Sunday, January 24, 2010

မွေးနေ့နဲ့အတူ ပျော်ရွှင်ပါစေ


လူ့တစ်ယောက်မှာ သူ့အဖေ သူ့အမေ မွေးဖွားမှုကြောင့် လူ့ဘဝကို စတင်တဲ့နေ့ ကိုပဲ မွေးနေ့လို့ သတ်မှတ်ကြတာပါ။ ဘယ်သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မွေး နေ့ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့ မွေးနေ့ပါပဲ။ အင်္ဂါစုံညီခြင်းရှိရမှ မွေးနေ့ဟု ခေါ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘာပဲပြောပြော နေဖို့ အသက်တစ်နှစ် ဆုတ်ဖြဲပေး လိုက်ရတာပဲ မဟုတ်လား။ မပေးလို့ကလည်း မဖြစ်ဘူးလေ။ အလျော်အစားမဟုတ်ပေမယ့် ကြိုက်ကြိုက် မကြိုက်ကြိုက် ဘယ်သူဖြစ်ဖြစ် ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူဖြစ်စေ ပေးလိုက်ရတာချည်းပဲ။ အချိန်နာရီ ကို အညှိုးအတေးထားလို့ ရတာမှ မဟုတ်တာ။

ကိုယ်မသိတဲ့ အမှုမထားအရာအားလုံးဟာ ကိုယ်နဲ့မဆိုင်သလိုဘဲ နေလိုက်ကြတာချည်းပဲ မဟုတ်လား။ တစ်ခါတစ်ရံ ကိုယ်သိတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူ ဆိုရင်တော့ ဘာပဲပြောပြော အမှတ်တရဖြစ်တတ်တာ ဖြစ်ချင်တာ အမှန်ပဲ မဟုတ်လား။ သိစေချင်လွန်းလို့ မသိမှာလည်းစိုးလို့ တနည်းနည်းနဲ့ ဖေါ်ပြတတ်တယ် လေ။ ကိုယ့်မွေးနေ့ကို မေ့ချင်ယောင် ဆောင်ထားရင်တော့ မေ့တတ်လွန်းလို့ နှစ်ခါအိပ်မက် မက်လိုက်တယ် ဖြစ်နေမလားပဲ။ ရွာကလူတွေ ပြောသလို မရှိတော့လည်း မသိသလိုပဲတဲ့။ ရှိတော့လည်း မသိသလိုပဲလား တော့ မသိပါဘူး။ ဂုဏ်မဖေါ်ချင်တာလည်း နေမှာပေါ့လေ။ တစ်ဦးအပေါ် တစ်ဦးက ဂုဏ်ယူစွာဖြင့် Happy Birthday ပြောခွင့်ရလိုက်တာကိုက တော်ရုံတန်ရုံ အခွင့်အရေးမဟုတ်ဘူးလေ။

လူတိုင်းက လာမည့်မနက်ဖြန်အတွက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာလေ။
မျှော်လင့်ခြင်းကင်းမဲ့တဲ့ဘဝကိုတော့ သူသူကိုယ်ကိုယ် ဘယ်သူမှ တပ်တပ်မက်မက်ရှိမှာတော့ မဟုတ်ဘူး ဆိုတာ သေချာတယ်။

ဘာပဲပြောပြော မွေးနေ့တစ်ခုဆိုတာတော့ လူတိုင်းမှာ ရှိတာတော့ အမှန်ပဲ မဟုတ်လား။ ကျနော့်သူငယ်ချင်းမွေးနေ့မှာတော့ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနေပါလိမ့်မယ်။

(မနေ့က ကျရောက်သွားတဲ့ ဓမ္မဂင်္ဂါမွေးနေ့သို့)




