Sunday, January 24, 2010

မွေးနေ့နဲ့အတူ ပျော်ရွှင်ပါစေ


လူ့တစ်ယောက်မှာ သူ့အဖေ သူ့အမေ မွေးဖွားမှုကြောင့် လူ့ဘဝကို စတင်တဲ့နေ့ ကိုပဲ မွေးနေ့လို့ သတ်မှတ်ကြတာပါ။ ဘယ်သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မွေး နေ့ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့ မွေးနေ့ပါပဲ။ အင်္ဂါစုံညီခြင်းရှိရမှ မွေးနေ့ဟု ခေါ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘာပဲပြောပြော နေဖို့ အသက်တစ်နှစ် ဆုတ်ဖြဲပေး လိုက်ရတာပဲ မဟုတ်လား။ မပေးလို့ကလည်း မဖြစ်ဘူးလေ။ အလျော်အစားမဟုတ်ပေမယ့် ကြိုက်ကြိုက် မကြိုက်ကြိုက် ဘယ်သူဖြစ်ဖြစ် ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူဖြစ်စေ ပေးလိုက်ရတာချည်းပဲ။ အချိန်နာရီ ကို အညှိုးအတေးထားလို့ ရတာမှ မဟုတ်တာ။

ကိုယ်မသိတဲ့ အမှုမထားအရာအားလုံးဟာ ကိုယ်နဲ့မဆိုင်သလိုဘဲ နေလိုက်ကြတာချည်းပဲ မဟုတ်လား။ တစ်ခါတစ်ရံ ကိုယ်သိတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူ ဆိုရင်တော့ ဘာပဲပြောပြော အမှတ်တရဖြစ်တတ်တာ ဖြစ်ချင်တာ အမှန်ပဲ မဟုတ်လား။ သိစေချင်လွန်းလို့ မသိမှာလည်းစိုးလို့ တနည်းနည်းနဲ့ ဖေါ်ပြတတ်တယ် လေ။ ကိုယ့်မွေးနေ့ကို မေ့ချင်ယောင် ဆောင်ထားရင်တော့ မေ့တတ်လွန်းလို့ နှစ်ခါအိပ်မက် မက်လိုက်တယ် ဖြစ်နေမလားပဲ။ ရွာကလူတွေ ပြောသလို မရှိတော့လည်း မသိသလိုပဲတဲ့။ ရှိတော့လည်း မသိသလိုပဲလား တော့ မသိပါဘူး။ ဂုဏ်မဖေါ်ချင်တာလည်း နေမှာပေါ့လေ။ တစ်ဦးအပေါ် တစ်ဦးက ဂုဏ်ယူစွာဖြင့် Happy Birthday ပြောခွင့်ရလိုက်တာကိုက တော်ရုံတန်ရုံ အခွင့်အရေးမဟုတ်ဘူးလေ။

လူတိုင်းက လာမည့်မနက်ဖြန်အတွက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာလေ။
မျှော်လင့်ခြင်းကင်းမဲ့တဲ့ဘဝကိုတော့ သူသူကိုယ်ကိုယ် ဘယ်သူမှ တပ်တပ်မက်မက်ရှိမှာတော့ မဟုတ်ဘူး ဆိုတာ သေချာတယ်။

ဘာပဲပြောပြော မွေးနေ့တစ်ခုဆိုတာတော့ လူတိုင်းမှာ ရှိတာတော့ အမှန်ပဲ မဟုတ်လား။ ကျနော့်သူငယ်ချင်းမွေးနေ့မှာတော့ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနေပါလိမ့်မယ်။

(မနေ့က ကျရောက်သွားတဲ့ ဓမ္မဂင်္ဂါမွေးနေ့သို့)




