Saturday, February 20, 2010

မျှော်လုလု မော

လျှောက်နိုင်လို့ လှမ်းတာ
အမေ မတားလိုပါဘူးကွယ်။
ညနေစာ ထမင်းဝိုင်းလေးသို့
အမီ ပြန်လာစေချင်ပါတယ် သားရယ်။
အမေတို့ ထမင်းဝိုင်း
နွေးနွေးထွေးထွေးရှိလွန်းလှလို့။

စကားပြောနိုင်လို့ ပြောတာ
အမေ မပြောလိုပါဘူးနော်။
အိပ်ရာဝင် စကားဝိုင်းကိုတော့
လာနားထောင်စေချင်တယ် သားရယ်။
အမေတို့ စကားဝိုင်း
ပျော်ရွှင်ဖွယ် ကောင်းလွန်းလှလို့။

တကယ်တော့ သားရယ်
မိအို ဖအိုဆိုတာ
ဝေးဝေးလည်း မလှမ်းနိုင်ဘူး။
များများလည်း မပြောနိုင်ပါဘူး။
သိတတ်တဲ့
အမေ့သား
အိမ် .....
အိမ်အပြန်
နောက်မကျစေနဲ့နော်။

(မျှော်တတ်လွန်းလို့ စောင့်နေတတ်တဲ့ မိအို ဖအိုများသို့)

Friday, February 19, 2010

သူငယ်ချင်းပြောပြတဲ့ ငူငှက်များပုံပြင်


သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ ငူငှက်လေးများအကြောင်းပါ။
အားလုံးသိပြီးသား ဖြစ်ကောင်းဖြစ်နေမှာပေါ့လေ။ ငူငှက်လေးတွေဟာ အုပ်စုလိုက်နေတတ်ကြတယ်တဲ့။ နားရင်လည်း အုပ်စုလိုက်နားလေ့ရှိပြီး သစ်ပင်မြင့်မြင့်တွေ မှာနားလေ့ရှိတယ်တဲ့။ များသောအားဖြင့် ညောင်ပင် မြင့်မြင့်လို အပင်တွေ မျိုးမှာ နားပြီး ညောင်သီးတွေကို စားလေ့ရှိ တယ်တဲ့။ ကျနော်တော့သူငယ်ချင်းပြောတဲ့ငူငှက်တွေကို မြင်ဖူးတယ်ရှိအောင် မြင်ဘူး ချင်တာပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့သစ္စာတရားတွေရယ် ဘယ် တော့မှအမှား မလုပ်ခဲ့ဘူးဆိုတာတွေကို အသက်နဲ့ရင်းပြီး ပြောပြ တတ်တာ ကိုပါ။

ပြောခဲ့တဲ့အတိုင်း ငူငှက်တွေဟာ ညောင်သီး သီးတဲ့အချိန်ဆို အုပ်စုလိုက်ကျတတ်တယ်ဆိုတာကိုပါ။
အဲ့ဒီအချိန်ဆို မြန်မာတို့ထုံးစံအတိုင်း လေးခွ(ဘတ်ခွ)ကို တောဓလေ့အရ အသတ်အဖြတ်က နည်းနည်း များများတော့ ဝါသနာထုံတတ်ကြတာကို။ ငူငှက်လေးတွေလာနားပြီဆိုရင် ညောင်ပင်အောက်ကနေ ရမ်း သမ်း ပြီး ပစ်လိုက်ရင် တစ်ကောင်မဟုတ် တစ်ကောင်တော့ထိတာပဲတဲ့။ ထိလို့ အောက်ပြုတ်ကျပြီဆိုရင် သူတို့စားထားတဲ့အစာကို ပြန်အံချပြီးမှ သေကြတာဆိုပဲ။ သဘောကတော့ ခင်ဗျားတို့စိုက်ပျိုးထားတဲ့ အသီး အနှံတွေ ငါတို့မစားထားဘူးဆိုတာ ပြဖို့ အစာတွေပြန်အံချလေ့ရှိတယ်တဲ့။

