Monday, March 22, 2010

ဆိုရာဝယ် .............။


ဘဝဆက်တိုင်း
(ပြောကြည့်တာပါ)
သာသနာပြုပုဂ္ဂိုလ်
ဖြစ်လိုပါ၏။ 

ကိုယ့်ကိုယ်ကို
ဒိဋ္ဌိမဖြစ်သွားအောင်
အကြိမ်ကြိမ် သာသနာပြုနေရတာ
(ဘယ်သူမှ မသိ)  
အမောပါ... တကယ့်အမောပါ။

ကာယကံသာသနာပြုခြင်းဟာ
အကောင်းဆုံးပါ။
စကားလုံးမရှိ၊ ပြောစရာမရှိ၊
မရှိ
တကယ့်ကိုမရှိ။
နှစ်သက်ရင် အားလုံးဖြစ်
အသစ် .... အသစ်
မြင်သူ အသစ်
အဆန်းဖြစ်သူအတွက်။

ဝစီကံသာသနာပြုခြင်း
ဘုရားဟော ကျမ်းဂန်
အဋ္ဌကထာစသည်
အထွေထွေအပြားပြား
အငြင်းအခုံပြုလုပ်
ကြိုက်ခြင်း မကြိုက်ခြင်းရွေးချယ်
ဝိရောဓိတွေကို
အခမ်းအနားနဲ့ ဆုံးဖြတ်
မပြီးမချင်း သာသနာပြုကြ။
အားမကျဘူး။

ကဲ
မနောကံသာသနာပြုခြင်း
ဘယ်တရားနဲ့ ဆုံးဖြတ်မလဲ။
ခက်
ခက်
ခက်............။
(အရှိ  အသိတွေ မဝေခွဲနိုင်သရွေ့)

Sunday, March 21, 2010

ပန်းဝင်နေချင်သူများ


ကိုယ်ပစ်တဲ့ မြှား
ကိုယ့်ဆီပြန်လာတဲ့အချိန်မှာ
ပြေး ..... အားပါးတရ ပြေးပါ။
နေ့ရော ညပါ ပြေး
နောက်မဆုတ်တမ်း ပြေး။

လွတ်ချင်လို့ ပြေးတာဆိုပေမယ့်
လွတ်မှာ မဟုတ်ပါဘူး။
နေ့လည်းအရိပ်ထင်
ညမှာလည်း အရိပ်မြင်
တကယ်တော့
စိတ်အရိပ်မည်းက 
နောက်က တို့ တို့ ပေးနေတော့
ပြေးနေအုံးပေါ့။  

ပြေး ......
ပြေးသာပြေး .......
မြှောက်ပေးတာမဟုတ်ဘူး။

တကယ်တော့
ဝဋ်ဆိုတာ အဲ့ဒါပဲလို့ 
နာမည်မတပ်ချင်ဘူး။

ပြေး ......
ပြေးသာပြေး ...........။
သုသ်,သင်း ဆိုတဲ့ သောကြာဂြိုဟ်ထိ။
 (ဘေးက လက်ခုပ်တီးပေးနေတယ်)

Saturday, March 20, 2010

တန်ခူးရဲ့နောက်ကြည့်မှန်အလွမ်း


ငါ့ဘဝမှာ အနာအဆာပါရင်
ကျော်ဖတ်ပေးပါ။ 

မဖြစ်ချင်ခဲ့ပါဘူး
သူသူကိုယ်ကိုယ်လေ။
ဒီခံစားမှုကို မနက်ဖြန်ထိ
ဘဝဆုံးတဲ့အထိ ...........
ငါသိမ်းထားချင်တာပါ။

တကယ်ဆို
ဒီနှစ်မှာမှ
ပွဲတော်မဲ့ရတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
ဦးတန်ခူး နှောင်းတန်ခူး မရှိတော့တာလည်း ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုမျှော်လင့်မိ နေပေမယ့်
ပိုင်ဆိုင်ခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုတောင့်တနေမိပေမယ့်
ရယူခွင့်မရှိတဲ့သူဟာ ငါပါ။