Saturday, January 23, 2010

ဟိုဘက် ဒီဘက်










 ပို့စ်အသစ်မတင်ဖြစ်တာ ၂လခွဲကျော်ကျော်လောက်ရှိပေါ့။ ခရီးသွားစရာတစ်ခုကအိမ်ပြန်အလွမ်းပြေအဖြစ်အကြောင်း သင့်ခဲ့လေရဲ့။ လွန်ခဲ့တဲ့နှစ်ဟောင်း ၂၀၀၉ အောက်တိုဘာ ၃၀ရက်နေ့မှာ မထင်မှတ်တဲ့ နောက်ပြန် ခရီးအဖြစ် အိန္ဒိယလေကြောင်းနဲ့ အမိမြေကို ပြန်ရောက် ဖြစ်တယ်။ အေးမြမြဖြစ်စပြုနေတဲ့ အိန္ဒိယမှာ တစ်ပါတ် လောက် နေခဲ့ရလို့ အပူလှိုင်းဆိုတာ မစဉ်းစားဖြစ်ခဲ့ဘူးပေါ့။ လေ ယာဉ်ပေါ်ကဆင်း အမိမြေထဲရောက်တော့ နာဂစ်ရဲ့ နောက်ဆက်တွဲက ခပ်ပြင်းပြင်းလေး ကျီစယ်နေပေါ့ တော့ တယ်။ အဲ့ဒါကတော့ နာဂစ်လှီးခုတ်သွားတဲ့ သစ်ပင်တွေနည်းနည်းသွားတာနဲ့အတူ ပါလာတဲ့ အပူဆိုတာ ပါပဲ။ တွေ့နေရတဲ့နေရာတိုင်း တစ်ခုခု လိုနေသလို ခံစားမိတော့တယ်။

သဘာဝဆိုတော့လည်း ပူတယ် အိုက်တယ်လို့ ညည်းရုံပဲ တတ်နိုင်တာကိုး။ ကျန်တာတွေကတော့ အဆို တော် လေးဖြူ သီချင်းတစ်ပုဒ်အတိုင်းပေါ့။ အရင်လိုပါပဲ။ ရောက်ပြီး သိပ်မကြာခင်မှာ ကျောင်းထဲမှာ ခိုတွေ အများကြီးတွေ့လိုက်ပါတယ်။ အသံတွေနဲ့အတူပေါ့။ ဒါလည်း အရင်လိုပါပဲ နေမှာပါပဲ။

ပြန်ရောက်စ ရန်ကုန်မှာတော့ လျှစ်စစ်မီးကတော့ ကောင်းသားပဲ။ ဆည်ထဲမှာ ရေရှိသေးလို့ထင်ပါ့။ ၂၄နာရီ အဲဗားဆိုပါတော့။ ပြန်ခါနီးတော့ ထုံးစံအတိုင်း အရင်လိုပါပဲ။

ရန်ကုန်မှာ တပါတ်လောက်နေပြီးတော့ ရွာပြန်တော့လည်း အသက်ကြီးတဲ့ဒဏ် မခံနိုင်လို့ သေသွားတဲ့ လူကြီးတွေက လွဲလို့ အရင်လိုပါပဲ။ ညပိုင်းအပန်းဖြေ ဒိုင်နမိုမီးစက်မောင်းပြီး ဗွီဒီယိုကြည့်ကောင်းကြဆဲ။ မင်းသား မင်းသမီးတွေရှိနေမှတော့ ဖျော်ဖြေရေးယန္တယားက ခေတ်မှမတုံးဘဲကိုး။ အရင်ထက်ထူးတာက ရွာရဲ့ ရှေ့နောက်ဝဲယာ မှာတော့ လျှပ်စစ်တိုင်တွေနဲ့ ကြိုးတွေက ရွာနဲ့မဆိုင်သလိုပါပဲ။
ရွာလေးရဲ့ ရာသီဥတုကလည်း သစ်ပင်နည်းသွားတာက လွဲလို့ အရင်လိုပါပဲ။

