Saturday, March 13, 2010

တန်ခူးလွန်မယ့် သင်္ကြန်


အတာတန်ခူးက
သူ့လမှာ ဒီနှစ်သင်္ကြန်မဲ့သွားလို့
နှစ်ကုန်အောင်အလွမ်းသည်(သယ်)လိမ့်မယ်တဲ့။

ပန်းပိတောက်က
မိုးမမိဘဲနဲ့တော့
ဟန်ဆောင်အပြုံးနဲ့
နှာမစေးတတ်ဘူးတဲ့။
မင်းလက်သီးပြင်းပြင်းတွေ
ငါ့ပါးလျှလျှကို မထိမချင်း
ရွှေအိုရောင်တွေနဲ့
“အား” လို့ ငါမအော်ချင်ဘူး။

(ဆန္ဒစောသူတို့ရဲ့)
ရှိသမျှရေတွေ
ရေလောင်းပြီး ပွင့်စေချင်တာ
အားနာပေမယ့်
သေတောင် မပွင့်ပေးဘူး။
မိုးမျှော်တာ ရေမျှော်တာမဟုတ်
ငါ့သိက္ခာ ငါ့မူကိုတော့
ဆုပ်ထားတဲ့လက်သီးအတိုင်း
နေဝင်သွားလည်း နောင်တမရဘူး။

သစ္စာမဲ့သူလို့ ထင်ချင်လည်းထင်ကြ
ပန်းမပွင့်လည်း
နာမည်ပျောက်မသွားဘူး။

လလွန်သွားပေမယ့်
မိုးမိတဲ့နေ့
သင်္ကြန်အမီတော့ နှာစေးပါ့ရစေ။
 

Wednesday, March 10, 2010

စိတ်တူ ကိုယ်တူ

အဲ့ဒီ နေ့လည်ခင်းပေါ့
မျက်နှာစုံညီနဲ့ တွေ့ခဲ့ခြင်းပါ။
အပူတွေလည်း မပါ
အယူတွေလည်း မပါ
ဘယ်လောက် ခမ်းခမ်းနားနားရှိသလဲဆိုတာ
ရင်ဘတ်တွေကို ဇစ်ဆွဲပြီး 
ဖွင့်ကြည့်စရာ မလိုဘူး
မျက်နှာချင်းဆိုင် အပြစ်ပြောလို့ရတဲ့
ရင်းနှီးမှုများ။

အသေအချာပါပဲ
နောက်နေ့လည်း ဒီရင်ဘတ်နဲ့
ဒီခံစားမှုပဲဆိုတာ။
 
သူသူကိုယ်ကိုယ်တော့
သူ့ရင်ဘတ် ကိုယ်ဖတ်
ကိုယ့်ရင်ဘတ် သူဖတ်
ရှိခဲ့ဖူးမှာပါ။ 
အစွန်းအထင်းတွေနဲ့အတူ
ဘာပြောမှာလဲ 
ရင်ဘတ်ကို ရင်ဘတ်နဲ့ ဖတ်ခဲ့မယ်ဆိုရင်ပေါ့။

ရင်ဘတ်တွေ ငါ့ရင်ဘတ်မှာ နားခိုဖို့
မတောင်းဆိုဘူး
ရိုးရိုးသားသားနဲ့
ရင်ဘတ်ချင်း နားခိုတတ်ဖို့ပါပဲ။ 
အဝေးကြီး မဟုတ်ပါဘူး
နီးနီးလေး ရှိနေတတ်မယ်ဆိုရင်ပေါ့။

တကယ်ပဲ 
တယုတယ လွမ်းတယ်။


ရည်ညွန်း။ ။ ရင်ဘတ်ချင်း နီးတတ်လွန်းတဲ့ သူငယ်ချင်းများသို့

Monday, March 8, 2010

စီရင်ချက်များ၏ နောက်ကွယ်

 