ဘယ်လောက်များ ချစ်စရာကောင်းတဲ့ငှက်လေးတွေလဲ။ မတရားတာတွေ မလုပ်ဘူး။ ငါတို့လုပ်သမျှ သူတပါး ကို မထိခိုက်ဘူး။ ငါတို့ဟာ အပြစ်ကင်းကြောင်း အစာအံချပြီးမှ သက်သေပြတတ်ကြတယ်။ ကျနော်တို့ အဲ့လောက် အပြစ်ကင်းသလား။ အမှားမလုပ်ဘူးလို့ ဘယ်လောက်ထိ သက်သေပြတတ်သလဲ။ သက်သေ ပြနိုင်သလဲ။ အမှားတွေအများကြီး လုပ်ထားတာတောင် အမှားဝန်ခံဖို့ ဝေးလို့ မမှားကြောင်း ဘူးကွယ်နေတဲ့ လောကကြီး ငူငှက်တွေများ သိရင် ဘယ်လောက်ဟားတိုက်ရယ်မောနေကြမယ် မသိဘူး။

ကျနော် ငူငှက်ကလေးတွေ စိတ်ဝင်စားတာ အဲ့ဒါကိုပါ။
အမှားကို အမှားမှန်းသိဖို့ရယ်၊
အမှားကို နောင်မမှားအောင် မလုပ်မိအောင် နေတတ်ဖို့ရယ်၊
အမှားဆိုတာ မလုပ်မိဖို့ တကယ်လိုအပ်လှပါတယ်။
အမှားကင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ။ တည်ဆောက်နိုင်ပါစေ။

အဘိဓါန်ကြည့်ပြီး ပုံတွေကို အင်တာနက်မှာ လိုက်ရှာကာ တင်လိုက်ပါတယ်။ ပြောပြတဲ့သူငယ်ချင်းကို ကျေးဇူးတင်လျက်။

Friday, February 12, 2010

အနီးဆုံး















ဝေးမှာပဲလို့ တွေးထားရင်
ဝေးသွားမှာပဲ
တွေးတာကိုက ဝေးသွားမှာလို့။

နီးမှာပဲလို့ တွေးထားရင်
နီးလာမှာပဲ
တွေးတာကိုက နီးလာမှာလို့။

သူသူ ကိုယ်ကိုယ်
ကိုယ့်ပန်းတိုင်ကို
နီးနီးလေး ထားချင်ကြတာကို။



မနက်ဖြန်ကောင်းတွေအတွက်


















မနက်ဖြန်မှာ နာမည်ကောင်းရချင်တာနဲ့
ဒီနေ့မှာ ရက်စက်ဖို့လိုသလား မိတ်ဆွေ
တကယ်တော့
လှပဖို့ဆိုတာ
မနက်ဖြန်ဆိုတာ မလိုအပ်ပါဘူး
ဒီနေ့က စပြီး
မနက်ဖြန်အတွက် လှပလိုက်ပါတော့
ပွင့်မည့် ပန်းကတော့ ပွင့်မှာပါပဲ။

မိတ်ဆွေသွားလည်း လမ်း
ရန်သူသွားလည်း လမ်း
လမ်းတော့ လမ်းတွေပါပဲ
နားလည်မှုတော့ လွဲသွားမှာပဲ မဟုတ်လား။

မနက်ဖြန်ကောင်းတွေ
လိုအပ်သေးတယ်ဆိုရင်
ဒီနေ့မှာ
သေသေချာချာ မမှားဖို့
လိုအပ်တယ်။

Sunday, January 24, 2010

မွေးနေ့နဲ့အတူ ပျော်ရွှင်ပါစေ


လူ့တစ်ယောက်မှာ သူ့အဖေ သူ့အမေ မွေးဖွားမှုကြောင့် လူ့ဘဝကို စတင်တဲ့နေ့ ကိုပဲ မွေးနေ့လို့ သတ်မှတ်ကြတာပါ။ ဘယ်သူ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မွေး နေ့ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့ မွေးနေ့ပါပဲ။ အင်္ဂါစုံညီခြင်းရှိရမှ မွေးနေ့ဟု ခေါ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘာပဲပြောပြော နေဖို့ အသက်တစ်နှစ် ဆုတ်ဖြဲပေး လိုက်ရတာပဲ မဟုတ်လား။ မပေးလို့ကလည်း မဖြစ်ဘူးလေ။ အလျော်အစားမဟုတ်ပေမယ့် ကြိုက်ကြိုက် မကြိုက်ကြိုက် ဘယ်သူဖြစ်ဖြစ် ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူဖြစ်စေ ပေးလိုက်ရတာချည်းပဲ။ အချိန်နာရီ ကို အညှိုးအတေးထားလို့ ရတာမှ မဟုတ်တာ။

