Tuesday, March 2, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၁)

ခံစားမှုဆိုတာ လူတိုင်း သူသူကိုယ်ကိုယ် ခံစားရတာခြင်းတူမှာမဟုတ်ပါဘူး။ ပြောရရင် တဦးနဲ့တဦးက ဦးတည်ချက်ခြင်းမတူတော့လည်း ခံစားရခြင်း တူမှာမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို သူတပါး နားလည်ဖို့ ဆိုတာ ဘယ်လိုမှ လွယ်တဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်က သူတပါးအနေအထားနဲ့ တွက်ရင် သူ့အတွက် အသေးအမွှား ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီလိုဆို ကျနော် ခံစားမိတာတွေ ဖတ်မိသူများနဲ့ သဘော ထားတိုက်ဆိုင်ချင်မှ တိုင်ဆိုင်မှာပါ။ ဒီအတွက် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ တကယ်တော့ လူတိုင်းမှာ ခံစားချက်ခြင်း မတူကြဘူးလေ။ အရာအားလုံးပေါ့။ 

ကျနော် ဒီပို့စ် ရေးဖို့အတွက် ဖတ်သူအတွက် တစ်ခုခုတော့ ရစေချင်တာ အမှန်ပဲ။ ခံစားမှုတွေဟာ တခါတရံ နားလည်မှုရဲ့ ကိုယ်စားဝင်လာတာလားလို့ ထင်မိပါတယ်။ မခံစားမိပေမယ့် နားလည်တာ ရှိသလို နားလည် ပေမယ့် မခံစားရတာတွေ ဒုနဲ့ဒေး တွေ့ဖူးလို့ပါ။ 

ကျနော့် ခံစားမှုက အဖေနဲ့ ပတ်သက်တာပါ။ အဖေကတော့ အသက်တွေ ထမ်းထားရတွေ များလာလို့ထင်ပါ့ မှတ်ဉာဏ်တွေနည်းသွားတာလား မသိဘူး။ အတိတ်တွေကို အတိတ်တွေအတိုင်းပဲ ထားလိုက်တာလား။ ဘာမှမထူးတော့လို့ ထားလိုက်တာလားတော့ ကျနော် မသိဘူး။ ဒါလည်း အဖေပဲ သိမှာပါ။ အဖေကတော့ ကျနော့်ရဲ့ အတိတ်က ပုံရိပ်တွေကို အဖေဆီမှာ မရှိတော့ဘူးလေ။ စိတ်မကောင်းဖြစ်တာတော့မဟုတ်ဘူး။ တာဝန်မကျေတဲ့ သားတစ်ယောက်လို့တော့ ဝမ်းနည်းမိတာပါ။ 

ဒီတစ်ခေါက် အဖေနဲ့တွေ့တော့ အဖေက အဖေပါပဲ။ ဇရာတွေကို မခုခံနိုင်တာက လွဲလို့ပေါ့။ 
တခါတရံ နီးခြင်းတွေဟာ ဝေးခြင်းတွေ ဖြစ်သွားတတ်တယ်။ ဝေးခြင်းတွေဟာ နီးခြင်းဖြစ်သွားတတ်တယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးဆိုတာ ကျနော် သိလိုက်ရပါတယ်။  အဖေ့စိတ်ထဲမှာ အကို့ကို တွေ့ချင်နေတဲ့စိတ်ကိုပါ။

အဖေက ကျနော်နဲ့တွေ့တော့ အဝေးက ကျနော့်အကို့ကို သိပ်တွေ့ချင်တဲ့ ခံစားမှုတွေကို အဖေ့မျက်နှာ ပေါ်မှာ ကျနော် အဖေနဲ့တွေ့တိုင်း ဖတ်နေရတယ်။ ဘာပဲပြောပြော အဖေကတော့ သူ့သားကြီးကို အားကိုး တာ နေမှာပါ။ အားကိုးမယ်ဆို ဒီအနေအထားက အားကိုးထိုက်တဲ့ အနေအထားပါ။ အကိုဘက်က အမြဲတမ်း အိမ်ပြန်နောက်ကျတဲ့သူ တစ်ယောက်ပါ။ ဒါလည်း အဖေက နားလည်ပေးထားတယ်။ ဘယ်သူမှ အပြစ်မရှိတဲ့ အနေအထားပါ။ မိဘတိုင်းရဲ့ ဆန္ဒပဲလို့ နားလည်မိပါတယ်။ အကိုက လက်ညှိုးကွေးတဲ့ ဌာနမှာ လုပ်တာဆိုတော့ အကို့အတွက် အဖေ့အိမ်ပြန်ရမှာကို ဘယ်လိုမှ လက်ညှိုးမဖြောင့်နိုင်ဘူးလေ။