အပြန်ခရီးမှာတော့ ဖြစ်မိတဲ့ဆန္ဒလေးနဲ့ တောင်းမိတဲ့ ဆုလေးပါ။
လူတစ်ယောက် သစ်တပင်နှုံး စိုက်ကြရင်ကောင်းမှာပဲ။ အရာအားလုံး အတွက်ပါ။
တောင်းမိတဲ့ဆုကတော့ ဆောက်ထားတဲ့ဆည်တွေအားလုံး ရေ ပေါပေါလျှံလျှံနဲ့ လျှစ်စစ်မီးထုတ်ဖြစ်ပါစေ လို့လေ။ ဒါမှ ရွာလေး လျှပ်စစ်မီး ရမှာကိုး။

ဒီလိုမှမဟုတ်ရင် မဖြစ်လာရင်တော့ ဆည်အားကိုးနဲ့ လျှပ်စစ်မီးက ရေကိုမျှော်၊ ရေက မိုးကိုမျှော်၊ မိုးက သစ်ပင်တောတောင်ကိုမျှော်၊ သစ်ပင်တောတောင်က လူတွေရဲ့ သဘာဝအရင်းအမြစ် သိတတ်မှုကိုမျှော်။
ဘာတတ်နိုင်မှာလဲ မျှော်ကြပေါ့။


Sunday, October 4, 2009

ထာဝရကုသိုလ်(သို့မဟုတ်) ပြောချင်တဲ့စကား

စာတွေလည်းမတင်ဖြစ်ခဲ့တာအတော်ကြာသွားတယ်။ သံဝေဂလမ်းဆိုတဲ့ မဟာဗောဓိမြိုင်ဆရာတော့် လက်ရာကို တင်ဖို့ ကြိုးစားပေမယ့် မတင်ဖြစ်သေးဘူး။ စာဖတ်သူက ယူတတ်ရင်တော်သေးတာပေါ့။ မယူတတ်ရင် တင်ထားတဲ့စာကို ကြည့်ပြီး အကုသိုလ်ဖြစ်သွားမယ်လဲ စိုးရိမ်နေလို့ မတင်ဖြစ်သေးတာပါ။

ဒါပေမယ့် ဒီကြားထဲ ထာဝရကုသိုလ်ရဲ့အဆက်လို့ပဲ ပြောပြော အမြဲတမ်းကုသိုလ်လို့ပဲ ဆိုလို့ရတဲ့ ကုသိုလ်တစ်ခုကို လုပ်ဖြစ်လိုက်ပါတယ်။ အဲ့ဒါက ဒီအိန္ဒိယမှာရှိတဲ့ ပညာသင်နေတဲ့ရဟန်းတော်စုပြီး “အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးအဖွဲ့” ကို ၂၀၀၀ခုနှစ်မှာ ရှေးရှေး စီနီယာတွေဖွဲ့ခဲ့ကြတယ်။ အဓိကကတော့ ဘယ်နေသွားသွား မရှိမဖြစ်လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုတဲ့ အရေးသုံးမျိုးနဲ့တွေ့ကြုံတဲ့အခါ ဖြေရှင်းနိုင်ဖို့ အဖွဲ့အစည်းကိုတည်ထောင်ကြတာချည်းပါပဲ။ မြန်မာပြည်မှာ ဟိုမြို့နယ်အသင်း ဒီမြို့နယ်အသင်းဆိုပြီး ဖွဲ့သလိုမျိုးပါပဲ။ ဒီမှာလည်း ဖွဲ့ခဲ့ကြတယ်ဆိုပါ တော့။ မှတ်မိသလောက်တော့ နိုင်ငံခြားမှာ ဘယ်မှာမှ မရှိသေးတဲ့အဖွဲ့အစည်းမျိုးပါ။

ဘာလို့ဒီလိုပြောနိုင်သလဲဆိုရင် မြန်မာဆိုတာက အဖွဲ့အစည်းဆိုတာကို မခံစားတတ်တာလား သို့မဟုတ် သူတပါးဖြစ်သွားတာမနာလိုဖြစ်နေတာလား ဒါမှမဟုတ် စည်းလုံးမှုကို နေရာမရလို့ ဖွဲ့စည်းပုံ မတည်မြဲ အောင် ပတ်မကြီးဖောက်ချင်တာလားဆိုတာတွေ ရှိခဲ့တာ ရှိနေတာဆိုတော့ အဖွဲ့အစည်းတခုရဲ့ ကောင်း ကျိုးကို အများအားဖြင့် မသိကြသေးတာ အသေအချာပါပဲ။