ကိုယ်မသိတဲ့ အမှုမထားအရာအားလုံးဟာ ကိုယ်နဲ့မဆိုင်သလိုဘဲ နေလိုက်ကြတာချည်းပဲ မဟုတ်လား။ တစ်ခါတစ်ရံ ကိုယ်သိတဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူ ဆိုရင်တော့ ဘာပဲပြောပြော အမှတ်တရဖြစ်တတ်တာ ဖြစ်ချင်တာ အမှန်ပဲ မဟုတ်လား။ သိစေချင်လွန်းလို့ မသိမှာလည်းစိုးလို့ တနည်းနည်းနဲ့ ဖေါ်ပြတတ်တယ် လေ။ ကိုယ့်မွေးနေ့ကို မေ့ချင်ယောင် ဆောင်ထားရင်တော့ မေ့တတ်လွန်းလို့ နှစ်ခါအိပ်မက် မက်လိုက်တယ် ဖြစ်နေမလားပဲ။ ရွာကလူတွေ ပြောသလို မရှိတော့လည်း မသိသလိုပဲတဲ့။ ရှိတော့လည်း မသိသလိုပဲလား တော့ မသိပါဘူး။ ဂုဏ်မဖေါ်ချင်တာလည်း နေမှာပေါ့လေ။ တစ်ဦးအပေါ် တစ်ဦးက ဂုဏ်ယူစွာဖြင့် Happy Birthday ပြောခွင့်ရလိုက်တာကိုက တော်ရုံတန်ရုံ အခွင့်အရေးမဟုတ်ဘူးလေ။

လူတိုင်းက လာမည့်မနက်ဖြန်အတွက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာလေ။
မျှော်လင့်ခြင်းကင်းမဲ့တဲ့ဘဝကိုတော့ သူသူကိုယ်ကိုယ် ဘယ်သူမှ တပ်တပ်မက်မက်ရှိမှာတော့ မဟုတ်ဘူး ဆိုတာ သေချာတယ်။

ဘာပဲပြောပြော မွေးနေ့တစ်ခုဆိုတာတော့ လူတိုင်းမှာ ရှိတာတော့ အမှန်ပဲ မဟုတ်လား။ ကျနော့်သူငယ်ချင်းမွေးနေ့မှာတော့ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနေပါလိမ့်မယ်။

(မနေ့က ကျရောက်သွားတဲ့ ဓမ္မဂင်္ဂါမွေးနေ့သို့)




Saturday, January 23, 2010

ဟိုဘက် ဒီဘက်










 ပို့စ်အသစ်မတင်ဖြစ်တာ ၂လခွဲကျော်ကျော်လောက်ရှိပေါ့။ ခရီးသွားစရာတစ်ခုကအိမ်ပြန်အလွမ်းပြေအဖြစ်အကြောင်း သင့်ခဲ့လေရဲ့။ လွန်ခဲ့တဲ့နှစ်ဟောင်း ၂၀၀၉ အောက်တိုဘာ ၃၀ရက်နေ့မှာ မထင်မှတ်တဲ့ နောက်ပြန် ခရီးအဖြစ် အိန္ဒိယလေကြောင်းနဲ့ အမိမြေကို ပြန်ရောက် ဖြစ်တယ်။ အေးမြမြဖြစ်စပြုနေတဲ့ အိန္ဒိယမှာ တစ်ပါတ် လောက် နေခဲ့ရလို့ အပူလှိုင်းဆိုတာ မစဉ်းစားဖြစ်ခဲ့ဘူးပေါ့။ လေ ယာဉ်ပေါ်ကဆင်း အမိမြေထဲရောက်တော့ နာဂစ်ရဲ့ နောက်ဆက်တွဲက ခပ်ပြင်းပြင်းလေး ကျီစယ်နေပေါ့ တော့ တယ်။ အဲ့ဒါကတော့ နာဂစ်လှီးခုတ်သွားတဲ့ သစ်ပင်တွေနည်းနည်းသွားတာနဲ့အတူ ပါလာတဲ့ အပူဆိုတာ ပါပဲ။ တွေ့နေရတဲ့နေရာတိုင်း တစ်ခုခု လိုနေသလို ခံစားမိတော့တယ်။