ကျနော့်ဘဝထဲက အကိုထွက်သွားတော့ ကျနော်ငယ်ငယ်လေးရှိသေးတာကိုး။ဒါလည်း အကိုကြိုက်တာ နှစ် သက်တာ အကိုရွေးချယ်လိုက်တာကိုး။ အကိုရဲ့သိက္ခာကို သူပဲ ထိန်းမှာပေါ့၊ သူပဲ ဆယ်မှာပေါ့။ ကျနော့် အနေနဲ့ အကို့အတွက် ဂုဏ်ယူနေဖို့က လွဲလို့ တစ်ခြားမရှိပါဘူး။ ညီတစ်ယောက်အနေနဲ့ အကိုဟာ ရှေ့သွား လည်း ဟုတ်၊ နမူနာယူစရာလည်းဟုတ်ဆိုတော့ ကျနော်သိတတ်တဲ့အချိန်က နားလည်လိုက်တဲ့ ခံစားမှုပါ။

ကျနော်သိတာက ကျနော် အဖေ့ကို ချစ်တာတစ်ခုတည်းပါ။

Sunday, February 28, 2010

Happy Holi Hey

“ဝုန်း”

“ဟေး”

“ဒိုင်း”

“ဟေး”

“ရူး........”

“ဟေး”

မနေ့ညက ကြားခဲ့ရတဲ့ အသံဗလံတွေပါ။ အိန္ဒိယ “Holi” ပွဲတော်ရဲ့ ဗြောက်အိုးဖေါက်တဲ့အသံတွေက နားကွဲမတတ် ဝန်းကျင်တစ်ခုလုံး  ဆူညံနေတယ်။ ကလေးလူကြီး အားလုံးပျော်နေလိုက်ကြတယ်။ စိတ်ကို ထွက်ပေါက်ပေးလိုက်ကြတာလားမသိဘူး။ ဗြောက်အိုးတစ်ခုကို မီးရှို့လိုက် ပေါက်ကွဲသွားရင် “ဟေး” လို့အော်လိုက်ကြနဲ့ ကျနော့်စိတ်က ဟိုး....အဝေးကြီးကို ပြန်ရောက်သွားပြီး အတွေးထဲမှာ ပြန်ငယ်သွား သလိုပဲ။ စိတ်က ဘယ်ကို သတိရနေမှန်းမသိဘူး။ 

ငယ်ငယ်ကတော့ ဒီလို အသံတွေ ကြားဖူးနေတယ်။  ကြားမှာပေါ့။ ကိုယ်တိုင်ဆော့မြူး ပျော်ခဲ့ဖူးတာကိုး။ သီတင်းကျွတ်ဆို သီတင်းကျွတ်မို့၊ တံခူးသင်္ကြန်ဆို သင်္ကြန်မို့ ကလေးဘဝက ပျော်ခဲ့တာတွေ ငယ်သူချင်းတွေ ပြန်တွေ့လို့ ပြန်ပြောရင်း ပြန်ပျော်ရတာ အမော။ 

ရာသီတွေ အလီလီပြောင်းခဲ့။
နာရီတွေ မရေတွက်နိုင်အောင် လည်ပတ်ခဲ့။
သူငယ်ချင်းတွေလည်း ဟိုရောက် ဒီရောက်။ 
နေရာအသစ်ရှာကြတာတဲ့။ ရေကြည်ရာ မြက်နုရာပြောင်းဆိုသလိုပေါ့။ စာစောင်တစ်ခုမှာ သပိတ်အိုင် ဆရာတော် သီတဂူဆရာတော်သြဝါဒကို ဖတ်လိုက်မိတယ်။ ရေကြည်ရာ မြက်နုရာတွေ လိုက်လိုက်မပြောင်းကြဖို့၊ လက်ရှိနေတဲ့ နေရာမှာ ရေမကြည်ရင် ရေကြည်အောင်လုပ်ဖို့၊ မြက်မနုသေးရင်လည်း မြက်နုအောင် ကြိုးစားကြဖို့ သြဝါဒပေးတာ လိုက်နာစရာအတော်ကောင်းတယ်။ ဆရာတော်ကိုယ်တော်တိုင်လည်း နမူနာ ယူထိုက်အောင် လုပ်ပြထားတာ မနောမနဲလေ။