ပြောလိုရင်းကတော့ အဖွဲ့အစည်းတခုရဲ့ လည်ပတ်နေပုံတခုပါ။ အဖွဲ့ဝင်ဖြစ်ချင်တယ်ဆိုရင် ဆိုင်ရာ ဥပဒေတွေကို သိပြီးတာနဲ့ အဖွဲ့ဝင်အသစ်ဆိုရင် ဝင်ကြေး အိန္ဒိယရူပီး ၂၀၀၊ နှစ်စဉ်ကြေး ၁၅၀ ပေါင်း ၃၅၀ထည့်ထားရင် ထာဝရကုသိုလ်ဖြစ်သွားတာပါပဲ။ နောက်နှစ်ဆိုရင် အဖွဲ့အဟောင်းတွေအတွက် နှစ်စဉ် ကြေး၁၅၀ သွင်းပေးရပါတယ်။ အဲ့ဒီ ၃၅၀ ဆိုတဲ့ရူပီးငွေဟာ အဖွဲ့ဝင်တဦးတယောက် အခန့်မသင့်လို နေမကောင်းဖြစ်ခဲ့ရင် သို့မဟုတ် ခွဲစိတ်ကုသမှုရှိခဲ့ရင် အကူအညီပေးဖို့ အတွက် ဖြစ်သွားပါတယ်။ ဒီ ကုသိုလ်တွေဟာ အိန္ဒိယမှာနေသခိုက် အဖွဲ့ဝင်သွားတဲ့ ကျောင်းပြီးသွားတဲ့သူ အားလုံးအတွက် အမြဲ တမ်းအတွက် ဇီဝိတဒါန ကုသိုလ်တွေပါ။ ပြောရရင် အဖွဲ့ဝင်တဦးရဲ့ ရာသက်ပန်ကုလိုလ်တွေပါ။ ဘယ်လောက် ကြည်နှုးစရာကောင်းလိုက်သလဲ။ အရင်ကလည်း ကျန်းမာရေးမကောင်းတဲ့အဖွဲ့ဝင်တွေရော မဖွဲ့ဝင်မဟုတ်တဲ့သူများပါ တခါက ထည့်ခဲ့တဲ့ အဖွဲ့ဝင်ကြေးတွေနဲ့ ကုလိုလ်တွေဆက်နေနိုင်ခဲ့တာဟာ ဘယ်လောက်ဝမ်းသာစရာ ကောင်းသလဲ။

နောက်တခု ချစ်စရာကောင်းတာက အဖွဲ့ဝင်တဦးတစ်ယောက် ဆေးရုံတက်နေတာကြားပြီိဆိုရင် ကိုယ့် ဌာနမှာရှိတဲ့သူတွေကို ဘယ်မှာတော့ ဘယ်သူဆေးရုံတက်နေတယ် အဲ့ဒါ တတ်နိုင်သလောက်စုပြီး လှမ်းလှူ ကြရအောင်ဆိုပြီး သီးသီးသန့်သန့် ဝိုင်းလှူကြတာကိုပါ။

ပြီးခဲ့တဲ့ 2.10.09 နေ့က ဗုဒ္ဓဂယာမှာ ကျောင်းတက်နေတဲ့အဖွဲ့တဦး အစာအိမ်အချဉ်ပေါက်ပြီး အရေးပေါ် ခွဲစိပ်ခန်း ဝင်လိုက်ရတယ်ကြားရော တခြားနေရာမှာ ရောက်နေသူတွေက ဖုံးတွေဆက် ငွေတွေစုပြီး 3.10.09 နေ့မှာ ကားငှါးပြီး လှူလိုက်ရတယ်။ တဦးတယောက်တည်းအတွက် အဖွဲ့အစည်းဆိုတာ မလိုအပ် ပေမယ့် အများအတွက်ဆိုရင် လိုအပ်လာတယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်ကို နည်းနည်း လေးနဲ့ ကျဲကျဲဝိုင်းပြီး ကူညီလိုက်နိုင်ဆိုရင် တွေးကြည့်ရင် ကုသိုလ်တွေချည်းပါပဲ။

