ဘာ့ဖလားပြိုင်ပွဲ


အိပ်မက်(၁)
ခရစ်နှစ် ၂၁၁၀ခု ဇွန်လ
အိမ်ရှင်မြန်မာနိုင်ငံ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ
ကမ္ဘာမကျေ သီချင်းဆိုလို့။

အိပ်မက်(၂)
ပြိုင်ပွဲကြည့်လိုက်တော့
အီတလီမပါဘူး
ပြင်သစ်လည်းမပါဘူး
နာမည်ကြီးအသင်းတွေ
အားလုံးမပါဘူး
ကမ္ဘာ့ဖလားမဝင်ဘူးသေးတဲ့အသင်းတွေချည်းပဲ
အံ့ရော......
ကမ္ဘာကလိုက်လျောလိုက်ပုံက။

အိပ်မက်(၃)
အဲ့ဒီမှာ 
အိမ်ရှင်မြန်မာက
ဗိုလ်စွဲလိုက်ရော
ပြန်ဆိုကြမယ် ကမ္ဘာမကျေသီချင်းကို။

အိပ်မက်(၄)
နေရာမရခဲ့တဲ့နေ့ရက်တွေဆိုတော့
ပျော်လိုက်ကြတာ မောလို့
အော်မြူးနေကြတာလည်း ချောလို့
လှလိုက်တာလေ
အော်...........
ကမ္ဘာမကျေ။

(၅)
အိပ်မက်မှ ဖျတ်ကနဲလန့်နိုး
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ
တခါမှမကျင်းပဖူးတဲ့နေရာမှာ
နယ်ဆင်မင်ဒဲလားကြီးရဲ့ icon တိုင်းပြည်ပေါ့
သူထောင်ကျဖူးတာနဲ့ မဆိုင်ဘူး
သူသမိုင်းကို သူရေးနေတာ
အဖြူနဲ့အမည်းကို ဆက်စပ်ပေးလို့
သူ့နိုင်ငံတော် သီချင်း
အားလုံး ဟစ်ကြွေးလို့
တို့လည်း ဆိုချင်ပါတယ်
ကမ္ဘာမကျေ 
ကမ္ဘာမကျေ လို့။

Monday, June 7, 2010

လာရာ လမ်းအတိုင်းဆိုရင်..............


မဖြစ်မနေသေရမယ်ဆိုရင်
ကျနော် မြန်မာပြည်မှာပဲ
ဖျစ်ညစ်ပြီး သေခွင့်ရချင်ပါတယ်။

ဟိုနိုင်ငံ ဒီနိုင်ငံမှာ
ဒီကဒ် ဟိုကဒ်တွေနဲ့
အဲ့ဒီနိုင်ငံသားမဖြစ်ချင်ဘူးလားတဲ့
နိုင်ငံသားဖြစ်တာ လူမျိုးဖြစ်တာမှမဟုတ်တာ
ဖြစ်ချင်ပါဘူး။

ဘယ်နေရာနေနေပါ
နေတဲ့နေရာအတွက် 
အလုပ်အကျွေး ပြုနေကြတာချည်းပဲ
တခုတ်တရ ပြန်လွမ်းသူများသာ
နည်းနည်းနဲ့ကျဲကျဲဝိုင်းနေကြတာ။

ဒါပါပဲ
ကျနော် ဆောင်းခိုငှက်ပါ
အချိန်ကျရင် ကျနော့်နေရာ
ကျနော် လွမ်းနေရမှာပါ။


ချက်မြှုပ်


မွေးတဲ့နေရာကနေ
ဝေးလာလိုက်တာ
ဘယ်လောက်ထိ ဝေးရအုံးမယ်မသိ။

အချိန်တန်ရင်
ပြန်ရမယ်သိထားပေမယ့်
မွေးနေရာနဲ့ ဝေးနေဆဲပဲ။

ဘယ်နေရာရောက်ရောက်
ကိုယ့်မွေးနေရာလောက်
စိတ်ချမ်းသာစရာက
ဘယ်နေရာမှမကောင်းဘူး။
(ကျနော့အတွက်ပြောတာပါ)

အဲ့ဒီနေရာလေးဟာ
အာဃာတအမုန်းတရားတွေ မရှိဘူး
ပြိုင်ဆိုင်မှုတွေ မရှိဘူး
ဆူညံမှုတွေ မရှိဘူး
လွတ်လပ်ခြင်းတွေနဲ့လွတ်လပ်နေတယ်။

အဲ့ဒီနေရာလေးဆီ
တကျော့ပြန် ပြန်ရောက်ဖို့
ကြိုးစားရအုံးမယ်။

Saturday, June 5, 2010

ခရီးသွားနေသော စိတ်များ


ဘဝင်မြင့်ခြင်းတွေ
စားသုံးနေတာ မဟုတ်ပေမယ့်
ပြေးအားကောင်းဆဲလို့ ထင်နေခဲ့တာ
ဒီကနေ့ မနက်အထိပါပဲ။