သဘာဝဆိုတော့လည်း ပူတယ် အိုက်တယ်လို့ ညည်းရုံပဲ တတ်နိုင်တာကိုး။ ကျန်တာတွေကတော့ အဆို တော် လေးဖြူ သီချင်းတစ်ပုဒ်အတိုင်းပေါ့။ အရင်လိုပါပဲ။ ရောက်ပြီး သိပ်မကြာခင်မှာ ကျောင်းထဲမှာ ခိုတွေ အများကြီးတွေ့လိုက်ပါတယ်။ အသံတွေနဲ့အတူပေါ့။ ဒါလည်း အရင်လိုပါပဲ နေမှာပါပဲ။

ပြန်ရောက်စ ရန်ကုန်မှာတော့ လျှစ်စစ်မီးကတော့ ကောင်းသားပဲ။ ဆည်ထဲမှာ ရေရှိသေးလို့ထင်ပါ့။ ၂၄နာရီ အဲဗားဆိုပါတော့။ ပြန်ခါနီးတော့ ထုံးစံအတိုင်း အရင်လိုပါပဲ။

ရန်ကုန်မှာ တပါတ်လောက်နေပြီးတော့ ရွာပြန်တော့လည်း အသက်ကြီးတဲ့ဒဏ် မခံနိုင်လို့ သေသွားတဲ့ လူကြီးတွေက လွဲလို့ အရင်လိုပါပဲ။ ညပိုင်းအပန်းဖြေ ဒိုင်နမိုမီးစက်မောင်းပြီး ဗွီဒီယိုကြည့်ကောင်းကြဆဲ။ မင်းသား မင်းသမီးတွေရှိနေမှတော့ ဖျော်ဖြေရေးယန္တယားက ခေတ်မှမတုံးဘဲကိုး။ အရင်ထက်ထူးတာက ရွာရဲ့ ရှေ့နောက်ဝဲယာ မှာတော့ လျှပ်စစ်တိုင်တွေနဲ့ ကြိုးတွေက ရွာနဲ့မဆိုင်သလိုပါပဲ။
ရွာလေးရဲ့ ရာသီဥတုကလည်း သစ်ပင်နည်းသွားတာက လွဲလို့ အရင်လိုပါပဲ။

အပြန်ခရီးမှာတော့ ဖြစ်မိတဲ့ဆန္ဒလေးနဲ့ တောင်းမိတဲ့ ဆုလေးပါ။
လူတစ်ယောက် သစ်တပင်နှုံး စိုက်ကြရင်ကောင်းမှာပဲ။ အရာအားလုံး အတွက်ပါ။
တောင်းမိတဲ့ဆုကတော့ ဆောက်ထားတဲ့ဆည်တွေအားလုံး ရေ ပေါပေါလျှံလျှံနဲ့ လျှစ်စစ်မီးထုတ်ဖြစ်ပါစေ လို့လေ။ ဒါမှ ရွာလေး လျှပ်စစ်မီး ရမှာကိုး။

ဒီလိုမှမဟုတ်ရင် မဖြစ်လာရင်တော့ ဆည်အားကိုးနဲ့ လျှပ်စစ်မီးက ရေကိုမျှော်၊ ရေက မိုးကိုမျှော်၊ မိုးက သစ်ပင်တောတောင်ကိုမျှော်၊ သစ်ပင်တောတောင်က လူတွေရဲ့ သဘာဝအရင်းအမြစ် သိတတ်မှုကိုမျှော်။
ဘာတတ်နိုင်မှာလဲ မျှော်ကြပေါ့။


Sunday, October 4, 2009

ထာဝရကုသိုလ်(သို့မဟုတ်) ပြောချင်တဲ့စကား

စာတွေလည်းမတင်ဖြစ်ခဲ့တာအတော်ကြာသွားတယ်။ သံဝေဂလမ်းဆိုတဲ့ မဟာဗောဓိမြိုင်ဆရာတော့် လက်ရာကို တင်ဖို့ ကြိုးစားပေမယ့် မတင်ဖြစ်သေးဘူး။ စာဖတ်သူက ယူတတ်ရင်တော်သေးတာပေါ့။ မယူတတ်ရင် တင်ထားတဲ့စာကို ကြည့်ပြီး အကုသိုလ်ဖြစ်သွားမယ်လဲ စိုးရိမ်နေလို့ မတင်ဖြစ်သေးတာပါ။