အကြားရော အမြင်တွေမှာပါ
ဝင်လိုက် ထွက်လိုက်နဲ့
ဖြစ်ပျက်နေလိုက်ကြတာ
တကယ်
တရားကျစရာ ကောင်းပေါ့။

ကိုယ့်တရား ကိုယ့်စီရင်ချက်တွေနဲ့အတူ
ရောင့်ရဲခြင်း မရှိသရွေ့
လိုချင်မှုတွေ အားကြီးလွန်းသူ
ကြည့်...........
လောဘထောင်မှာ။

တစ်ဦးအပေါ်တစ်ဦးက
ချစ်ခြင်းတွေ မလွှမ်းခြုံထားသရွေ့
ရက်ရက်စက်စက် အမျက်ကြီးလွန်းသူ
ကြည့်............
ဒေါသထောင်မှာ။

 ကိုယ့်ကိုယ်ကို
နှိမ့်ချခြင်းတွေ မရှိသေးသရွေ့ပေါ့
သူဘာလဲ ငါဘာလဲဆိုပြီး
မာန်ထောင်မှုတွေ များသူ
ကြည့်...........
မာနထောင်မှာ။

သူတစ်ပါး ကြီးပွားချမ်းသာမှုကို 
ဝမ်းမြောက်ဝမ်းသာမဖြစ်သေးသရွေ့
သူတစ်ပါးကြိုးစားမှုကို
မရှုစိမ့်ဖြစ်လွန်းသူ
ကြည့်..............
ငြူစူခြင်း ထောင်မှာ။

အမှား အမှန်တွေ မဝေဘန်တတ်
အစစ် အတုများ မခွဲခြားတတ်
အပ္ပမာဒတရားတွေ မထားနိုင်သရွေ့
တွေဝေလွန်းသူအတွက်
မောဟထောင်မှာ။

အကျဉ်းထောင်ထဲမှာ
ကိုယ့်တံဆိပ် ကိုယ်တပ်
ကိုယ့်တရား ကိုယ်စီရင်ပြီး
ကိုယ့်ကိုယ်ကို
ထောင် မကျပါစေနဲ့။


စိတ်ညစ်လို့ ရေးမိတဲ့ စိတ်ညစ်ခြင်းအကြောင်း

 

(၁)
မနက်မိုးလင်းလင်းချင်း
အဆုံးအမတွေ အပေးခံရ။
အိပ်ချင်မူးတူးနဲ့
ကဲ မှတ်လိုက မှတ်ကြ
ဒါ စာအုပ်ထဲ မပါသေးတဲ့
အဆုံးအမတွေ
အချင်းချင်း လေးစားရမယ့်
စည်းကမ်းတွေ
တွေ
တွေ
တွေ။

(၂)
မီးတွေဘာလို့ ပိတ်ထားတာလဲ?
ဒီမှာ အိပ်လို့မရဘူး။
မျက်လုံးပိတ် အိပ်နေပြီး
မီးပျက်နေတာ သူမသိဘူး။

(၃)
စိတ်ညစ်ညစ်နဲ့
ထိုင်ညစ်နေတာ
နှစ်နေတောင် ဝင်သွားတယ်။
ကဲ ဘယ်သူ ညစ်အုံးမလဲ။
စိတ် ညစ်တာမကောင်းဘူး။

(၄)
အင်ကြင်းပန်းတုံးတော့မှ
အင်ကြင်းတောထဲဝင်ပြီး
အင်ကြင်းပန်းတွေ မတွေ့တာခက်တယ်။
စိတ် ညစ်တာများ
တကယ်တော့
ပန်းတွေမလိုပါဘူး။

(၅)
“ မှတ်ချက်”
မနက်ဖြန် ညစ် မညစ်ဆိုတာတော့
စိတ်နဲ့တိုင်ပင်လိုက်ပါအုံးမယ်။


Friday, March 5, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၃)