နေရာတစ်ခုပြောင်းတိုင်းအထူးအဆန်းတစ်ခုမကတွေ့ရစမြဲပဲမဟုတ်လား။ 

ဟိုး............အဝေးက 
ပျော်မြူး အော်သံတွေ ကြားလိုက်ရတယ်။
“Happy Holi” တဲ့။

“Holi” ရဲ့အဓိပ္ပါယ်ကိုတော့ ကိုနောဘလော့ဘ်မှာ ဖတ်လိုက်ပါ။

Saturday, February 27, 2010

နားနှစ်ဖက်ရဲ့ အရင်းအနှီး

ဟိုး ............အဝေးကြီးက
အကိုင်းကြီးကြီးမှာ နားနေလိုက်ပါ
ဒါမှ
မင်းအတွက် သေချာမှာဆိုတော့။
အနာအဆာလို့တော့
ဘယ်သူမှ မင်းကို မပြောပါဘူး။
မင်းသိက္ခာ မင်းလုံခဲ့ရင်ပေါ့။

အပြင်မှာ နေသိပ်ပူတယ်
ကလေးဘဝက ဖေတို့မေတို့
ပြောခဲ့တဲ့စကား
ခုတော့........
အပြင်သွားမှာရမှာကို
စိတ်က ထင့်ထင့်။

ဖြစ်တတ်တယ်လို့
အဝေးကပဲ ထင်ထင်
အနီးကပဲ မြင်မြင်
ပြောတဲ့ ပါးစပ်အတွက်
နားက ခါးခါးသီးသီးမဖြစ်သေးသမျှတော့
ချစ်ချစ်ခင်ခင်နဲ့
သည်းခံလိုက်ပါ။


Friday, February 26, 2010

မှန်ချင်ရင် မှန်

ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။

(ဘယ်မဆိုင် ညာမဆိုင်
လက်ညှိုးတစ်ချောင်းမရှိတာကိုက
တော်တော် ကသိကအောင့် နိုင်လွန်းတယ်)
လက်ခလယ်ပြတော့လည်း
ဘာလဲလို့ ပြန်မေး မေးတတ်လို့။

ပျက်ယွင်းမှုတွေက
တစ်- အချစ်မေတ္တာ
နှစ်- အကျင့်သိက္ခာ
သုံးလေးငါး- စည်းစိမ်၊ ဥစ္စာနဲ့ရိက္ခာ (စိုင်းစိုင်းခမ်းလှိုင် သီချင်း)
ဒီတော့
ရှိခြင်းလား
သိခြင်းလား
ဟန်ဆောင်ခြင်းလား
မာန်စောင်ခြင်းလား
မြဲခြင်းလား
လွဲခြင်းလား
သိတော့ဘူး။
မိုးလင်းရင်တော့ မနက်တော့ ရောက်လာမှာပဲ။

ထားခဲ့တော့
ဟိုမှာ.......
သတင်းစာတစ်စောင်
ကော်ဖီတစ်ခွက်
ပြီးတော့ ဘေးနားမှာ
ကိုယ့်သိက္ခာ ကိုယ်ထိန်းပေးမယ့်။

ပြောခဲ့ပါပကော
ကိုယ့်ကိုယ်ကို
မျက်နှာငယ်လာတယ် မှတ်ပြီး
မှန် ပြန်ကြည့်ရတာ အမော။



နာမည်မရှိတဲ့ ကဗျာ

ခေတ်က မကောင်းသေးဘူးတဲ့။
အခိုက်အတန့်တော့
ရူးချင်ယောင် ဆောင်ထားလိုက်ကြမယ်။
ကြည့်......
အတုံးအရုံးပဲ။

စည်းလွတ်ဝါးလွတ်တွေ
များလွန်လွန်းတော့လည်း
နေရာဆိုတာ
ကျပ်တဲ့အထဲကို သပ်ရိုက်ထားသလို။

ရူးချင်ယောင်တော့
အများနဲ့အတူ သရုပ်ဆောင်မနေပါနဲ့။

အခမ်းအနားနဲ့
ရူးမယ်ဆိုရင်တော့
ပဒိုင်းသီးစားပြီး ရူးလိုက်တာမှ
ဟုတ်တုတ်တုတ်ရှိသေး။


Tuesday, February 23, 2010

သူငယ်ချင်းတွေကို သတိရလိုက်တဲ့ အစားအစာ

မနေ့က မြန်မာပြည်မှ ဗီဇာနိုးဆွမှုကြောင့် သူငယ်ချင်းတွေ ပြန်ရောက်လာကြတယ်။ သူငယ်ချင်းတွေ ပြန်လာရင် မြန်မာပြည်အလွမ်းပြေစားရအုံးမယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းအူတွေက ဝမ်းနှုတ်ထား ကြလေရဲ့။ ဖုံးဆက်ပြီး မှာထားတော့လည်း လုပ်မယ်ဆို လုပ်လို့ရမယ့်အနေအထားပါ။ မနေ့က သူငယ်ချင်း ပြောသွားတာက မနက်ဖြန်နေ့လည်စာအမှီ ပြန်လာမယ်တဲ့။ ဆိုတော့ ကျန်ခဲ့သူ ကျနော့်မှာ အားလုံး အစစ အရာရာ စီစဉ်ပေါ့။ နေ့လည်စာအတွက်။ နေ့လည်စာအတွက် ထမင်းကို မနက်မီးမပျက်ခင် ကျိုတင် ပေါင်းအိုးနဲ့ တည်ထားလိုက်ရတယ်။ ကျနော့်သူငယ်ချင်းက စိတ်တိုတတ်တယ်ဆိုတော့ လာမှ ချက်နေမယ် ဆိုရင် နောက်ချန် ခံစစ်မှုးကို အပြစ်ပြောစရာပေါ့။