ဒါပေမယ့် ဒီကြားထဲ ထာဝရကုသိုလ်ရဲ့အဆက်လို့ပဲ ပြောပြော အမြဲတမ်းကုသိုလ်လို့ပဲ ဆိုလို့ရတဲ့ ကုသိုလ်တစ်ခုကို လုပ်ဖြစ်လိုက်ပါတယ်။ အဲ့ဒါက ဒီအိန္ဒိယမှာရှိတဲ့ ပညာသင်နေတဲ့ရဟန်းတော်စုပြီး “အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးအဖွဲ့” ကို ၂၀၀၀ခုနှစ်မှာ ရှေးရှေး စီနီယာတွေဖွဲ့ခဲ့ကြတယ်။ အဓိကကတော့ ဘယ်နေသွားသွား မရှိမဖြစ်လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုတဲ့ အရေးသုံးမျိုးနဲ့တွေ့ကြုံတဲ့အခါ ဖြေရှင်းနိုင်ဖို့ အဖွဲ့အစည်းကိုတည်ထောင်ကြတာချည်းပါပဲ။ မြန်မာပြည်မှာ ဟိုမြို့နယ်အသင်း ဒီမြို့နယ်အသင်းဆိုပြီး ဖွဲ့သလိုမျိုးပါပဲ။ ဒီမှာလည်း ဖွဲ့ခဲ့ကြတယ်ဆိုပါ တော့။ မှတ်မိသလောက်တော့ နိုင်ငံခြားမှာ ဘယ်မှာမှ မရှိသေးတဲ့အဖွဲ့အစည်းမျိုးပါ။

ဘာလို့ဒီလိုပြောနိုင်သလဲဆိုရင် မြန်မာဆိုတာက အဖွဲ့အစည်းဆိုတာကို မခံစားတတ်တာလား သို့မဟုတ် သူတပါးဖြစ်သွားတာမနာလိုဖြစ်နေတာလား ဒါမှမဟုတ် စည်းလုံးမှုကို နေရာမရလို့ ဖွဲ့စည်းပုံ မတည်မြဲ အောင် ပတ်မကြီးဖောက်ချင်တာလားဆိုတာတွေ ရှိခဲ့တာ ရှိနေတာဆိုတော့ အဖွဲ့အစည်းတခုရဲ့ ကောင်း ကျိုးကို အများအားဖြင့် မသိကြသေးတာ အသေအချာပါပဲ။

ပြောလိုရင်းကတော့ အဖွဲ့အစည်းတခုရဲ့ လည်ပတ်နေပုံတခုပါ။ အဖွဲ့ဝင်ဖြစ်ချင်တယ်ဆိုရင် ဆိုင်ရာ ဥပဒေတွေကို သိပြီးတာနဲ့ အဖွဲ့ဝင်အသစ်ဆိုရင် ဝင်ကြေး အိန္ဒိယရူပီး ၂၀၀၊ နှစ်စဉ်ကြေး ၁၅၀ ပေါင်း ၃၅၀ထည့်ထားရင် ထာဝရကုသိုလ်ဖြစ်သွားတာပါပဲ။ နောက်နှစ်ဆိုရင် အဖွဲ့အဟောင်းတွေအတွက် နှစ်စဉ် ကြေး၁၅၀ သွင်းပေးရပါတယ်။ အဲ့ဒီ ၃၅၀ ဆိုတဲ့ရူပီးငွေဟာ အဖွဲ့ဝင်တဦးတယောက် အခန့်မသင့်လို နေမကောင်းဖြစ်ခဲ့ရင် သို့မဟုတ် ခွဲစိတ်ကုသမှုရှိခဲ့ရင် အကူအညီပေးဖို့ အတွက် ဖြစ်သွားပါတယ်။ ဒီ ကုသိုလ်တွေဟာ အိန္ဒိယမှာနေသခိုက် အဖွဲ့ဝင်သွားတဲ့ ကျောင်းပြီးသွားတဲ့သူ အားလုံးအတွက် အမြဲ တမ်းအတွက် ဇီဝိတဒါန ကုသိုလ်တွေပါ။ ပြောရရင် အဖွဲ့ဝင်တဦးရဲ့ ရာသက်ပန်ကုလိုလ်တွေပါ။ ဘယ်လောက် ကြည်နှုးစရာကောင်းလိုက်သလဲ။ အရင်ကလည်း ကျန်းမာရေးမကောင်းတဲ့အဖွဲ့ဝင်တွေရော မဖွဲ့ဝင်မဟုတ်တဲ့သူများပါ တခါက ထည့်ခဲ့တဲ့ အဖွဲ့ဝင်ကြေးတွေနဲ့ ကုလိုလ်တွေဆက်နေနိုင်ခဲ့တာဟာ ဘယ်လောက်ဝမ်းသာစရာ ကောင်းသလဲ။