ဆန်းသလားဆိုတော့ မဆန်းပါဘူး အဖေ။ 
သားတစ်ယောက်က အဖေကို ချစ်တာရယ် အဖေက သား တစ်ယောက်ကို ချစ်တာက ဘာဆန်းတာမှတ်လို့။ ချစ်ခြင်းတရားအတွက် မှတ်တမ်းမှတ်ရာတွေထားမယ်ဆိုရင် လောကကြီး ဘယ်လောက်ထိ ကြည်နူးစရာ ကောင်းလိုက်မလဲ။ 

ကျနော်တွေးကြည့်တာပါ။ ပေါင်းခြင်း နုတ်ခြင်းတွေမှာ ချဉ်းကပ်မှုလွဲနေသေးရင်တော့ အဖြေတွေ ကြက်ခြေခတ်တွေနဲ့ အလုပ်များနေအုံးမှာပါ။ အရေးကြီးတာက ဘယ်လိုအနေအထား ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် ချစ်နေဖို့ပဲ မဟုတ်လား အဖေ။ အတိုက်အခံမရှိတဲ့ အဖေနဲ့ကျနော် ချစ်ခြင်းတရားဟာ ဘယ်သူ့ကိုမှ အစွန်းမရောက်စေပါဘူး။ 

လူတစ်ဦးတစ်ယောက် ပျော်နေရင် မြင်ရသူမှာ ဝမ်းမနည်းရလို့ စိတ်မကောင်းဖြစ်မယ့်သူ တစ်ယောက်မှ မရှိလောက်ပါဘူး။ မချစ်တတ်သူက လွဲရင်ပေါ့ ။ 

ခုတော့ အဖေ ဘယ်လောက်ပျော်နေမှန်း ကျနော် အသိမ်းအဆည်းတွေ မထုပ်ပိုးထားချင်ပါဘူးအဖေ။ မရှိမဖြစ် အနေအထားမဟုတ်ပေမယ့် အဖေ့အတွက် တစ်ယောက်မရှိ တစ်ဦးတော့ အနေနီးသင့်တယ်လေ။ 

ညဦးပိုင်း ကြယ်မစုံတောင် မနက်မိုးလင်းရင် သောက်ရှူးကြယ်တော့ ကြည့်ချင်ကြသေးတာကိုး။ ကျနော် သောက်ရှူးကြယ်မဟုတ်တာတော့ သေချာတယ် အဖေ။ အဖေနဲ့ကျနော်က တောင်နဲ့မြောက် နေနေကြတာ ကိုး။ အဖေ အကို့ကို အားကိုး အားထားပြုတာ အဖေမှန်ပါတယ်။ အနီးဆုံးမှာ ရှိနေခြင်းဟာ ချစ်ခြင်းတရား အတွက် အန္တရာယ်မရှိလောက်ပါဘူး။ အဲ့ဒါတွေက အဖေနဲ့အကိုတို့ရဲ့ နီးစပ်မှု ၁၉၉၀-၁၉၉၂ ခုနှစ်တွေပေါ့။ 

အဖေဘယ်လောက်ပျော်မယ် အကိုဘယ်လောက်ပျော်မယ်ဆိုတာ အဖေ့ဘက်က ကျနော်ရှိနေပြီးသားပါ။ အဖေနဲ့ဆွေမျိုးတွေကို အနေနီးလာလေတော့ အကို့စိတ်တွေ အကိုမက်ထားတဲ့အိပ်မက်တွေကနေ ထွက်ခွါဖို့ နှလုံးသားက မီးစိမ်းပြလိုက်ပြီ ထင်ပ။ အကို သူ့ဝန်းကျင်ကို လက်ရမ်းနှုတ်ဆက်ခွင့်ရအောင် ကြိုးစား လိုက်ပေမယ့် ကျနော်နဲ့ လျှပ်တစ်ပျက်တွေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။

အဖေ ဘာမှမသိလိုက်ဘူးနော်။ အဖေသိတာက.................င့ါသားတွေ ငါ့အနီးမှာ လာနေကြမှာပဲလို့။ ဒါပေမယ့် အဖေ................။

Thursday, March 4, 2010

အကိုရယ် အဖေရယ် ကျနော်ရယ်(၂)