ဒီနှစ်မှာမှ
သင်္ကြန်ကိုလွမ်းဆွတ်နေမိပေမယ့်
တွေ့ဆုံခွင့်မရှိတဲ့သူဟာ ငါပါ။ 

ငါခံစားနေရတာက
ဟိုး............အဝေးက
ဥသြတွန်သံ ငါမကြားချင်ဘူး။

အဲ့ဒီအချိန်ဆို
မိုးက ပိတောက်မျှော်
ပိတောက်က မိုးကိုတမ်းတ
ရာသီလွန် အိပ်မက်အလွမ်းကိုတော့
ငါ .........
တကယ် ...
တကယ်ပါ .....
မလွမ်းချင်တော့ပါဘူး။

Friday, March 19, 2010

လိုက်နာကျင့်သုံးဖြစ်သော ..........(၂)


 အစားအစာ
လူတိုင်းကင်းကွာလို့မရတာက အစားအစာပါပဲ။ ကျန်းမာရေးအတွက် စားမယ်ဆိုရင် မိမိစားဖူးတဲ့အစားအစာ ကပဲ အကောင်းဆုံးပါ။ မစားသေးဘူးတဲ့ စားနေကျမဟုတ်တဲ့ အစားအစာဆိုရင် ခန္ဓာကိုယ်အတွင်းက ဓါတ်ခံကို နိုင်အောင် များများစားဖို့အရေးကြီးပါတယ်။ ဖတ်ဖူးတဲ့ တိုင်းရင်းဆေးဆရာရဲ့အလိုကတော့ မိမိခန္ဓာကိုယ်နဲ့ ဘယ်လိုမှ မသင့်တဲ့အစားအစာတွေကတော့...........
မတဲ့စာ
အားနာစာ
နှမြောစာတွေ ရှောင်ဖြစ်အောင် ရှောင်နိုင်ရင် ကျန်းမာဖို့ ရောဂါမတိုးစေဖို့ သိပ်မပူရတော့ဘူးလို့ဆိုပါတယ်။ မိမိနဲ့မတဲ့သော အစားအစား ရှောင်ဖြစ်အောင် ရှောင်ပါ။
အားနာပြီး စားရမည့်အစားအစာရှောင်ပါ။
ထားတော့လည်းမကောင်းတော့တဲ့ နှမြောလွန်းတဲ့စိတ်နဲ့ စားမည့်အစားအစာလည်းရှောင်ပါ။ ဒါဆိုရင် အစား နဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့ပါဘူး။

ကျနော်တို့လူမျိုးက အကြွားလေးနဲ့ အစားအစာကို စားတတ်တဲ့အလေ့အကျင့်ရှိတယ်လေ။ သူများအရင် ရှားပါးတဲ့အစားအစာကို စားလိုက်ရရင်ပဲ မိမိခန္ဓာကိုယ်နဲ့ တည့် မတည့်မသိဘူး။ ကြွားလိုက်မယ်ဆိုတဲ့ စိတ်နဲ့ စားလိုက်တော့ ဒီလိုနဲ့ ရောဂါတွေ ဖြစ်လာကြရော။

မစားဖူးတဲ့အစားအစာကို စားရမယ်ဆိုရယ် ဝအောင်သာ စားလိုက်ပါ။ မစားနိုင်ရင်လည်း လုံးဝကို မစားပါနဲ့။ 

ရာသီဥတုနဲ့တွဲပြီး ပေါ်ထွက်လာတဲ့အစားအစာဟာ အကောင်းဆုံးအစားအစာပါ။ 

ပေါ်နေကျမဟုတ်ဘဲ ရာသီဥတုနဲ့ဆန့်ကျင်ပြီးပေါ်လာမယ်ဆိုရင် သတိထား၍  စားပါလေ။ 

ရာသီဥတုနဲ့အကြောင်းတရားကို စဉ်းစားပြီး အစားအစာတွေကို စားမယ်ဆိုရင် ဘုရားဟောတဲ့ ဥတုဘောဇန မ္ပိ ဥပနိဿယပစ္စယေန ပစ္စယော ဆိုတဲ့ တရားနဲ့ညီလေတော့ ကျန်းမာဖို့ သေချာပါပြီ။