ပြောချင်တာက ကျန်းမာရေးအတွက်ရှေးရှုပြီး အဖွဲ့အစည်းတွေ ဖွဲ့ဖို့ပါပဲ။ နောက်ဆက်တွဲ မိမိတို့ရဲ့ အဖွဲ့အစည်းအင်အားရှိသလောက် စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ကိုယ့်နိုင်ငံကို ပြန်ပြီးတနည်းတဖုံနဲ့ ကျေးဇူး ပြုဖို့ပါပဲ။ အဖွဲ့အစည်းဆိုတာ အင်အားမညီရင် ခဏခဏကွဲတတ်လွန်းလို့ပါ။ အဖွဲ့အစည်းဟာ စဖွဲ့ကတည်း က သက်တမ်းရှည်ရင် ရှည်သလောက် ပိုပြီးတန်ဖိုးရှိတာပါ။

ထပ်ပြီး ပိုသေချာအောင် ပြောချင်ပါသေးတယ်။ အသက်ကြီးလို့ သို့မဟုတ် ငွေရှိလို့ ဒါမှမဟုတ် စည်းရုံး ရေးကောင်းလို့ဆိုတဲ့ အချက်အလက်မပါပဲ အများအတွက် ငါဘယ်လောက်လုပ်ပေး နိုင်လဲဆိုတဲ့ စိတ်ဓါတ်နဲ့ ခေါင်းဆောင်ကောင်းနေရာကို ယူစေချင်ပါတယ်။ ဒါဆိုရင် အားလုံး လှပနေမှာပါ။


Sunday, September 20, 2009

စာအုပ်စာပေ

ဒီနေ့မနက်ခင်း သူငယ်ချင်းတစ်ယောက်ဆီ အလည်ရောက်ဖြစ်လို့ စကားပြောရင်း သူ့စာအုပ်စင်ပေါ် မျက်စိက ရောက်သွားတော့ မဖတ်ရသေးတဲ့ စာအုပ်တစ်အုပ်ကိုတွေ့မိတယ်။ အပြန်တော့ ငှါးသွားမှပဲလို့ စိတ်ကူး လိုက် တယ်။ တကယ်လည်း ငှါးဖြစ်ခဲ့တယ်။ သူငယ်ချင်းကလည်း ခရီးသွားမှာဆိုတော့ ပစ္စည်းတွေ ထည့်နေရင်းက ယူသွားလေတဲ့။

နေ့လည်စားပြီး တနေကုန် ငှါးလာတဲ့စာအုပ်နဲ့ မိတ်ဖွဲ့ဖြစ်လိုက်တာ ညနေ(၇)နာရီမှ ဖတ်လို့ပြီးသွားတော့တယ်။ ကောင်းလွန်းတာကြောင့် တခါတည်း ပြီးအောင်ဖတ်ဖြစ်လိုက်တယ်။ သူ့အတွေ့အကြုံဆိုပေမယ့် လူတိုင်းရဲ့ အတွေ့အကြုံလိုမျိုး ဖြစ်နေတာဆိုတော့ ကိုယ့်ကိုယ်လာပြောနေသလို ဖတ်နေရင်းခံစားမိတယ်။

ဒေသတခုမှ ဒေသတခုဆီ အကူးအပြောင်းတိုင်း အရင်ရောက်နှင့်သူက နောက်ရောက်လာသူကို မယုံသင်္ကာ မျက်လုံးတွေ၊ အထင်သေး အမြင်သေးတဲ့ မျက်လုံးတွေ၊ နိုင်ထက်စီးနင်းစိတ်ဓါတ်တွေ လူတိုင်းခံစားနေရပါလား ဆိုတဲ့ အတွေးမျိုးရခဲ့။