နောက်တခု ချစ်စရာကောင်းတာက အဖွဲ့ဝင်တဦးတစ်ယောက် ဆေးရုံတက်နေတာကြားပြီိဆိုရင် ကိုယ့် ဌာနမှာရှိတဲ့သူတွေကို ဘယ်မှာတော့ ဘယ်သူဆေးရုံတက်နေတယ် အဲ့ဒါ တတ်နိုင်သလောက်စုပြီး လှမ်းလှူ ကြရအောင်ဆိုပြီး သီးသီးသန့်သန့် ဝိုင်းလှူကြတာကိုပါ။

ပြီးခဲ့တဲ့ 2.10.09 နေ့က ဗုဒ္ဓဂယာမှာ ကျောင်းတက်နေတဲ့အဖွဲ့တဦး အစာအိမ်အချဉ်ပေါက်ပြီး အရေးပေါ် ခွဲစိပ်ခန်း ဝင်လိုက်ရတယ်ကြားရော တခြားနေရာမှာ ရောက်နေသူတွေက ဖုံးတွေဆက် ငွေတွေစုပြီး 3.10.09 နေ့မှာ ကားငှါးပြီး လှူလိုက်ရတယ်။ တဦးတယောက်တည်းအတွက် အဖွဲ့အစည်းဆိုတာ မလိုအပ် ပေမယ့် အများအတွက်ဆိုရင် လိုအပ်လာတယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်ကို နည်းနည်း လေးနဲ့ ကျဲကျဲဝိုင်းပြီး ကူညီလိုက်နိုင်ဆိုရင် တွေးကြည့်ရင် ကုသိုလ်တွေချည်းပါပဲ။

ပြောချင်တာက ကျန်းမာရေးအတွက်ရှေးရှုပြီး အဖွဲ့အစည်းတွေ ဖွဲ့ဖို့ပါပဲ။ နောက်ဆက်တွဲ မိမိတို့ရဲ့ အဖွဲ့အစည်းအင်အားရှိသလောက် စွမ်းနိုင်ရင် စွမ်းနိုင်သလောက် ကိုယ့်နိုင်ငံကို ပြန်ပြီးတနည်းတဖုံနဲ့ ကျေးဇူး ပြုဖို့ပါပဲ။ အဖွဲ့အစည်းဆိုတာ အင်အားမညီရင် ခဏခဏကွဲတတ်လွန်းလို့ပါ။ အဖွဲ့အစည်းဟာ စဖွဲ့ကတည်း က သက်တမ်းရှည်ရင် ရှည်သလောက် ပိုပြီးတန်ဖိုးရှိတာပါ။

ထပ်ပြီး ပိုသေချာအောင် ပြောချင်ပါသေးတယ်။ အသက်ကြီးလို့ သို့မဟုတ် ငွေရှိလို့ ဒါမှမဟုတ် စည်းရုံး ရေးကောင်းလို့ဆိုတဲ့ အချက်အလက်မပါပဲ အများအတွက် ငါဘယ်လောက်လုပ်ပေး နိုင်လဲဆိုတဲ့ စိတ်ဓါတ်နဲ့ ခေါင်းဆောင်ကောင်းနေရာကို ယူစေချင်ပါတယ်။ ဒါဆိုရင် အားလုံး လှပနေမှာပါ။