Saturday, January 23, 2010

ဟိုဘက် ဒီဘက်










 ပို့စ်အသစ်မတင်ဖြစ်တာ ၂လခွဲကျော်ကျော်လောက်ရှိပေါ့။ ခရီးသွားစရာတစ်ခုကအိမ်ပြန်အလွမ်းပြေအဖြစ်အကြောင်း သင့်ခဲ့လေရဲ့။ လွန်ခဲ့တဲ့နှစ်ဟောင်း ၂၀၀၉ အောက်တိုဘာ ၃၀ရက်နေ့မှာ မထင်မှတ်တဲ့ နောက်ပြန် ခရီးအဖြစ် အိန္ဒိယလေကြောင်းနဲ့ အမိမြေကို ပြန်ရောက် ဖြစ်တယ်။ အေးမြမြဖြစ်စပြုနေတဲ့ အိန္ဒိယမှာ တစ်ပါတ် လောက် နေခဲ့ရလို့ အပူလှိုင်းဆိုတာ မစဉ်းစားဖြစ်ခဲ့ဘူးပေါ့။ လေ ယာဉ်ပေါ်ကဆင်း အမိမြေထဲရောက်တော့ နာဂစ်ရဲ့ နောက်ဆက်တွဲက ခပ်ပြင်းပြင်းလေး ကျီစယ်နေပေါ့ တော့ တယ်။ အဲ့ဒါကတော့ နာဂစ်လှီးခုတ်သွားတဲ့ သစ်ပင်တွေနည်းနည်းသွားတာနဲ့အတူ ပါလာတဲ့ အပူဆိုတာ ပါပဲ။ တွေ့နေရတဲ့နေရာတိုင်း တစ်ခုခု လိုနေသလို ခံစားမိတော့တယ်။

သဘာဝဆိုတော့လည်း ပူတယ် အိုက်တယ်လို့ ညည်းရုံပဲ တတ်နိုင်တာကိုး။ ကျန်တာတွေကတော့ အဆို တော် လေးဖြူ သီချင်းတစ်ပုဒ်အတိုင်းပေါ့။ အရင်လိုပါပဲ။ ရောက်ပြီး သိပ်မကြာခင်မှာ ကျောင်းထဲမှာ ခိုတွေ အများကြီးတွေ့လိုက်ပါတယ်။ အသံတွေနဲ့အတူပေါ့။ ဒါလည်း အရင်လိုပါပဲ နေမှာပါပဲ။

ပြန်ရောက်စ ရန်ကုန်မှာတော့ လျှစ်စစ်မီးကတော့ ကောင်းသားပဲ။ ဆည်ထဲမှာ ရေရှိသေးလို့ထင်ပါ့။ ၂၄နာရီ အဲဗားဆိုပါတော့။ ပြန်ခါနီးတော့ ထုံးစံအတိုင်း အရင်လိုပါပဲ။

ရန်ကုန်မှာ တပါတ်လောက်နေပြီးတော့ ရွာပြန်တော့လည်း အသက်ကြီးတဲ့ဒဏ် မခံနိုင်လို့ သေသွားတဲ့ လူကြီးတွေက လွဲလို့ အရင်လိုပါပဲ။ ညပိုင်းအပန်းဖြေ ဒိုင်နမိုမီးစက်မောင်းပြီး ဗွီဒီယိုကြည့်ကောင်းကြဆဲ။ မင်းသား မင်းသမီးတွေရှိနေမှတော့ ဖျော်ဖြေရေးယန္တယားက ခေတ်မှမတုံးဘဲကိုး။ အရင်ထက်ထူးတာက ရွာရဲ့ ရှေ့နောက်ဝဲယာ မှာတော့ လျှပ်စစ်တိုင်တွေနဲ့ ကြိုးတွေက ရွာနဲ့မဆိုင်သလိုပါပဲ။
ရွာလေးရဲ့ ရာသီဥတုကလည်း သစ်ပင်နည်းသွားတာက လွဲလို့ အရင်လိုပါပဲ။

အပြန်ခရီးမှာတော့ ဖြစ်မိတဲ့ဆန္ဒလေးနဲ့ တောင်းမိတဲ့ ဆုလေးပါ။
လူတစ်ယောက် သစ်တပင်နှုံး စိုက်ကြရင်ကောင်းမှာပဲ။ အရာအားလုံး အတွက်ပါ။
တောင်းမိတဲ့ဆုကတော့ ဆောက်ထားတဲ့ဆည်တွေအားလုံး ရေ ပေါပေါလျှံလျှံနဲ့ လျှစ်စစ်မီးထုတ်ဖြစ်ပါစေ လို့လေ။ ဒါမှ ရွာလေး လျှပ်စစ်မီး ရမှာကိုး။

ဒီလိုမှမဟုတ်ရင် မဖြစ်လာရင်တော့ ဆည်အားကိုးနဲ့ လျှပ်စစ်မီးက ရေကိုမျှော်၊ ရေက မိုးကိုမျှော်၊ မိုးက သစ်ပင်တောတောင်ကိုမျှော်၊ သစ်ပင်တောတောင်က လူတွေရဲ့ သဘာဝအရင်းအမြစ် သိတတ်မှုကိုမျှော်။
ဘာတတ်နိုင်မှာလဲ မျှော်ကြပေါ့။