ကိုယ်လုပ်သမျှ ကိုယ်ကြိုးစားသမျှ ကိုယ်အောင်မြင်လို့ အဆင်ပြေနေပြီရင် ကြုံလာတဲ့ အနှောက်အယှက်တွေ ဘယ်လိုဖြေရှင်း ဘယ်လိုနေထိုင် ဘယ်လိုခံယူ ဘယ်လိုဆက်ဆံ စသည့် သင်ခန်းစာတွေလည်း အဲ့ဒီစာအုပ်မှ ရခဲ့။

စာအုပ်နာမည်က “သံဝေဂလမ်း” တဲ့။
မျှဝေခံစားနိုင်အောင် တစ်ခန်းစီ တင်ထားမယ်လို့ စိတ်ကူးထားပါတယ်။



Saturday, September 19, 2009

နာမည်

သူရဲကောင်းမရှိတဲ့နေရာ
ဘာအဓိပ္ပါယ်ရှိမှာလဲတဲ့။

တစ်ချို့က
ဘဝဆိုတာ တိုက်ပွဲတဲ့။
ငါကတော့
ငါ့နာမည်တစ်လုံးအတွက် တိုက်ပွဲ ။

သူတို့အတွက်တော့
ငါဟာ
လမ်းပြဓူဝံကြယ်ပေါ့။

ဒါပေမယ့် ငါ့မှာ
ခုထက်ထိလေ
ငါ့နာမည်ကို
မယိုင်မလဲအောင်
(ထူးခတ်ထားတဲ့စိတ်ဓါတ်တွေနဲ့)
ထမ်းလိုက် ရွက်လိုက်နဲ့
လျှောက်လှမ်းနေဆဲ။

ဘာပဲဖြစ်ဖြစ်
င့ါနာမည်အတွက်
ငါဂုဏ်ယူတယ် ဟေ့။

ထပ်ပြောလိုက်မယ်
ငါ့နာမည်အတွက်
ငါ
ဂုဏ်
ယူ
တယ်
ဟေ့ ။

Monday, September 14, 2009

တွေးလက်စ နံနက်ခင်းအတွေးများ(၅)


ကနေ့မနက်တော့ စောစောထပြီး ပုံမှန်လုပ်နေကျ ကိစ္စများပြီးစီးလို့ ၈နာရီထိုးတာနဲ့ အိမ်ကထွက်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်နေမကောင်းဘူးဆိုလို့ သတင်းသွား မေးတာပါ။ နာလန်ထမှာ ထမင်းစားလိုက်တာ ပြန်ဖြစ်တာပါ။ အားနည်းတာက အသံ တောင်မထွက်နိုင်ဘူး။ ဟဲ ဟဲနဲ့ မောနေလိုက်တာများ။ ဒါနဲ့ ဆေးခန်းလိုက်ပို့ကျ၊ ဟို ရောက်တော့ ဆရာဝန်က ဆေးထိုးရမယ် ပြောလိုက်တော့ သူငယ်ချင်းမျက်နှာက ကြောက်သလိုဖြစ်တာ မြင်လိုက်ရတော့ တစ်ချိန်က ကျနော်ခံစားရသလိုပါလားလို့ လွန်ခဲ့သော ၅နှစ်လောက်ဆီက အဖြစ်အပျက်ကို ပြန်သတိရမိတယ်။