ထပ်ပြောချင်တယ် အဖေ။
ကျနော် အဖေ့ကို ချစ်တာပဲ သိတာပါ။
အကိုကလည်း ချစ်နေမှာပါပဲ။ မလာနိုင်တာက လွဲလို့ပေါ့။ အဖေ့အနေနဲ့ အကို့ကို လွမ်းမယ်ဆိုလည်း တကယ့်ကို လွမ်းနေစရာပါ။ အကိုက ကျနော်နဲ့မတွေ့တာ ဆယ်စုနှစ်ကျော်ရောပေါ့။ အကိုနဲ့ ကျနော် နောက် ဆုံးတွေ့တာက ၁၉၉၃ခုနှစ်ကလေ။ အဖေ အကို့ကို တွေ့ချင်တာ ကျနော်ကိုယ်ချင်းစာလို့ရပါတယ်။ အကိုက အဖေ့ဆီ ပြန်မှ ပြန်မလာတာကိုး။ အကို့ကိုလည်း ကျနော်နားလည်ပေးထားတယ်လေ။ စိတ်ချင်းသာ နီးနိုင် ပေမယ့် အနေအထားတွေက မျက်နှာချင်းတွေ့ဖို့ဆိုတာ အကို့အနေနဲ့ အဖေ့ဆီပြန်လာရင် လမ်းခုလတ်က နေ ပြန်လှည့် ရမယ့်အနေအထားပါ။ 

အကို အရင်နေခွင့်ရတာက ရှမ်းပြည်တောင်ပိုင်းထဲက မြို့လေးတစ်မြို့။ အဖေနေတဲ့အရပ်နဲ့ဆို ခေတ် အနေအထားအရ တွေ့ဖို့ဆိုတာ တော်တော်ခက်တဲ့အချိန်ပါ။ ဒါလည်း ကျနော်က နောက်မှသိရတာပါ။ အဖေကြိုးစားပမ်းစားနဲ့ အကို့ဆီ အဖေသွားခဲ့သေးတယ်လေ။ သားသမီးအပေါ် အဖေဘယ်လောက် ချစ်တယ်ဆိုတာ ကျနော်အဝေးကနေ အနေနီးနေရတာပါ။ အကိုနဲ့ အဖေတို့က သံယောဇဉ်တွေကို အိတ် ကပ်ပြန်ငဲ့နေရတဲ့အခြေအနေပါ။ ဆိုတော့ အကိုနဲ့အဖေတို့ရဲ့ ချစ်ခြင်းတွေ ဘယ်လောက်ထိ ဆွဲဆန့်နိုင် မှာလဲ။

ကျနော် ရန်ကုန်ရောက်တော့ အကိုက စာရေးတယ်လေ။ ညီလေးရေ ၁၀တန်းအောင်အောင် ကြိုးစား ကွာတဲ့။ အကို ဆက်ဆံနေရတဲ့ ခံစားနေရတဲ့လမ်းကြောင်း အကိုပဲ သိမှာပါ။ အကို့ဆန္ဒကို ကျနော် မဖြည့် ဆည်းပေးနိုင်ပေးဘူးလေ။ အကိုနဲ့အဖေတွေ့ဖို့ ခက်ခဲတဲ့ ဖြစ်စဉ်တွေထဲမှာ အကိုနဲ့ကျနော် တွေ့ဖို့ဆိုတာ ဘယ်လောက် အလှမ်းကွာတယ်ဆိုတာ ကံကိုပဲ မကောင်းဆိုးဝါးအဖြစ် မြင်ခဲ့ရတာပါ။ လူငယ်ဆိုတာ အားကိုးမှားသွားရင် တသက်လုံး စွဲမိစွဲ ဆွဲတတ်တာလေ။ ငယ်ငယ်က ကျနော့်ကိုစူးထားတဲ့ဆူးတွေ ခုထိ ကျနော်ဆွဲမနှုတ်နိုင်သေးဘူး။ ကျနော် ဘယ့်သူကို အပြစ်ဆိုရမှာလဲ။ ဆွေမျိုး ချစ်တဲ့ အဖေ့ရဲ့သွေးတွေ ခုထိ ကျနော့်မှာ စီးဆင်းနေဆဲလေ။ 