ဒါနဲ့ မစားရတာကြာတဲ့ နာမည်ဖော်လို့မရတဲ့ ဟင်းတစ်မျိုးတော့ ဒီနေ့တော့ လက်စွမ်းပြလိုက်အုံးမယ်ဆိုပြီး ဖောဖောသီသီ ပေါများလှတဲ့ ဟင်းသီးဟင်းရွက်တွေကို အကောင်းဆုံးဖြစ်အောင် ချက်လိုက်တယ်။ သူငယ် ချင်းကတော့ ပြောပါတယ်။ ဒီဟင်းမျိုးနဲ့ သူငယ်ချင်းအားလုံးကို ခေါ်ပြီး စားစေချင်လိုက်တာတဲ့။

ဟင်းကလည်း ဟင်းပဲ။ ကောင်းချက်က စားတော်ချက်ကျမ်းမှာမပါတဲ့ နည်းနဲ့ချက်ထားတာဆိုတော့ ကိုယ့် ကိုယ်ကိုတောင် အထင်ကြီးသွားသေးတယ်။ ဒီဟင်းမျိုးချက်စားမယ်ဆိုရင် ထည့်လိုက်တဲ့အစာပလာတွေ ပြောပြလိုက်မယ်။ အဖိုး အဘတွေက ရပ်ရွာမှာ စားတော်ချက်များဆိုတော့ အဲ့ဒါတွေပဲ အခြေခံရတာပေါ့။ ဘမျိုး ဘိုးတူဆိုတဲ့ တေးသွားနဲ့ ရမ်းလုပ်လိုက်တဲ့ ဟင်းလျာလေးပါ။ ဟိုတယ်မှာ ဒါမျိုးစားဖို့ မရနိုင်ဘူးတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ မရနိုင်ဘူး။

တောင်ပို့မှိုခြောက် လက်တစ်ဆုပ်
ချဉ်စော်ကားသီးခြောက် ၂လုံးစာ
ဝက်သားအတုံး၂၀
ပန်းမှုံလာပွင့် ၁ပွင့်
ပန်းမှုံလာဥ ၄ ဥ
ခရမ်းသီး ၂ လုံး
အာလူး ၄လုံး
နံနံပင်၊ ငရုပ်သီးစိမ်း စသည်ကတော့ ကိုယ်ကြိုက်သလိုပေါ့။ အကောင်းကြိုက်တဲ့ကျနော်ကတော့ အဲ့ဒီဟင်း ကို စားလိုက်တဲ့အချိန်မှာ အားလုံးကို သတိရလိုက်တာပါပဲ။ အတူတူ လက်ဆုံစားလိုက်ရရင် ဘယ်လောက် ကောင်း လိုက်မလဲလို့။

Monday, February 22, 2010

မနက်ဖြန်မှာ ငါမက်မယ့် အိပ်မက်

မနက်ဖြန်တွေ အရောအနှောမဖြစ်ချင်တာနဲ့
ဒီနေ့ပဲ ရင်ဘတ်က
ပုဂံခေတ် ရောက်သွားတယ်။
သဲသဲကွဲကွဲမသိကြဘူး
ရင်ခွင်မသိဘဲ လွမ်းနေကြတာက
မနက်ဖြန်မှာ နှင်းတွေကျမယ်ဆိုပဲ။

တရားမဲ့လွန်းတာ သိသားနဲ့
ဖတ်စာတွေ ပြန်ပြန်ဖတ်နေတာကိုက
ပြောချင်ဘူး
တကယ်ပဲ အသိမဲ့လွန်းတယ်။

လှန်ပြီးသား စာမျက်နှာတွေ ပြန်မဖတ်ပါနဲ့။
အသံမကြားဘဲ ရင်နာလွန်းတယ်။

ကြားဖြတ်သတင်း
မနက်ဖြန်အိပ်မက်တွေအတွက်
ဒီနေ့ စောစောအိပ်ကြ။

I.C ဆိုသော ကျနော့်သူငယ်ချင်းသို့