စိတ်အနယ်ထိုင်ခြင်းကို
လိုလားနှစ်သက်နေတာ
ဟုတ်ကို မဟုတ်ဘူး
တကယ်တော့
စိတ်အညောင်းမိနေတာကိုပဲ
စိတ်ကို စိတ်က လက်မခံချင်ဘူး။

ရယ်ရယ်ရွှင်ရွှင်နေ့ရက်တွေ
မနေ့က အတိုင်းရှိနေရင်
ဘယ်လောက်ကောင်းမလဲလို့
မတွေးချင်တော့ဘူး
နေ့သစ်ကို နေ့သစ်အတိုင်း
ပြေးအားကောင်းစေဖို့
စိတ်ကို မွေးမြူရအုံးမယ် ။

ဘလော့ဂ်ဂါရောင်းရင်း ကိုနောသို့

Thursday, June 3, 2010

သဟာယ်ချင်း


ကျနော့်အကြောင်းများ
သူ့ကို ပြောပြတော့
ခေါင်းကို ညိတ်လို့ 
ညိတ်လို့။

ကျနော်က
သူ့အကြောင်း
ပြန်ပြောနေတော့
သူ့မျက်နှာမှာ ပြုံးလို့
ပြုံးလို့။


Wednesday, June 2, 2010

အကောင်းမကုန်တဲ့ ရွှေပြည်ကြီး


ရွှေပြည်ကြီးအကြောင်းပြောရရင်
အကောင်း မကုန်ဘူး။

ကျန်းမာရေးအကြောင်း
ပြောမလား
အကောင်း မကုန်ဘူး

ပညာရေးအကြောင်း
ပြောမလား
အကောင်းမကုန်ဘူး

စီးပွားရေးအကြောင်း
ပြောမလား
အကောင်းမကုန်ဘူး

အကြောင်းအရာအမျိုးမျိုး
ပြောမလား
အကောင်းမကုန်ဘူး
အံ့ရော။

ပြောလို့ရနေသရွေ့
အကောင်းမကုန်ရင်
အကောင်းမကုန်ပါဘူး။
တကယ့်ကို
အကောင်းမကုန်ပါဘူးဗျာ။


Tuesday, June 1, 2010

ဒဏ်ရာများနှင့်တွေ့ဆုံခြင်း


အဲ့ဒီနေ့က
ကျနော့်ဆီ
ဒဏ်ရာတစ်ခုရောက်လာတယ်
ဒဏ်ရာရဲ့အကြောင်းကို
စီကာပတ်ကုံးပြောနေလိုက်တာ
သူ့အစား ကျနော့်မှာမောလို့
ဒဏ်ရာအတွက် ရှေ့ဆက်အုံးမှာတဲ့။
ဒဏ်ရာပျောက်ဖို့ 
စာတွေဘယ်လောက်ဖတ်ထားလဲလို့
ကျနော် မေးလိုက်ပါတယ်။
“ဟင့်အင်း” ဆိုပြီး ပြန်ထွက်သွားပေါ့။

နောက် ဒဏ်ရာတစ်ခုရောက်လာပြန်ရော
ဒေါနဲ့မောနဲ့ လက်သီးလက်မောင်းတန်းပြီး
စကားတွေပြောနေလိုက်တာ
ဒီနေ့ပဲ မျှော်လင့်သလို ဖြစ်တော့မယ့်ပုံစံနဲ့
ဘယ်လိုဗျူဟာနဲ့ ဒဏ်ရာကို ဆေးကြောမှာလဲလို့
ကျနော် မေးလိုက်တယ်
သူ့အတွက် နောက်ထပ်ဒဏ်ရာ
ထပ်မတိုးရင် ကံကောင်းပေါ့။
ဗျူဟာအခင်းအကျင်းတော့ ကျွမ်းကျင်ဖို့
အရေးကြီးတယ်။

နောက်ထပ်တွေ့တဲ့ဒဏ်ရာက
တော်တော် နှစ်ချို့ထားတဲ့ဒဏ်ရာကြီးပေါ့
သမိုင်းတွေနဲ့
ခုနှစ်ရက်စွဲတွေနဲ့
မှတ်မှတ်ရရပြောနေလိုက်တာများ
စာမှတ်တမ်းတင်ထားဖို့ ကောင်းသေး
ဒဏ်ရာတွေ မျိုးဆက်မဲ့လေတော့
သူတို့ရောက်ချင်နေတဲ့ 
အဲ့ဒီ အရိပ်စစ်စစ်
သွားရင်းနဲ့ ဝေးနေကြအုံးမှာပဲ။
ခုနေများ
ဒဏ်ရာဟောင်း ဒဏ်ရာသစ်တွေ
လက်တွဲနိုင်ရင်ဖြင့်.....................။