ဘာတတ်နိုင်မှာလဲဆိုတဲ့ ဖြည့်တွေးနှစ်သိမ့်မှုကလွဲလို့ တခြားဖြေနည်းရှိရင် ဖြေဆည်လိုက်ချင်ပါသေးတယ်။ အဖေ စိတ်ချမ်းသာဖို့အတွက် ငယ်ရွယ်သူကျနော့်အတွက် မဖြည့်ဆည်းနိုင်တာကိုဘဲ ပြန်တွေးရင် ခုထိ စိတ် မကောင်းနိုင်ဘူးအဖေရယ်။ မှန်သောစကားကို သစ္စာဆိုဖို့ မလိုပါဘူး။

အဲ့ဒီနှစ်ကတော့ အကိုနဲ့ပတ်သက်ပြီး အဖေ စိတ်ချမ်းသာသွားတဲ့နှစ်လို့ ကျနော်ထင်ခဲ့တယ်လေ။ အကိုက အဖေနဲ့နီးတဲ့နေရာကို ပြောင်းခွင့်ရခဲ့တယ်။ နေ့ချင်းပြန်သွားလို့ရတဲ့ သံယောဇဉ်လမ်းတွေပါ။

အဲ့ဒီတုန်းက ပျော်နေတဲ့အဖေ့မျက်နှာကို ကျနော်ကြည့်လိုက်ချင်သားပေါ့ အဖေ။ ဒါပေမယ့် ကျနော်က ဟိုး...အဝေးမှာကိုး။

အဖေ့မေတ္တာကို နားလည်တဲ့ကျနော် အဖေ့ကို ချစ်နေတာ အဆန်းလား။

Tuesday, March 2, 2010

အကိုရယ် အဖေရယ် ကျနော်ရယ် (၁)

ခံစားမှုဆိုတာ လူတိုင်း သူသူကိုယ်ကိုယ် ခံစားရတာခြင်းတူမှာမဟုတ်ပါဘူး။ ပြောရရင် တဦးနဲ့တဦးက ဦးတည်ချက်ခြင်းမတူတော့လည်း ခံစားရခြင်း တူမှာမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်ကို သူတပါး နားလည်ဖို့ ဆိုတာ ဘယ်လိုမှ လွယ်တဲ့အရာမဟုတ်ဘူးလေ။ ကိုယ့်ခံစားချက်က သူတပါးအနေအထားနဲ့ တွက်ရင် သူ့အတွက် အသေးအမွှား ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီလိုဆို ကျနော် ခံစားမိတာတွေ ဖတ်မိသူများနဲ့ သဘော ထားတိုက်ဆိုင်ချင်မှ တိုင်ဆိုင်မှာပါ။ ဒီအတွက် လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ တကယ်တော့ လူတိုင်းမှာ ခံစားချက်ခြင်း မတူကြဘူးလေ။ အရာအားလုံးပေါ့။ 

ကျနော် ဒီပို့စ် ရေးဖို့အတွက် ဖတ်သူအတွက် တစ်ခုခုတော့ ရစေချင်တာ အမှန်ပဲ။ ခံစားမှုတွေဟာ တခါတရံ နားလည်မှုရဲ့ ကိုယ်စားဝင်လာတာလားလို့ ထင်မိပါတယ်။ မခံစားမိပေမယ့် နားလည်တာ ရှိသလို နားလည် ပေမယ့် မခံစားရတာတွေ ဒုနဲ့ဒေး တွေ့ဖူးလို့ပါ။ 