Thursday, March 18, 2010

လူ့စည်းကမ်းနဲ့ သေမင်း


ဘဝတလျှောက်လုံး
အရင်းအနှီးနဲ့ ကြည့်ခဲ့ရတဲ့ပွဲ
ပြီးကိုမပြီးနိုင်သေးဘူး။
ကြာပြီပဲ

လက်

တစ်

လုံး

ခြား။ 


လှုပ်ရှား။ 

ခုတော့ 
ဇာတ်သိမ်းခန်းရဲ့နောက်ဆုံးအခန်း
မီးစာကုန် ဆီခန်း
မလွမပ ဒီပုစ ၦာ
အဖြေ ၁၉ မှာပဲ ပေါင်းဖြေတော့မယ်။  


Wednesday, March 17, 2010

လိုက်နာကျင့်သုံးဖြစ်သော .......(၁)


ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။ (ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ)

ဆေးပညာအကြောင်းသိလို့တော့မဟုတ်ပါ။ လေ့လာဖတ်မိသမျှကို လက်တွေ့ကျင့်သုံးဖြစ် အကျိုးများတာ တွေရှိတော့ အကြိုက်ချင်းမတူကြတဲ့လောကမှာ ဆေးမသောက်ရဘဲ အဆင်ပြေနိုင်မယ့် ကျန်းမာရေး လမ်း ညွှန်များအကြောင်း ပြောပြချင်တာပါ။ ပိုသော်နုတ် လိုသော်ဖြည့်ပြီး မိမိကျန်းမာရေးအတွက် တစိတ်တဒေ သ စာဖတ်သူများအကျိုးရဖို့ရည်ရွယ်ပြီး ပို့စ်တင်လိုက်တာပါ။

လူတစ်ယောက်အတွက် ကျန်းမာခြင်းသည် အကောင်းတကါ့အကောင်းဆုံး ဆုလာဘ်ပါ။ လူတိုင်းကြားဖူး နေကျ စကားလည်းဖြစ်ပါတယ်။ မကျန်းမာချင်တဲ့ လူဆိုတာ ဘယ်သူမှမရှိလောက်ပါဘူး။ ငယ်ငယ်ကတော့ ခဏ ခဏ နေမကောင်းဖြစ်ချင်တယ်။ ကိုယ်ကြိုက်တာ ပူဆာလို့ရတယ်လေ။ အရွယ်ကလေးရလာတော့ နေ မကောင်းဖြစ်မှာ မကျန်းမာဖြစ်မှာကို ကြောက်တတ်လာတယ်။ ငွေပြတ်တဲ့အချိန် နေမကောင်းဖြစ်မှာ ပိုလို့ တောင် ကြောက်ကြောက်နေတယ်။ တန်ခိုးအာဏာတွေ လုပ်တိုင်း ဖြစ်နေတဲ့အချိန်မှာ မကျန်းမာမှာကို ပို ကြောက်နေမယ်ထင်ပါတယ်။ အသက်ကိုလည်း သူများထက် ပိုရှည်ချင်ကြတာလေ။ 

ကျန်းမာဖို့ဆိုတာ ..........
ရာသီဥတုရယ်၊ အစားအသောက်ရယ်၊ စိတ်ချမ်းသာခြင်းကို ဖြစ်စေမယ့် ပုဂ္ဂိုလ် (သို့မဟုတ်) စိတ်အနှောက် အယှက်မပေးမယ့် ပတ်ဝန်းကျင်ရယ်၊ နေရာထိုင်ခင်းရယ်တွေဟာ အရေးကြီးတဲ့ အကြောင်းတရားတွေပါ။ 

ရာသီဥတုနဲ့အဆင်ပြေအောင် နေတတ်ရင်လည်း ကျန်းမာဖို့ အကြောင်းတစ်ရပ်ပါ။ တချို့က ရာသီ ဥတုနဲ့ ဆန့်ကျင်ပြီး နေကျတော့ နေမကောင်း ထိုင်မကောင်းဖြစ်လာရော။ ပူတဲ့ရာသီမှာ မပူအောင် နေတတ်ကြ တယ်လေ။ သူသူကိုယ်ကိုပါပဲ။ 