သီတင်းကျွတ်ပြီးလို့ ဆွေမျိုးများရှိရာ ရွာလေးသို့အလည်သွားဖြစ်ခဲ့တယ်။ ရောက်ရောက်ချင်း ဆွေမျိုး တွေနဲ့စကားပြောပြီး ရေချိုးလိုက်တဲ့အချိန်ကအကောင်းသား။ ရေချိုးပြီးတာနဲ့ ရေနွေးပူပူလေး မှုတ်သောက် လိုက်တော့ ချွေးတွေ တဒီးဒီးထွက်လို့ အဆင်ပြေလိုက်တာ။ နေ့လည်စာစားနေချိန် လေကတဟူးဟူး တိုက်လာရော။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဆက်စားနေလိုက်တယ်။ ထမင်းစားပြီးလို့ ခဏကြာတော့ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်လာရော။ ဖျားတော့မယ်ထင်တယ်ဆိုပြီး ရေနွေးနွေးပူပူနဲ့ ငန်းဆေးတခွက် သောက်လိုက်တယ်။ ဆေးကလည်း တည်းခိုတဲ့အိမ်ရဲ့ ခေါင်းရင်းကအိမ်က ဆေးဖေါ်ပြီးရောင်းတဲ့ဆေးပါ။ သက်သာသလိုရှိပေမယ့် ညနေခင်းရောက်တော့ အဖျားကတက်ပါလေရော။ ဆေးထပ်သောက်လိုက်တော့ သက်သာသွားတယ်။ ကံဆိုးချင်တော့ ညပိုင်းရွာလိုက်တဲ့မိုးဟာ မနက်ကျမှရပ်သွားတော့တယ်။ ၃နာရီ လောက်တော့ တစ်ခါထပ်ရွာပြန်ရော။ ၅နာရီထိုးလောက်တော့ အဖျားကပြန်တက်ပြန်တယ်။ ငှက်ဖျားဖြစ်ဖူး လေတော့ ငှက်ဖျားတော့ ပြန်ဖြစ်ပြီလို့တွေးလိုက်တယ်။

ဖျားနေတာ ၃ရက်ရှိပြီဆိုတော့ ရွာကဆွေမျိုးတွေက စိတ်ပူတာနဲ့ ရွာမှာရှိတဲ့ တပ်ထွက် ဆေးသမား သွားခေါ်တာ မအားတာနဲ့ သူ့သားလိုက်လာရော။ လိုက်လာတဲ့သူ့သားကတော့ တောအခေါ်အပ်ပုန်းဆေး သမားပေါ့။ သူ့အဖေမအားရင် ဒီလိုပဲ လိုက်ကုနေတာနဲ့တူပါတယ်။ ဆေးထိုးမယ်တဲ့၊ ခဏနေပါအုံးလို့ ကျနော်က ပြောလိုက်တယ်။ ဒါနဲ့ ငါ့ညီက အသက်ဘယ်လောက်ရှိပြီလဲလို့မေးလိုက်တော့ ၂၀တဲ့။ လုပ်နေ တာကြာပြီလားဆိုတော့ ၁နှစ်ခွဲလောက်ရှိပြီတဲ့။ ကျနော်လည်း အထက်ကပြောခဲ့တဲ့ သူငယ်ချင်းကြောက် သလို ဖြစ်သွားတယ်။ ငါ့ညီရာ ဆေးတော့မထိုးတော့ဘူးကွာ စားဆေးလေးပေးခဲ့ပါလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲတဲ့ ဆေးမထိုးဖြစ်တာ တော်တော်ကြာပြီဖြစ်လို့ပါ ငါ့ညီရာ။ သူက ဘာမှမဖြစ်ပါဘူး လို့ပြောပေ မယ့် စားဆေးပဲတောင်းလိုက်တယ်။ ဒါနဲ့ အဲ့ဒီဆေးဆရာလေးလည်း ပြန်သွားရော ဘာလို့ဆေးမထိုး တာလဲလို့ အဒေါ်တစ်ယောက်က မေးတယ်။ သမားဆိုတာ အိုမှတဲ့ ခုတော့ သူက ကျနော့်ထက်ငယ်နေ တာရယ် တစ်ခုခုဖြစ်မှာလည်းစိုးလို့ပါ လို့ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ အဖျားကမကျဘူး ပုံမှန်ကို ဖျားနေတော့ မြို့ပေါ်က အစိုးရ လက်မှတ်ရအပြင်ဆေးခန်းက ဆရာဝန်ဆီမှာ တက်ကု လိုက်တယ်။ ၂ရက်ဆက်ကုတော့ ဆေးရုံတက်လိုက်ပါလို့ ပြောတာနဲ့ ဆေးရုံတက် လိုက်ရတယ်။