ကျနော့် ခံစားမှုက အဖေနဲ့ ပတ်သက်တာပါ။ အဖေကတော့ အသက်တွေ ထမ်းထားရတွေ များလာလို့ထင်ပါ့ မှတ်ဉာဏ်တွေနည်းသွားတာလား မသိဘူး။ အတိတ်တွေကို အတိတ်တွေအတိုင်းပဲ ထားလိုက်တာလား။ ဘာမှမထူးတော့လို့ ထားလိုက်တာလားတော့ ကျနော် မသိဘူး။ ဒါလည်း အဖေပဲ သိမှာပါ။ အဖေကတော့ ကျနော့်ရဲ့ အတိတ်က ပုံရိပ်တွေကို အဖေဆီမှာ မရှိတော့ဘူးလေ။ စိတ်မကောင်းဖြစ်တာတော့မဟုတ်ဘူး။ တာဝန်မကျေတဲ့ သားတစ်ယောက်လို့တော့ ဝမ်းနည်းမိတာပါ။ 

ဒီတစ်ခေါက် အဖေနဲ့တွေ့တော့ အဖေက အဖေပါပဲ။ ဇရာတွေကို မခုခံနိုင်တာက လွဲလို့ပေါ့။ 
တခါတရံ နီးခြင်းတွေဟာ ဝေးခြင်းတွေ ဖြစ်သွားတတ်တယ်။ ဝေးခြင်းတွေဟာ နီးခြင်းဖြစ်သွားတတ်တယ် ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူးဆိုတာ ကျနော် သိလိုက်ရပါတယ်။  အဖေ့စိတ်ထဲမှာ အကို့ကို တွေ့ချင်နေတဲ့စိတ်ကိုပါ။

အဖေက ကျနော်နဲ့တွေ့တော့ အဝေးက ကျနော့်အကို့ကို သိပ်တွေ့ချင်တဲ့ ခံစားမှုတွေကို အဖေ့မျက်နှာ ပေါ်မှာ ကျနော် အဖေနဲ့တွေ့တိုင်း ဖတ်နေရတယ်။ ဘာပဲပြောပြော အဖေကတော့ သူ့သားကြီးကို အားကိုး တာ နေမှာပါ။ အားကိုးမယ်ဆို ဒီအနေအထားက အားကိုးထိုက်တဲ့ အနေအထားပါ။ အကိုဘက်က အမြဲတမ်း အိမ်ပြန်နောက်ကျတဲ့သူ တစ်ယောက်ပါ။ ဒါလည်း အဖေက နားလည်ပေးထားတယ်။ ဘယ်သူမှ အပြစ်မရှိတဲ့ အနေအထားပါ။ မိဘတိုင်းရဲ့ ဆန္ဒပဲလို့ နားလည်မိပါတယ်။ အကိုက လက်ညှိုးကွေးတဲ့ ဌာနမှာ လုပ်တာဆိုတော့ အကို့အတွက် အဖေ့အိမ်ပြန်ရမှာကို ဘယ်လိုမှ လက်ညှိုးမဖြောင့်နိုင်ဘူးလေ။

ကျနော့်ဘဝထဲက အကိုထွက်သွားတော့ ကျနော်ငယ်ငယ်လေးရှိသေးတာကိုး။ဒါလည်း အကိုကြိုက်တာ နှစ် သက်တာ အကိုရွေးချယ်လိုက်တာကိုး။ အကိုရဲ့သိက္ခာကို သူပဲ ထိန်းမှာပေါ့၊ သူပဲ ဆယ်မှာပေါ့။ ကျနော့် အနေနဲ့ အကို့အတွက် ဂုဏ်ယူနေဖို့က လွဲလို့ တစ်ခြားမရှိပါဘူး။ ညီတစ်ယောက်အနေနဲ့ အကိုဟာ ရှေ့သွား လည်း ဟုတ်၊ နမူနာယူစရာလည်းဟုတ်ဆိုတော့ ကျနော်သိတတ်တဲ့အချိန်က နားလည်လိုက်တဲ့ ခံစားမှုပါ။

ကျနော်သိတာက ကျနော် အဖေ့ကို ချစ်တာတစ်ခုတည်းပါ။