အဲယားကွန်းတတ်နိုင်တဲ့သူက မပူအောင် ကာကွယ်ကြတယ်။ အမြဲ တမ်းနေနိုင်ရင်တော့မဆိုးပါဘူး။ အပူထဲ ထွက်လိုက် အအေးခန်းထဲ ပြန်ဝင်လိုက်နဲ့ ကြာတော့ ခန္ဓာကိုယ်ထဲက အပူတွေက အရင်ဆုံး မျက်လုံးကို ထိ ခိုက်ရော။ ရန်ကုန်မြို့တော်ကြီးမှာ တွေ့ရတာက ခုနောက်ပိုင်း အတော်အများများ တတ်နိုင်တဲ့ကလေးလေး တွေ မျက်မှန်လေး တဝင်းဝင်းနဲ့။ ကျောင်းစာတွေလုပ်ရတာလည်း ပါတာပေါ့လေ။ မိဘတွေက ရာသီဥတုနဲ့ အလိုက်အထိုက်မနေတတ်တော့ ဘာမှမသိသေးတဲ့ ကလေးလေးတွေမှာ သနားစရာပါ။

ကိုယ်ရောက်နေတဲ့ အရပ်ဒေသမှာ ရာသီဥတုနဲ့ အတိုက်အခံမလုပ်မိပါစေနဲ့။ ဒါဆို နေကောင်းပြီ ကျန်းမာပြီ လို့ တစိပ်တဒေသ အားဖြင့် မှတ်ယူထားပါ။ 

ရွာက ဦးကုလားဆိုတဲ့အဖိုးကြီးရဲ့ ကျန်းမာရေးလမ်းညွှန်ချက်က ဒီလိုပါ။ သူက နွေရာသီဆိုရင် စောင်ပါးပါး ကို  ခေါင်းခြုံပြီး နေ့လည်နေ့ခင်း တရေးတမောအိပ်လေ့ရှိတယ်။ အိပ်ရာက နိုးပြီဆိုရင် ရေနွေးပူပူကို မှုတ် သောက်နေတော့တာပါ။ တရုပ်ကြီးတစ်ယောက်ပြောသလို နီတို့ ဗမာတွေ ရေနွေးပူပူသောက်ပြီး ဒီနေ့ အိုက် ပြုတ်ပြုတ်ကြီးနဲ့ မိုးရွာမလားမသိဘူးလို့ ပြောတယ်။ နွေရာသီ ရေနွေးသောက်မှတော့ ဟင်း..........။ 


သူက ကျနော်တို့ငယ်ငယ်က အပျော်အပျက် အော်အော်နေတဲ့စကားလေးကို ပြောပြတယ်။ 
အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
ချမ်းရင် ရေချိုး နှင်းတောတိုး။
မောရင် တောင်တက် ကျောက်ခဲရွက် ဆိုတာလေး သိပြီးသားဖြစ်မှာပါ။ 


အိုက်ရင် စောင်ခြုံ မီးကိုလှုံ။
 ဒါဟာနယ်နယ်ရရစကားမဟုတ်ဘူးတဲ့။ ကျန်းမာအောင် နေတတ်ဖို့ လမ်းညွှန်တဲ့။ ခန္ဓာကိုယ် အပြင်မှာပူနေ ရင် အတွင်းမှာ အေးနေတယ်တဲ့။ အပြင်မှာပူနေရင် ချွေးစို့အောင် နေတတ်ရတယ်၊ ခန္ဓာကိုယ်ထဲက အအေး ဓါတ်ကို ရေနွေးပူနဲ့လှမ်းလှမ်းစရတယ်၊ ဒါမှ ချွေးစို့ပြီး နေလို့လည်းကောင်းတာ။