ထမင်းနဲ့ဝေးနေတော့ အားကလည်းတော်တော်နည်းနေပြီ။ ဆေးရုံလည်းရောက်ရော ဆရာဝန်ကြီးက နည်းနည်းပါးပါးစမ်းသပ်ပြီးတာနဲ့ နပ်စ်မတွေကို ပုလင်းကြီးချိတ်လိုက်ပါတယ်တဲ့။ ဆေးနဲ့တဲ့ရင်ကောင်းမယ် မတဲ့ရင်သေမှာပဲတဲ့။ ဒီလိုကြားလိုက်ရတော့ သွားပြီနဲ့ထင်ပါတယ်ပေါ့။ အားငယ်ငယ်နဲ့ နပ်စ်မ ဆေးလာ ချိတ်တော့ “ဆရာမ ရှေ့ကလူတွေအကုန်ကောင်းသွားလား” လို့ မေးလိုက်ရော ၅ယောက်လောက်တော့ သေသွားတယ်တဲ့။ အင်း ကျနော်လည်း ဘုရားတရားသာ တ နေလိုက်ရတော့တယ်။ ဆုတောင်းတာလည်း အမောပေါ့။ ၅၀ ရာခိုင်နှုံးက လက်မှတ်ရနေပြီဆိုတော့လေ။

လက်မှတ်မရတဲ့သူရဲ့လက်ကြောင့်သေမှာကြောက်တာနဲ့ လက်မှတ်ရဆရာကို အားကိုးမိပါတယ် လက်မှတ်ရ ဆရာကြောင့်သေရတော့မယ်ထင်ပါတယ်လို့လည်း တွေးလိုက်မိတယ်။ တော်သေးတယ် ဆေးကတဲ့သွားလို့။ ကံကောင်းသွားတယ်ပေါ့။ အဲ့ဒီ ဆရာဝန်ကြီးဆုံးဖြတ်ချက်ကိုတော့ မသေခဲ့လို့ ကျေးဇူးတင်ခဲ့ရတယ်။ နောက် တစ်ခါဆိုရင်တော့ ထပ်မတွေးရဲတော့ပါဘူး။ မဖျားအောင်တော့ အမြဲသတိထားနေရမယ်လို့ ကျနော်ဆုံးဖြတ် လိုက်ပါတယ်။

ဒီနေ့ သူငယ်ချင်း ခံစားမိတာလည်း ကျနော်လိုပဲထင်ပါတယ်။

ဘဝမှာ ဘာမှအားမခံချက်မရှိတဲ့ နေရာမျိုးမှာရောက်နေရင်တော့ ဒီလိုပဲ ခံစားနေရအုံးမယ်ထင် ပါတယ်။
အားလုံးကျန်းမာကြပါစေ

Sunday, September 13, 2009

ငါတို့ပန်းတိုင်


အထပ်ထပ် ပြုံးထားတာတောင်
အပြုံးတွေက
ပုံတူ မကျချင်ဘူး
စိုးရိမ်မှုတွေ ဝါးမျိုထားလို့။

အကြိမ်ကြိမ် ပျော်ရွှင်ထားတာပဲ
ပျော်ရွှင်မှုတွေက
ထပ်တူ မကျချင်ဘူး
အားငယ်မှုတွေ သိပ်ထည့်ထားလို့။

အခါခါ မက်ခဲ့တာပေါ့
အိပ်မက်တွေက
ခုထိ အကောင်အထည် မရှိသေးဘူး
တားဆီးတွေ သိပ်များလွန်းလို့။

ရှေ့သို့
သူငယ်ချင်းရေ
မင်းရဲ့ အဲ့ဒီ အပြုံးတွေ
မင်းရဲ့ အဲ့ဒီ ပျော်ရွှင်ခြင်းတွေ
မင်းရဲ့ အဲ့ဒီ အိပ်မက်တွေ
ဆက်သွား သူငယ်ချင်း
ဆက်သွား...........