ချမ်းရင် ရေချိုး နှင်းတောတိုး။
ရာသီဥတုက အေးနေရင် ခန္ဓာကိုယ်ရဲ့အပြင်မှာ အေးနေပြီး အတွင်းထဲမှာ ပူနေတယ်။ ချမ်းလို့ ရေမချိုးရင် ကြာတော့ ရေအေးအေးလေးထိလိုက်ရင် ဟပ်ချိုး ဟပ်ချိုးနဲ့ ဖြစ်လာလိမ်မယ်တဲ့။ ချမ်းလို့ ရေချိုးတဲ့အခါ ခန္ဓာ ကိုယ်အောက်ပိုင်းကနေ ရေလေးနဲ့ပွတ်ပေး။ အဲ့ဒီကနေ အထက်ပိုင်းကို တဖြည်းဖြည်းပွတ်ပေးလိုက်ရင် နွေး လာလိမ့်မယ်။ အငွေ့တွေထွက်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ချိုးပေတော့။ ဆောင်းတွင်းမှာ ရေအေး သောက်။ အထဲကအပူကို ရေအေးနဲ့ တွေ့ထိပေးတော့ ဓါတ်က မျှတသွားတော့ နေလို့ထိုင်လို့ကောင်းသွား တာပဲတဲ့။


မောရင် တောင်တက် ကျောက်ခဲရွက်။

ဘာလေးလုပ်လိုက် လုပ်လိုက်ရင် အမောမြန်နေရင် မောတာနှေးသွားအောင် လမ်းများများလျှောက်၊ တောင်တက် လေ့ကျင့်ခန်းများများလုပ်ပေးဖို့ ပြောတာတဲ့။ အမောမြန်တာကို မြန်နေတဲ့အတိုင်း ထားထား ရင် ကြာတော့ ရောဂါရလာရော။ နာတာရှည်ဖြစ်လာရောတဲ့။ ဒါတွေဟာ ကျနော် လိုက်နာကျင့်သုံးနေတဲ့ ကျန်းမာရေးလမ်းညွှန်များပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ စိစစ်၍ ကျင့်သုံးကြပါကုန်။
ဆက်လက်ရေးပါအုံးမယ်။

Monday, March 15, 2010

အဝေးက ကဗျာရွတ်ဖတ်သံ


သစ်မယ်ဆိုရင် သစ်ချင်တိုင်း 
သစ်ဆန်းကြလော့။
အဟောင်းကိုတော့
အသစ်မလုပ်မိစေနဲ့။

လွမ်းမယ်ဆို လွမ်းချင်တိုင်း
လွမ်းနေကြလော့။
အပြစ်ကိုတော့
အလွမ်းလို့ မလုပ်မိစေနဲ့။

ချစ်မယ်ဆို ချစ်ချင်တိုင်း
ချစ်မြဲ ချစ်ကြလော့။
ဘေးဖြစ်မှာကိုတော့
အချစ်လို့ မလုပ်မိစေနဲ့။

တကယ်တော့
ကမ္ဘာမြေကြီးက
မင်းယူနိုင်လို့ မင်းယူသွားတာ
အပြစ်ပြောနေမှာ မဟုတ်ပါဘူး။
ဘယ်အတိုင်းအတာထိ ယူနိုင်မှာလဲ...
လဲ ............
လဲ ............
လဲ ...........။

မင်းယူသွားတယ်ဆိုတာ
မင်းသိက္ခာတွေထားခဲ့ရတာပါ။

သမိုင်းဝင်ခြင်း
သမိုင်းတွင်ခြင်းဆိုတာ
မင်းသိက္ခာတရားအတွက်
မင်းဘယ်လောက်ထိန်းထားခဲ့သလဲဆိုတာ
ငါတို့ မင်းစာမျက်နှာတွေ
တခမ်းတနား ဖတ်ချင်စမ်းပ။

မွေးနေ့ဆိုတာက
မှတ်မှတ်ရရ
နောင် မွေးနေ့ဆီသို့ပေါ့။


ရည်ညွှန်း။     ။ မနက်ဖြန်မှာ ကျရောက်မယ့် ရှင်လေးမော်မွေးနေ့သို့